ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ထိပ်တန်းခေါင်းဆောင်တွေလို့ပြောလိုက်ရင် အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားတဲ့ယောကျ်ားတွေကိုသာမြင်လေ့ရှိပါတယ်။ KBZ Bank (ကမ္ဘောဇဘဏ်) ရဲ့ Deputy Chief Executive Director ဖြစ်သူမနန်းလိုင်းခမ်းကတော့ ဒီပုံသေကားကျသတ်မှတ်ချက်တွေကနေ ကွဲထွက်သူပါ။ ငယ်ရွယ်ပြီးရိုးရိုးရှင်းရှင်းနေထိုင်ပြောဆိုတတ်သူမနန်းလိုင်းခမ်းဟာ မြန်မာ့အကြီးဆုံးဘဏ္ဍာရေးလုပ်ငန်းကြီးရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ပါတယ်။
မနန်းလိုင်းခမ်းရဲ့အထင်ရှားဆုံးဝိသေသလက္ခဏာက နုပျိုလှပမှုဆိုတာထက် ရိုးသားပွင့်လင်းမှုလို့ပြောရမယ်။ ရိုးရိုးရှင်းရှင်းနဲ့သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေကိုဝတ်ဆင်လေ့ရှိပြီး စကားပြောတဲ့အခါ ပြူငှာယဉ်ကျေးတဲ့မနန်းလိုင်းခမ်းဟာဗဟုသုတကြွယ်ဝသူလည်းဖြစ်ပါတယ်။ ကျမတို့စကားပြောကြည့်တော့ မနန်းလိုင်းခမ်းဟာ digital payments ကနေ cold brew coffee ဖျော်စပ်နည်းအထိသိမြင်နှံ့စပ်တာကို တွေ့ရတယ်။
“ကျမကသိုသိုသိပ်သိပ်နေတတ်ပေမယ့် introvert တယောက်တော့လည်းမဟုတ်ဘူးရှင့်” လို့ပြောတယ်။ အောင်မြင်ကျော်ကြားတဲ့မိသားစုကဆင်းသက်လာသူဖြစ်ပေမယ့် လူကြားထဲစကားပြောဖို့ကိုတော့ မဝံ့မရဲဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၄ခုနှစ်မှာကမ္ဘာတလွှားကထွန်းသစ်စအမျိုးသမီးခေါင်းဆောင်တွေနဲ့အတူ သီတင်းပတ် ၄ပတ်ကြာမြင့်တဲ့ U.S. Department of State Global Women’s Mentoring Partnership Program ကိုတက်ရောက်ခဲ့ပြီးမှ လူကြားထဲဟောပြောရဲတဲ့ယုံကြည်မှုရလာတာပါ။
KBZ ရဲ့ လူမှုအကျိုးပြု (Corporate Social Responsibility-CSR) လုပ်ငန်းတွေကနေတဆင့်ပြည်သူတွေရဲ့ဘဝတိုးတက်ဖို့ ထောက်ပံ့ကူညီလျက်ရှိပြီး မိသားစုပိုင်ဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပါတယ်။ ၂၀၁၆ခုနှစ်ကျမှသာ မနန်းလိုင်ခမ်းဟာ စီးပွားရေးလုပ်ငန်းကိုအဓိကအာရုံစိုက်လုပ်ကိုင်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ KBZ ဟာမိသားစုပိုင်လုပ်ငန်းကနေ ပရော်ဖက်ရှင်နယ်လုပ်ငန်းအဖြစ်ကူးပြောင်းတဲ့အချိန်လည်းဖြစ်ပါတယ်။ ညီမဖြစ်သူ နန်းခမ်းနောင့်နဲ့အတူ KBZ ရဲ့ဝန်ထမ်းတွေအဖြစ်စတင်အလုပ်လုပ်ခဲ့ပါတယ်။
