Advertisement

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းတံတားတွေထဲမှာ ဂုတ်ထိပ်တံတားက နာမည်ကြီးပါတယ်။ လျှိုကို ဖြတ်ဖောက်ထားပြီး ရထားနဲ့ငြိမ့်ငြိမ့်လေး သွားရတဲ့ ဂုတ်ထိပ်ခရီးက ပျော်ဖို့ကောင်းပါတယ်။ ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်အနောက်ပိုင်း နောင်ချိုမြို့အနီးမှာတည်ရှိပါတယ်။ တံတားဆိုရင် မြန်မာနိုင်ငံမှာ မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတားများပေမယ့် လျှိုကြီးကိုဖြတ်ပြီး ဆောက်ထားတဲ့တံတားကတော့ ဂုတ်ထိပ်တံတားပဲရှိပါတယ်။

မြင်းခုံးသဏ္ဌာန် ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်အနောက်မြောက်ပိုင်းမှာရှိပြီး ပြင်ဦးလွင်နဲ့ လားရှိုးမြို့အကြားမှာ တည်ရှိပါတယ်။ မြန်မာပြည်မှာ အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့မြင်းခုံးမီးရထား တံတားတွေအနက် အဲဒီအချိန်က အကြီးဆုံးဖြစ်ခဲ့တဲ့ ဂုတ်ထိပ်တံတားကို ဗြိတိသျှအင်ပါယာရဲ့ ထုတ်ကုန်တွေ ဖြန့်ဖြူးဖို့ရည်ရွယ်ချက်နဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လားရှိုးဖက်ကနေ မီးရထားစီးလာရင် တံတားကိုရောက်ခါနီး မီတာ ၁၀၀ လောက် ကျောက်သားကိုဖောက်လုပ်ထားတဲ့ ဥမင်ကို ဖြတ်သန်းရပါမယ်။ ပြီးရင်တော့ တံတားကြီးပေါ်ကနေ အသည်းတယားယားနဲ့ မီးရထားဟာ ခုတ်မောင်းပါလိမ့်မယ်။

ဂုတ်ထိပ် (Gok Teik) တံတားရှိတဲ့ ဂုတ်ထိပ်မြို့လေးဟာ မန္တလေးကနေ ၇၆ မိုင် လောက်ဝေးတဲ့ ပြင်ဦးလွင်အကျော် နောင်ချိုမြို့ကနေ ကား. ဆိုင်ကယ် စသဖြင့် သွားနိုင်ပါတယ်။ နောင်ချိုမြို့အဝင် လမ်း ၃ ခွစုံမှာ ပြင်ဦးလွင်ဖက်ကလာရင် ညာဖက်ကို သွားရမှာဖြစ်ပြီး မြို့မဈေးကြီးရဲ့ ဘေးကပ်လျက်လမ်း(နောင်ချို-တောင်ကြီးကားလမ်း) အတိုင်း သွားရပါတယ်။ ရှမ်းအခေါ် ငုပ်ထိပ်ကနေ ဂုတ်ထိပ်ဖြစ်လာတာလို့ ရှေးလူကြီး တွေက ပြောပါတယ်။

ဂုတ်ထိပ်တံတားကြီးကို အမေရိကန် Pennsyl-vania and Maryland Bridge Construction က ၁၈၉၉ ခုနှစ်မှာ ဦးစီး တည်ဆောက်ခဲ့ပါတယ်။ တံတားကြီးရဲ့ အစိတ်အပိုင်းတွေကို Pennsyl-vania စတီး ကုမ္ပဏီက တပ်ဆင်ပြီး ကျန်အစိတ်အပိုင်းတွေကို အမေရိကန်ကနေ သင်္ဘောနဲ့တင်ပြီး တည်ဆောက်ခဲ့တာပါ။ ၁၈၉၉ ခုနှစ်မှာစဆောက်ပြီး တစ်နှစ်အတွင်း ပြီးစီးခဲ့ပါတယ်။ ဒီစီမံကိန်းကို ကြီးကြပ်သူကတော့ Burma Railroad ကုမ္ပဏီ အင်ဂျင်နီယာ Sir Arthur Rendel ဖြစ်ပါတယ်။ ခုဆိုရင် ဂုတ်ထိပ်တံတားကြီးရဲ့ သက်တမ်း နှစ် ၁၂၀ ရှိပါပြီ။ ဒုတိယကမ္ဘာစစ်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပေမယ့် တိုင်တွေ ကျန်ခဲ့တာကြောင့် ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။

ဂုတ်ထိပ်တံတားအရှည် ၂၂၆၀ပေ ရှိပြီး သံမဏိတိုင်ကြီး ၁၆ ခုနဲ့ ခက်ခက်ခဲခဲတည်ဆောက် ထားတာဖြစ်ပါတယ်။ သံတိုင်တွေဟာ ၁၂ ၃၉ပေ ရှိပြီး နှစ်ဆင့်တိုင်ကြီးကတော့  ၇၉ပေ ရှိပါတယ်။ သံမှိုပေါင်း ၁၀ သန်းနဲ့တပ်ဆင်ထားတာဖြစ်ပါတယ်။ မြေအောက် Foundation ကနေဆို အမြင့်ဟာ ပေ၈၂၀ ရှိပေမယ့် မြေပြင်က တကယ့်မြင်ရမယ့်အမြင့်ပေကတော့ ၃၃၅ပေ ရှိပါတယ်။ တံတားကြီးအတွက်ကုန်ကျငွေကတော့ အဲဒီအချိန်တုန်းက စတာလင်ပေါင် ၁၁၁၂၀၀ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါ ဂုတ်ထိပ်တံတားကို နိုင်ငံခြားကုမ္ပဏီတွေ ငှားရမ်းပြီး ပြင်ဖို့စီစဉ်ခဲ့ပေမယ့် တင်ဒါဈေးကြီးလို့ မပြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ မီးရထားဌာနကပဲ ဦးစီး ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်တဲ့လုပ်ငန်းကို ၁၉၄၈  မေလမှာ စတင်ခဲ့ပါတယ်။ ပစ္စည်းရှားပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ၁၉၅၁ ဩဂုတ်လရောက်မှ ပြီးစီးခဲ့ပါတယ်။ ဂုတ်ထိပ်တံတားကြီးဟာ ကိုလိုနီခေတ်က တံတားဖြစ်ပေမယ့် နိုင်ငံတကာစံ၊ နိုင်ငံတကာ ပစ္စည်းတွေသုံးပြီး စနစ်တကျတည်ဆောက်ခဲ့တဲ့ ရှေးဟောင်းတံတားကြီးဖြစ်ပါတယ်။

ဦးဝေလင်း

Ref – Britainica, စွယ်စုံကျမ်း

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here