Advertisement

ချင်းပြည်နယ်ကို အလည်အပတ်သွားရင် မဖြစ်မနေသွားသင့်တဲ့ ရေတံခွန်တစ်ခုရှိပါတယ်။ အဲဒီရေတံခွန်ကတော့ အဆင့် ၉ ဆင့်နဲ့ လှပစွာစီးဆင်း နေတဲ့ ဘုံတလာ ရေတံခွန် ဖြစ်ပါတယ်။ ဘုံတလာရေတံခွန်ဟာ ချင်းပြည်နယ်ရဲ့ ကျက်သရေ ဆောင် အရှည်ဆုံးရေတံခွန်ဖြစ်ပြီး မတူပီမြို့ရဲ့ မြောက်ဘက် (၁၆) မိုင်အကွာမှာ တည်ရှိပါတယ်။ ဘုံတလာရေတံခွန်ရဲ့ အမြင့်ပေဟာ ပေ ၄၅၀ဝ ရှိပြီး အဆင့်ကိုးဆင့်ရှိပါတယ်။ ဒါပေမယ့် မြင့်ပြီး ရေစီးသန်လွန်းတာကြောင့် အဆင့် လေးဆင့်အထိပဲ သွားရောက်နိုင်ပါတယ်။ မတူပီမြို့က လှမ်း ကြည့်ရင် အဆင့် ၃ ဆင့်ထိ မြင်နိုင်ပါတယ်။

ဘုံတလာဆိုတဲ့ နာမည်ဟာ မတူလူမျိုးများရဲ့ အခေါ်အဝေါ်ဖြစ်ပြီး အထက်မှ အောက်သို့ စီစီရီရီ စီးဆင်းလာခြင်းလို့  အဓိပ္ပာယ်ရပါတယ်။ မတူစကား (Bung Tla) ကို မြန်မာမှုပြုရင်းကနေ ဘုံတလာလို့ အမည်တွင်လာတာဖြစ်ပါတယ်။

အရင်က ဘုံတလာရေတံခွန်ကို သွားရောက်ဖို့ ကားလမ်း မပေါက်တာကြောင့် မတူပီမြို့ကတစ် ဆင့် နေ့ဝက်ခြေလျင်ခရီးနဲ့ သွားရောက်ရပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရေတံခွန်ဆီ သွားရောက်လည်ပတ်သူတွေ အဆင်ပြေချော မွေ့စေဖို့ နိုင်ငံတော်အစိုးရက ကားလမ်းတွေ တိုးချဲ့ခဲ့ပါတယ်။ အစိုးရက ထီစောင်းရွာအနီးအထိ ကတ္တရာလမ်းခင်းပေးခဲ့တာကြောင့် ကား၊ ဆိုင်ကယ်တွေနဲ့ (၁၂) မိုင်အထိ သွားနိုင်ပြီး ကျန်သုံးမိုင်ကိုတော့ ခြေလျင်ခရီးနဲ့ သွားလို့ရပါပြီ။

ဘုံတလာရေတံခွန်ပတ်လည် ကမ်းပါးပေါ်မှာ သဘာဝကျောက်ဆောင် ပျားအုံတွေ ရှိပါတယ်။ ညနေ နေဝင်ချိန်ဆိုရင် တောင်ပေါ်တောနက်ထဲက မျောက်အုပ်တွေ ပျားရည်လာသောက်ကြပါတယ်။ မျောက်အုပ်တွေ  အစုလိုက် ပျားရည် သောက်တာကို ဘုံတလာရေတံခွန်က လှမ်းမြင်နိုင်ပါတယ်။ ကျောက်ဆောင်ပျားတွေက မွေးမြူရေးပျားတွေထက်ကြီးပါတယ်။ ဒေသခံတွေရဲ့ မှတ်တမ်းအရ တွဲလောင်းကျနေတဲ့ ကျောက်ဆောင်ပျားအုံတွေဟာ ၂၀ဝ၀ ခုနှစ်ဝန်းကျင်က တစ်ထောင်နီးပါးရှိပေမယ့် ခုတော့ ငါးရာတောင် မပြည့်တော့ပါဘူး။

ဘုံတလာရေတံခွန်ဟာ မြန်မာနိုင်ငံနဲ့ ချင်းပြည် နယ်တို့ရဲ့ သဘာဝကြေးမုံအလှလည်းဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ရေခံမြေခံကောင်းပြီး သစ်ပင်တွေ သဘာဝအတိုင်း ကြီးထွားတာ လျင်မြန်ပါတယ်။ ဘုံတလာရေတံခွန်ကို ထိန်းသိမ်းကာကွယ်ဖို့အတွက် သစ်ပင်တွေ ထပ်စိုက်စရာမလိုဘဲ ဘုံတလာရေတံခွန်တောင်ကျရေနဲ့ သုံးမိုင်ပတ်လည်မှာ သစ်ပင်တွေခုတ်တာကို ထိန်းသိမ်းနိုင်ရင် အဆင်ပြေပါတယ်။ ဘုံတလာရေတံခွန်ရဲ့ ရေစီးသံတွေ၊ ကျောက်ဆောင်ပျားအုံတွေနဲ့ သဘာဝအလှတွေကြောင့် သွားရောက်လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။

ဦးဝေလင်း

Photo – Yin Yin Shwe,  Wiki

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here