မြန်မာကိုကမ္ဘာကအသိအမှတ်ပြုလာရမယ်ဆိုတဲ့ရည်ရွယ်ချက်ဟာ မနန်းတို့မိသားစုရဲ့အဓိကမောင်းနှင်အား ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ၂၀၁၁ခုနှစ်မှာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွေစတင်လာတော့ ဒီရည်ရွယ်ချက်ကပိုပြီးပီပြင်လာပါတယ်။ ဒါကိုအကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့လိုပြီး ရုံးမှာထိုင်နေရုံနဲ့ဖြစ်လာမှာမဟုတ်ဘူးလို့ မနန်းကဆိုပါတယ်။
လုပ်ငန်းခွင်အတွင်းသာတူညီမျှရေး
အလုပ်ခွင်မှာလိင်ခွဲခြားမှုမရှိစေဖို့၊ မသန်စွမ်းသူတွေလည်းအလုပ်လုပ်ခွင့်ရစေဖို့ မနန်းကကြိုးစားခဲ့ပါတယ်။
“ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစဆွေးနွေးတော့ ဒါတွေဟာ NGO နဲ့အစိုးရကလုပ်ရမယ့်အလုပ်တွေလို့ တချို့ကထင်ကြတယ်။ ဒါပေမယ့်ပုဂ္ဂလိကကဏ္ဍမှာအလုပ်အကိုင်အခွင့်အလမ်းအများကြီးရှိနေတယ်လေ။ လူတိုင်းအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးမယ်၊ အမျိုးသမီးတွေကိုခေါင်းဆောင်မှုအခွင့်အရေးတွေပေးမယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍကိုမေ့ထားလို့မရဘူး။
“မြန်မာနိုင်ငံကအလုပ်ခွင်တွေမှာဒီပြဿနာဟာနည်းနည်းရှုပ်ထွေးတယ်။ ဘဏ်လုပ်ငန်းနဲ့လက်လီစီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသားနဲ့အမျိုးသမီးဝန်ထမ်းတွေကြား လစာကွာခြားမှုမရှိပေမယ့် ခေါင်းဆောင်ပိုင်းရာထူးတွေမှာတော့ အမျိုးသမီးတွေအရမ်းနည်းပါတယ်။ ကမ္ဘောဇဘဏ်မှာဆိုရင် ဘဏ်ခွဲမန်နေဂျာ ၆၀ရာခိုင်နှုန်းကျော်ကအမျိုးသမီးတွေ။ ဒါပေမယ့်ထိပ်ပိုင်းရောက်လာလေလေ အမျိုးသမီးတွေနည်းလာလေလေပဲ။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍမှာအဓိကပြောင်းလဲမှုတွေလုပ်ရမယ်။ NGO ကပညာရှင်တွေနဲ့ပူးပေါင်းလုပ်ကိုင်ဖို့လည်းလိုပါတယ်။ စကားတွေပြောနေရုံနဲ့မပြီးသေးဘူး မူဝါဒတွေလည်းချမှတ်ရမှာပါ။”
ရှေ့တန်းကအမျိုးသမီးတယောက်ရဲ့အမျှော်အမြင်များ
အမျိုးသားတွေလွှမ်းမိုးထားတဲ့လုပ်ငန်းတခုမှာလုပ်ကိုင်နေရပေမယ့် မနန်းဟာစိုးရိမ်တွေဝေခြင်းမရှိခဲ့ပါဘူး။ သူမရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးအခုလိုပြောပြတယ်။
