Advertisement

အင်းလေးကန်သည် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့အနီး တည်ရှိသည်။ မြန်မာနိုင်ငံ ၏ ဒုတိယအကြီးဆုံး ရေကန်ဖြစ်ပြီး၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀ တွင်တည်ရှိသည်။ အင်းလေးကန်မှ ရေများသည် ဘီလူချောင်း (ခ) နမ့်ပတူမြစ်အတွင်းစီးဝင်သွားသည်။ အင်းလေးကန်၏ အနောက်မြောက်ဘက်တွင် ရေပူစမ်းရှိသည်။ အင်းလေးကန်တွင် စေတီပုထိုးများ၊ သဘာဝအလှတရားများ၊ ရှေးဟောင်းအမွေအနှစ်များ၊ လက်မှုပညာနှင့် နာမည်ကြီးဒေသထွက်ကုန်များ ရှိရာ မြန်မာ့နိုင်ငံအတွက် အဖိုးတန်လှသည်။

အင်းလေးကန်၏ ရေမျက်နှာပြင်အများစုတွင် ကျွန်းမျောများကို တွေ့နိုင်သည်။ အင်းလေးကန်တွင် အခြားမည်သည့်နေရာမှ မတွေ့ရသည့် သားမျိုးစိတ် ၃၅ မျိုးကို တွေ့နိုင်ပြီး ရေချိုခရုမျိုးစိတ် ၃၀ ကိုလည်း တွေ့ရသည်။ အင်းလေးကန်ကို ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဇီဝသက်ရှိနယ်မြေအဖြစ် ကမ္ဘာက ပထမဆုံး အသိအမှတ်ပြုခဲ့သည်။

သမိုင်းကြောင်း

အလောင်းစည်သူမင်းသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်တွင် ထားဝယ်သားတို့လည်း နောက်တော်ပါးကပါကြသည်။ ထားဝယ်ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသားတစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထိုအရပ်၌ အခြေချနေထိုင်ကြရန် အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်းခဲ့ရာ (တနင်္သာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူသည်ဟု ထင်ဖွယ်ရာရှိပါသည်။ ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာတွင် ဗုဒ္ဓရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူခဲ့သည်။ အင်းသားများကိုယ်၌က ၎င်းတို့အချင်းချင်း ပြောပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသားတို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်ကြသည်။

စီးပွားရေး

အင်းလေးကန်ရှိလူများကို အင်းသားဟုခေါ်ပြီး အင်းလေးကန်နှင့်ထိစပ်နေသည့် မြို့လေးမြို့ နှင့် ရွာငယ်များတွင် နေထိုင်ကြသည်။ အင်းလေးတွင် နေထိုင်သည့် ရှမ်း၊ တောင်ရိုး၊ ပအို့၊ ဓနု၊ ကယား၊ ဓနော် နှင့် ဗမာ လူမျိုးစုများကိုစုပေါင်းပြီး အင်းသားဟု ခေါ်ခြင်းဖြစ်သည်။ အင်းသားအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး လယ်ယာကိုင်းကျွန်းလုပ်ကိုင်သူများ ဖြစ်သည်။ အင်းသား အင်းသူများသည် ငါးဖမ်းလုပ်ငန်းအပြင် ကျွန်းမျောများပေါ်၌ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ အင်းသားများသည် အလွန်သန်စွမ်းပြီး ရေနက်သောနေရာများတွင် ကျွန်းမျောများပြုလုပ်ကာ စိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။ အင်းလေးထွက် အင်းသီး ခေါ် ခရမ်းချဉ်သီးမှာ အလွန်နာမည်ကြီးလှသည်။

