ကပ်ဆိုးကြီးပြီးသွားခဲ့ရင်… ကိုယ်မမြင်ဖူးတဲ့ကမ္ဘာသစ်တွေဆီအလည်သွားကြစို့။
မြိတ်ကျွန်းစုဟာလူသူအရောက်အပေါက်နည်းတာကြောင့်လှပတဲ့တောတောင်ရေမြေတွေကိုသဘာဝအတိုင်း မပျက်မစီးမြင်တွေ့နိုင်တဲ့ဒေသတခုပါ။
မြိတ်ကျွန်းစုကိုသွားလည်တဲ့အခါပင်လယ်ရေအောက်ကြမ်းပြင်ကိုမကြည့်ဖြစ်ခဲ့ရင် ပြီးပြည့်စုံတဲ့ခရီးစဉ်လို့ မခေါ်နိုင်ပါဘူး။ ရေငုပ်တယ်ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်တာကြောင့် ကျွမ်းကျင်စွာသင်ယူထားဖို့တော့ လိုပါတယ်။
မြိတ်ကျွန်းစုမှာရေငုပ်တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံမှာ DiveIn လို့ခေါ်တဲ့ရေငုပ်သင်တန်းဖွင့်လှစ်ထားတဲ့ Torres Lonne ကအခုလိုပြောပါတယ် “ကျနော့်အနေနဲ့ကမ္ဘာ့နေရာတော်တော်များများမှာရေငုပ်ခဲ့ဖူးတယ်။ မြိတ်ကျွန်းစုကတော့ ကျနော်ရောက်ဖူးမြင်ဖူးတဲ့အရပ်ဒေသတွေထက်ထူးခြားပါတယ်။
“ကလာရာကျွန်း (Clara Island) နားကရေပြင်မှာရေငုပ်တုန်းကပေါ့။ ၁၀မီတာအနက်လောက်လည်းရောက်ရော အရမ်းလှတဲ့ငွေရောင်ငါး (silverfish) တွေဟာအုပ်လိုက်ကြီးကူးနေတာကိုမြင်ခဲ့တယ်။ သူတို့ကိုယ်ကငွေရောင်တောက်ပနေတာပဲ။ သူတို့စက်ဝိုင်းပုံစံကူးနေရင်း အထဲမှာ laser fish တွေကိုဖမ်းနေတာလေ။ တကယ်ထူးခြားတဲ့အတွေ့အကြုံပဲ။”
ရန်ကုန်က Dive SubCulture Myanmar သင်တန်းမှာတော့ ရေငုပ်နည်းသင်တန်းတွေကို နိုင်ငံတကာအသိအမှတ်ပြုလိုင်စင်ရတဲ့အထိသင်ယူနိုင်ပါတယ်။ သူ့ဆီကအသိအမှတ်ပြုလိုင်စင်ရရင်တော့ ကမ္ဘာတဝှမ်းမှာစိတ်ကြိုက်ရေငုပ်နိုင်ပါပြီ။

Lonne တို့လိုဝါရင့်ရေငုပ်သမားတွေမှာတော့ မမေ့နိုင်စရာအမှတ်တရတွေရှိစမြဲပါ။ လူသူအရောက်အပေါက်နည်းတဲ့နေရာတွေကိုရောက်ဖူးတဲ့အတွက် ထူးထူးဆန်းဆန်းအတွေ့အကြုံတွေဟာ ပြောလို့မကုန်နိုင်အောင်ပါပဲ။
“ထိုင်းကရေပြင်တွေမှာဆိုအနားမှာအနည်းဆုံးလှေ ၆စီး၊ လူ ၂၀လောက်တော့ရှိတတ်တယ်။ မြန်မာနိုင်ငံက ကလာရာကျွန်းမှာတော့တယောက်မှကိုမရှိဘူး” Lonne ကပြောပါတယ်။
ရေငုပ်လို့အကောင်းဆုံးနေရာတွေကလူတွေနဲ့ဝေးပြီး အလွန်အကျူးငါးဖမ်းမှုနဲ့ ရေထုညစ်ညမ်းမှုမရှိတဲ့နေရာတွေပါ။
မြန်မာနိုင်ငံမှာဆိုရင်တော့ကော့သောင်းတဝိုက်ကရေငုပ်လို့အကောင်းဆုံးဖြစ်ကြောင်း ရေငုပ်သမားတွေကသတ်မှတ်ကြပါတယ်။ ဒီနေရာကကျောက်ဆောင်တွေကိုကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကကြိုးစားနေကြပါတယ်။

Boulder Bay Eco Resort ကတော့ရေငုပ်သမားတွေ၊ ပင်လယ်ဇီဝပညာရှင်တွေရဲ့အကူအညီနဲ့ ရေငုပ်လို့ကောင်းတဲ့နေရာ ၁၂ခုကိုရှာတွေ့ထားပါတယ်။ Resort ကနေ မိနစ် ၃၀လောက်လှေစီးသွားရုံနဲ့ အဲ့ဒီနေရာတွေဆီရောက်နိုင်တယ်။
“ရေငုပ်တဲ့နေရာရှာရုံသက်သက်မဟုတ်ဘဲ ရေအောက်သယံဇာတထိန်းသိမ်းရေးအစီအစဉ်တွေကိုပါ အကောင်အထည်ဖော်နေပါတယ်။ Boulder Bay Eco Resort ကကျွမ်းကျင်ပညာရှင်တွေနဲ့ သန္တာကျောက်တန်းတွေကိုထိန်းသိမ်းဖို့စီစဉ်နေပါတယ်” လို့ Boulder Bay နဲ့အလုပ်တွဲလုပ်နေတဲ့ Grigorios Ntarlantanis ကပြောတယ်။
“ပျက်စီးသွားတဲ့သန္တာကျောက်တန်းတွေနေရာမှာအသစ်ပြန်လည်အစားထိုးဖို့ ကျွန်းအနီးနေရာ ၃နေရာမှာ သန္တာကျောက်တန်းအသစ်တွေပျိုးထားပါတယ်။ ဒီလိုသန္တာကျောက်တန်းအသစ်တွေဖန်တီးဖို့ ငါးဖမ်းကိရိယာတွေကိုပြန်လည်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုသုံးတယ်။”
Lonne ကတော့မြန်မာနိုင်ငံဟာတိမ်မြုပ်နေတဲ့အလှအပတွေရှိရာအရပ်ဖြစ်တာမို့ အခွင့်အရေးရတာနဲ့ ရေအောက်ကမ္ဘာကိုလေ့လာစူးစမ်းဖို့တိုက်တွန်းလိုက်ပါတယ်။
Mary Banfield ရေးသားသော Learn Scuba Diving In Yangon: Discover The Undiscovered Mergui Archipelago ဆောင်းပါးအားမြန်မာဘာသာဖြင့်ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။
Photo credit: Dive SubCulture Myanmar