“တခါတလေပွဲတွေတက်တဲ့အခါ ကျမကိုပြည်သူ့ဆက်ဆံရေးပိုင်းကလို့ထင်ပြီး ခန်းမရဲ့အနောက်ဘက်မှာနေရာပေးတတ်ကြတယ်။ ဒါကအမျိုးသမီးတွေကိုဆိုရင် stereotype လုပ်တတ်ကြတဲ့ဥပမာတခုကိုကျမအနေနဲ့ပြောပြတာပါ။ အသက်မွေးဝမ်းကြောင်းမှုနဲ့ဆိုင်တဲ့ကိုယ်ပိုင်ရွေးချယ်မှုတိုင်းကို ကျမကတန်ဖိုးထားလေးစားပါတယ်။ အမျိုးသမီးတွေဆိုရင်ကော်ပိုရိတ်လုပ်ငန်း ဒါမှမဟုတ် တခြားလုပ်ငန်းလုပ်တဲ့သူဆိုတာထက် အခုလိုပုံသေတွေးယူတတ်ကြတာနဲ့ပတ်သက်ပြီးကြုံတွေ့ရတာကိုပြောပြတာပါ။
”ပြီးတော့မိန်းမဆိုရင်အချိန်တန်အိမ်ထောင်ပြု ကလေးယူရမယ်လို့ဖိအားပေးတတ်ကြတဲ့သူတွေလည်းရှိတယ်။ ဘယ်အရွယ်ရောက်ရင် ဘာလုပ်သင့်တယ်ဆိုတဲ့အယူအဆက အခုခေတ်မှာမလိုအပ်တော့ဘူးလို့ ကျမကတော့မြင်တယ်။ ကိုယ့်အလုပ်မှာအောင်မြင်အောင်ကြိုးစားပြီးမှ အိမ်ထောင်သားမွေးအလုပ်လုပ်လို့ရတာပဲလေ။ တခုရယူဖို့ တခုကိုစွန့်လွှတ်ရမယ့်ခေတ်မှမဟုတ်တော့တာ။”
အောင်မြင်ဖို့ကြိုးစားနေတဲ့အမျိုးသမီးတွေအတွက်ဘယ်လိုအကြံမျိုးပေးချင်ပါသလဲလို့မေးတော့ “အခွင့်အရေးတခုခုပေါ်လာတာနဲ့ရအောင်ယူဖို့ကြိုးစားပါ၊ ဆင်ခြေတွေမပေးပါနဲ့” လို့ပြောပါတယ်။
ပညာရေးနှင့်ဒီဂျစ်တယ်ခေတ်

အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်ခြင်း၊ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့အမြင်ရှိခြင်းဆိုတဲ့ အချက်တွေကိုကြည့်တာနဲ့ သူမမှာနိုင်ငံရပ်ခြားမှာနေဖူးတဲ့အတွေ့အကြုံရှိကြောင်းသိနိုင်ပါတယ်။ မနန်းဟာအသက် ၁၄နှစ်မှာ စင်ကာပူမှာဘော်ဒါဆောင်နေရင်းပညာသင်ခဲ့ဖူးတယ်။ ဒီအတွေ့အကြုံကြောင့် သူမဟာအမှီအခိုကင်းကင်းနေတတ်သူဖြစ်လာပြီး လူတွေရဲ့စိတ်နေသဘောထားတွေကိုလည်း နားလည်ခံစားနိုင်သူဖြစ်လာပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအမျိုးမျိုးကြားမှာရှင်သန်နေထိုင်ရင်း တဘက်သားရဲ့အတွေးအခေါ်ကိုနားလည်ပေးနိုင်စွမ်းရှိလာတယ်။
မိဘတွေကကျောင်းဆရာတွေဖြစ်တဲ့အတွက် မနန်းနဲ့ ညီမဖြစ်သူမနန်းခမ်းနောင့်ဟာပညာရေးကိုလည်းစိတ်ဝင်စားပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ မနန်းရဲ့အမျှော်အမြင်ဟာ ခေတ်မီတယ်လို့ပြောရမယ်။ သူမဟာသမားရိုးကျပညာရေးထက် ဘက်ပေါင်းစုံနံှ့စပ်အောင်သင်ယူလေ့လာတဲ့ပညာရေးကို အားပေးထောက်ခံသူပါ။
“ကိုယ်ဘာဖြစ်ချင်သလဲဆိုတာသိထားရမယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုဘယ်လိုသွားမလဲ၊ ရလာသမျှအခွင့်အရေးတွေကိုကောင်းကောင်းအသုံးချရင်းကိုယ့်ဘဝတိုးတက်အောင်ဘယ်လိုလုပ်ရမလဲ သင်ယူဖို့လိုပါတယ်။”