သွားလာရေး

သွားလာရေးအတွက် လှေများ၊ မော်တော်ဘုတ်များ အသုံးပြုကြသည်။ အင်းသား တံငါသည်များ၏ ခြေထောက်ဖြင့် လှေလှော်ပြီး ငါးဖမ်းခြင်းသည် ထင်ရှားသည်။ ခြေထောက်ဖြင့် လှော်ခတ်ရခြင်းမှာ မြင့်မားသည့် ကျွန်းမျောများရှိခြင်းကြောင့် လှေတစ်စီးနှင့်တစ်စီး အလွယ် တကူ မမြင်ရသဖြင့် မတ်တပ်ရပ်ပြီး လှော်ခတ်ကြခြင်းဖြစ်သည်။ အင်းလေးကန်တွင် အမျိုးသားများက ခြေထောက်ဖြင့် လှော်ခတ်ကြ သော်လည်း အမျိုးသမီးများက လက်ဖြင့်သာ လှော်ခတ်ကြသည်။

ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်းသည် အင်းလေးကန်၏ အဓိက လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း အင်းလေးကန်ဘောင် တွင် ဟိုတယ်နှင့် Guest House များ ဖွင့်လှစ်ခဲ့သည်။ အင်းလေးကန်၏ ခရီးသွားရာသီဖြစ်သည့် သြဂုတ်လမှ အောက်တိုဘာလအတွင်း ခရီးသည်အများအပြားလာရောက်ကြသည်။ သီတင်း ကျွတ်အပြီး ကျင်းပသည့် အင်းလေး ဖောင်တော်ဦးပွဲတော်သည် အလွန်စည်ကားလှသည်။ ဖောင်တော်ဦးပွဲတော်တွင် လှေပြိုင်ပွဲ၊ အကပြိုင်ပွဲများထည့်သွင်းကျင်းပကြသည်။ အင်းလေးဒေသထွက်ကုန်များတွင် ငွေထည်၊ ချည်ထည် နှင့် ကြာသင်္ကန်းသည် အလွန်ထင်ရှားသည်။  အင်းလေးထွက်ပစ္စည်းများကို ဝယ်နိုင်သည့် ရေပေါ်ဈေးကို ပြည်တွင်းပြည်ပခရီးသွားများ အလွန်စိတ်ဝင်စားကြသည်။

အစားအစာ

အင်းလေးကန်၏ ထင်ရှားသော အစားအစာမှာ ရှမ်းထမင်းချဉ်ဖြစ်သည်။ ထို့အပြင် ဒေသထွက် ဂျူးမြစ်၊ ရှမ်းပဲပုတ် နှင့် တို့ဟူးခြောက်ကြော်တို့သည်လည်း လူကြိုက်များသည်။

သဘာဝပတ်ဝန်းကျင်

အင်းလေးကန်တွင် လူဦးရေတိုးပွားမှု၊ ခရီးသွားလုပ်ငန်းများပြားမှုနှင့် စိုက်ပျိုးမြေ တိုးချဲ့လာမှုများကြောင့် အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေခဲ့သည်။ ၁၉၃၅ ခုနှစ်မှ ၂၀၀၀ ခုနှစ် အထိ နှစ်ပေါင်း ၆၅ နှစ်အတွင်း အင်းလေးကန် ရေမျက်နှာပြင် ဧရိယာ ၃၂ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံကို အပူလှိုင်းဖြတ်သောအခါ အင်းလေးကန်၏ ရေများ အနိမ့်ဆုံးကျဆင်းခဲ့ရသည်။  ကျွန်းမျောများကို ဖယ်ရှားခြင်းနှင့် မီးရှို့ခြင်းများကြောင့် ရေပြင်ကို ညစ်ညမ်းစေခဲ့သည်။ ထို့အပြင် ဒီဇယ်အင်ဂျင်တပ် မော်တော် ဘုတ်များကြောင့် အသံဆူညံမှုကို ဖြစ်စေခဲ့သည်။ နိုင်ငံတော်အစိုးရမှ အင်းလေးကန်ပတ်ဝန်းကျင် သာယာလှပရေးအတွက် နှစ် ၃၀ စီမံကိန်းရေးဆွဲပြီး ထိန်းသိမ်းပေးလျက်ရှိပါသည်။ အင်းလေးသည် ရှမ်းပြည်နယ်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ အထူးအရေးပါသည့် ဒေသတစ်ခုဖြစ်ပြီး အစဉ်ထိန်းသိမ်းသင့်သည့် အဖိုးတန်နေရာတစ်ခုဖြစ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here