သူမရဲ့ငယ်ဘဝနဲ့ပတ်သက်ပြီး “ကျမကအစ်မအကြီးဆုံးဆိုတော့ မိဘတွေကအရမ်းမျှော်လင့်ထားတာလေ။ စည်းကမ်းလည်းကြီးတယ်။ ကျမကိုစိုးရိမ်တာလည်းပါတာပေါ့” လို့ပြောပါတယ်။
မနန်းဟာညီမတွေအတွက် စံပြဖြစ်အောင်နေထိုင်ခဲ့ပါတယ်။ မနန်းငယ်ငယ်ကသူမရဲ့ဖခင်ဟာ ရှမ်းပြည်မှာကျောင်းဆရာအဖြစ်အသက်မွေးနေပြီး မိသားစုစီးပွားလုပ်ငန်းကလည်း အခုလောက်အရွယ်အစားမကြီးသေးပါဘူး။ မိဘတွေအလုပ်သွားရင် သူမကိုသူငယ်ချင်းတယောက်ယောက်ရဲ့အိမ်မှာအပ်ထားလေ့ရှိပါတယ်။
“ကျမငယ်ငယ်ကအဖေဟာကျောင်းဆရာဘဝကနေ အရောင်းအဝယ်ပြောင်းလုပ်တယ်။ တောင်ကြီးကိုပြောင်းတော့မိတ်ဆွေတယောက်ရဲ့အိမ်မှာနေရင်းစီးပွားရေးလုပ်ပါတယ်။ ပြီးတော့သူ့သူငယ်ချင်းတွေနဲ့အတူ ကျောက်တွင်းတတွင်းကိုလေလံဆွဲပြီးလုပ်ငန်းစတင်နိုင်ခဲ့ပါတယ်။ လူအများထင်သလိုကျမတို့ကချမ်းသာတဲ့အသိုင်းအဝိုင်းကလာတာမဟုတ်ပါဘူး။”
မနန်းတို့မိသားစုဟာပြည်သူတွေကိုကျန်းမာရေး၊ ပညာရေး၊ ဘဏ်လုပ်ငန်းတို့ကအကျိုးကျေးဇူးတွေကို အောင်အောင်မြင်မြင်ဆောင်ကျဉ်းပေးလျက်ရှိပြီး စည်းလုံးတဲ့မိသားစုလည်းဖြစ်ပါတယ်။ နေ့တိုင်းထမင်း ၂ကြိမ်လက်ဆုံစားလေ့ရှိပြီး တယောက်နဲ့တယောက်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ ညီမဖြစ်သူ မနန်းခမ်းနောင့်ကမနန်းရဲ့လုပ်ဖော်ကိုင်ဘက်လို့လည်း ပြောလို့ရပါတယ်။
“ကျမနဲ့ကျမညီမကအပြန်အလှန်ဖေးမကြပေမယ့် ကွဲပြားတဲ့အမြင်ရှိတယ်။ ဒါကြောင့်တယောက်ကတခုခုလုပ်လိုက်တိုင်း နောက်တယောက်ကသူ့ကိုယ်ပိုင်အမြင်နဲ့ဝေဖန်သုံးသပ်တယ်။ ဒါပေမယ့်ကျမတို့လုပ်ငန်းနဲ့ပတ်သက်လာရင်တော့ရည်ရွယ်ချက်ကတခုတည်းပါပဲ။ ကျမတို့ ၂ယောက်လုံး အစားအသောက်ကောင်းကောင်းစားရတာ အားကစားလုပ်ရတာကိုနှစ်သက်တယ်။ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းအတူတူတွေ့ကြစကားပြောကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ပိုင်အချိန်မှာတော့ ကိုယ်ဝါသနာပါရာကိုလုပ်လေ့ရှိပါတယ်။
“ကျမမိဘတွေကအမြင်ကျယ်တယ်လို့ပြောရမယ်။ သူတို့ ၂ယောက်လုံးကဆရာဆရာမတွေဖြစ်သလို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေလည်းဖြစ်ကြတယ်။ အရင်ကတော့ရှေးရိုးအတိုင်းနေပေမယ့် ကျမတို့ကိုသူတို့ထက်ပိုပြီးတတ်သိနားလည်စေချင်ကြတယ်။ ကျမတို့တတ်ထားတာတွေကနေ သူတို့ကပြန်လေ့လာတယ်။ အမေဆို စင်ကာပူနဲ့သြစတြေးလျကအတွေ့အကြုံတွေအကြောင်း ကျမကိုအမြဲမေးလေ့ရှိတယ်။ လေ့လာစူးစမ်းချင်စိတ်ကအမြဲရှိပေမယ့် သူတို့ခေတ်တုန်းက အခုလောက်နိုင်ငံတကာနဲ့ရင်းနှီးဖို့မလွယ်ဘူးလေ။ အမေဟာအသစ်အဆန်းတွေကိုအမြဲလေ့လာတယ်။ ဒီဂျစ်တယ်နည်းပညာသစ်တွေကိုလည်းသုံးဖို့စိတ်ဝင်စားတယ်။ Emoji ဘယ်လိုသုံးရမလဲဆိုတာတောင် စိတ်ဝင်တစားမေးလေ့ရှိပါတယ်” လို့မနန်းကပြုံးရင်းပြောပါတယ်။
ကမ္ဘောဇဘဏ်ဟာရာနှုန်းပြည့်ဒီဂျစ်တယ်နည်းပညာနဲ့ချိတ်ဆက်ပြီးဝန်ဆောင်မှုတွေပေးဖို့မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ကိုယ်ရေးအချက်အလက်လုံခြုံမှု၊ ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေသုံးစွဲမှုတွေကိုအာမခံနိုင်ဖို့ ဒီဂျစ်တယ်ပညာရေးကအရေးကြီးကြောင်း မနန်းကဆိုတယ်။
“လူတွေလွတ်လပ်စွာရွေးချယ်နေထိုင်ခွင့်ရဖို့ဆိုရင် သူတို့ဟာငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအမှီအခိုကင်းဖို့ လိုပါတယ်။ သူတို့ရဲ့ငွေကြေးကိုအလွယ်တကူစီမံခန့်ခွဲနိုင်စွမ်းရှိရမယ်။ ဒါကို ဒီဂျစ်တယ်နည်းပညာက အများကြီးအကူအညီပေးနိုင်ပါတယ်။”
လူတယောက်ဖတ်သောစာအုပ်မှတဆင့် ထိုသူ၏အကြောင်းသိနိုင်သည်

သူမရဲ့အတွေးအခေါ်တွေကိုနားထောင်ရင်း သူမလက်ရှိဖတ်နေတဲ့စာအုပ်တွေအကြောင်းသိချင်လာတာနဲ့ မေးကြည့်တော့ Yuval Noah Harari ရေးတဲ့ Sapiens: A Brief History of Humankind၊ 21 Lessons for the 21st Century နဲ့ Homo Deus တို့ဖတ်နေကြောင်းပြောပါတယ်။
“ကျမကအဲ့ဒီလိုစာအုပ်တွေကြိုက်တယ်ရှင့်။ ဘဝဖြတ်သန်းမှုနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းဖတ်ပါတယ်။ ဥပမာ Michelle Obama ရဲ့ Becoming လိုပေါ့။ သူ့ဘဝကစိတ်ဝင်စားစရာကောင်းတယ်။”
“ကျမကလူတွေရဲ့ဖြတ်သန်းမှုကိုစိတ်ဝင်စားတယ်။ သူတို့ရဲ့ကြိုးစားမှု၊ ဘဝအိပ်မက်စသဖြင့်ပေါ့။ Michelle Obama ဆိုရင်သူ့ရဲ့ငယ်ဘဝ၊ သူ့ခင်ပွန်းနဲ့တွေ့ခဲ့ပုံ၊ သမ္မတကတော်ဖြစ်လာပုံ အားလုံးကိုရေးထားတယ်။ သူဟာခင်ပွန်းသည်ကိုအားပေးကူညီရင်း အမှီအခိုကင်းစွာလည်းနေထိုင်နိုင်စွမ်းရှိတယ်။ သြဇာကြီးတဲ့အမျိုးသမီးခေါင်းဆောင်တယောက်ဖြစ်သလို စံထားရမယ့်သူတယောက်လည်းဖြစ်ပါတယ်။”
Laura Jane Fraser နဲ့ Nora Pouillon ရေးတဲ့ My Organic Life: How a Pioneering Chef Helped Shape the Way We Eat Today ဆိုတဲ့စာအုပ်ကိုလည်းဖတ်နေကြောင်းပြောပါတယ်။ ဒီစာအုပ်ဟာ Washington DC ရဲ့ပထမဆုံး organic စားသောက်ဆိုင်ကိုဖွင့်လှစ်ခဲ့တဲ့အမျိုးသမီးအကြောင်းပါ။ စိတ်အားထက်သန်တဲ့သူတွေဟာဘယ်လိုတွန်းအားတွေကြောင့်အောင်မြင်မှုရလာတာလဲဆိုတာ စိတ်ဝင်စားတယ်လို့သူမကဆိုတယ်။
“ဒီစာအုပ်ကအနာဂတ်နဲ့ပတ်သက်တဲ့အတွေးတွေအများကြီးပေးပါတယ်။ ဒီအနာဂတ်မှာ ငါဘယ်လိုပါဝင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားမိစေတယ်။
“ကျမဘယ်ကိုပဲခရီးထွက်ထွက် ဟင်းချက်နည်းသင်တန်းတခုခုတက်ဖို့ ခရီးစဉ်မှာထည့်သွင်းရေးဆွဲလေ့ရှိတယ်။ ကျမကဟင်းမချက်တတ်တော့ သင်ပြီးမေ့သွားတော့တာပဲ။ ဒါပေမယ့်ဟင်းချက်ရတဲ့အတွေ့အကြုံကိုသဘောကျတယ်။ အစားအစာတွေကိုကြည့်ပြီးလူတွေရဲ့အကြောင်းအများကြီးသိနိုင်တယ်။
“ဗီယက်နမ်၊ အမ်စတာဒမ်၊ အီတလီ၊ ဘာစီလိုနာ၊ တရုတ်… ကျမရောက်ဖူးတဲ့နေရာတိုင်းမှာ ဟင်းချက်သင်လေ့ရှိတယ်။ ကျမသာစီးပွားရေးမလုပ်ဖြစ်ရင် ခရီးသွားစာရေးဆရာဖြစ်လာမယ်ထင်တယ်။”
သူမအကြိုက်ဆုံးအစားအသောက်တွေအကြောင်းမေးကြည့်တဲ့အခါမှာတော့ မြန်မာ့ရိုးရာအစားအစာတွေအကြောင်းပြောပြပါတော့တယ်။
“မနက်တိုင်းမုန့်ဟင်းခါးစားတယ်ရှင့်။”
မနန်းရဲ့ဖခင်ဟာ ခရီးအထွက်များသူဖြစ်ပြီး ရှမ်းပြည်နယ်ကိုခဏခဏသွားလေ့ရှိပါတယ်။ မနက်ဘက်အိမ်ပြန်လာတိုင်း မြန်မာစားသောက်ဆိုင်တွေကနေ မုန့်ဟင်းခါးဝယ်လာလေ့ရှိကြောင်း ပြောပါတယ်။
သူမရဲ့ဆရာတဦးဖြစ်တဲ့ Sam’s Club ရဲ့ CEO Rosaline Brewer ဟာ ဘာပဲလုပ်လုပ်တပါးသူအပေါ် မေတ္တာထားဆက်ဆံပါလို့ စကားလက်ဆောင်ပေးခဲ့ကြောင်းပြောပါတယ်။
“သူဟာအရမ်းသိမ်မွေ့တဲ့ခေါင်းဆောင်တယောက်ပါ။ သူ့ကိုမတွေ့ခင်အထိ CEO ဆိုရင်ကိုယ့်ကိုယ်ကိုယ်အရမ်းယုံကြည်မှုရှိပြီး သူတို့ဘာပြောရမလဲသေချာသိတဲ့သူတွေလို့ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် Brewer ကလူအများရှေ့မှာစကားပြောတာဘယ်လောက်အရေးကြီးကြောင်း၊ အထူးသဖြင့်အင်တာဗျူးတခုမဖြေခင်အများကြီးပြင်ဆင်ထားဖို့လိုကြောင်း သင်ပေးခဲ့ပါတယ်” လို့ပြောရင်း သူမရှေ့က လက်ဘက်ရည်ကြမ်းခွက်ကိုဖြည်းဖြည်းစီသောက်လိုက်ပါတယ်။
(ဇန်နဝါရီလထုတ် MYANMORE Magazine တွင်ပါဝင်ခဲ့သည့် Mariana de Heredia ၏အင်္ဂလိပ်ဘာသာဖြင့်မေးမြန်ရေးသားထားသောဆောင်းပါးအား မြန်မာဘာသာသို့ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။)
Photo: Gerhard Joren