ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ပလာတာဆိုတာ အိန္ဒိယအစားအစာ Parata (ပရာတာ) က ဆင်းသက်လာတာဖြစ်ပါတယ်။ Parat နဲ့ atta ပေါင်းပြီး Parata (အလွှာပေါင်းများစွာပါတဲ့ အစားအစာ) လို့ခေါ်ပါတယ်။ ပလာတာကို အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မော်လ်ဒိုက်နဲ့ နီပေါနိုင်ငံတွေမှာ အဓိကစားသုံးကြပါတယ်။ နိုင်ငံအလိုက်အခေါ်အဝေါ် ကွာခြားမှုတော့ ရှိပါတယ်။
သမိုင်း
ပလာတာကို အစောဆုံးမှတ်တမ်းတွေအရ အေဒီ ၁၀၀၀-၁၀၅၀ ပန်ဂျက်ပြည်နယ်မှာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ တချို့ကတော့ အိန္ဒိယမြောက်ပိုင်းနဲ့ ပန်ချာဘီနယ်က အစားအစာလို့ ပြောကြပါတယ်။ ပန်ဂျက်ပြည်နယ်က ပလာတာတွေက ပလာတာအလွတ် တွေဖြစ်ပါတယ်။ ၁၉၄၇ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ခြမ်းကွဲပြီးမှ ပလာတာစားသုံးမှု ယဉ်ကျေးမှုကြီးထွားလာတယ်လို့ ပြောပါတယ်။
ပြုလုပ်ပုံ
ပလာတာကို ဂျုံနဲ့ပြုလုပ်ရပြီး အလွယ်တကူပြုလုပ်နိုင်တဲ့အစားအစာဖြစ်ပါတယ်။ ပလာတာထဲမှာ ပါဝင်တဲ့ အမျိုးအစားတွေက ဂျုံ၊ ဆား၊ သကြား၊ ရေနွေး၊ ဆီ နဲ့ မုန့်လုပ်ဆိုဒါဖြစ်ပါတယ်။ ပထမဦးစွာ ဂျုံမှုန့်ထဲကို သကြားအနည်းငယ်၊ ဆားအနည်း၊ ဆိုဒါအနည်းငယ်ထည့်ပါ။ မွှေထားတဲ့ဂျုံထဲကို ရေနွေးနည်းနည်း၊ ဆီနည်းနည်းထည့်ပြီး သမအောင်နယ်ပါ။ ဂျုံပျော့လာရင် ရေစိုဝတ်နဲ့ ဆယ်မိနစ်အုပ်ထားပေးပါ။ ဆယ်မိနစ်ပြည့်ရင် ကျန်ဆီတစ်ဝက်ကိုထည့်ပြီး မိနစ် ၂၀ နှပ်ပါ။ ပြီးရင် အလုံးလေးတွေလုပ်ပြီး ပလာတာလုပ်လို့ရပါပြီ။ ပလာတာကို ဆီနဲ့ကြော်သလို ထောပတ်နဲ့ ကြော်တာလည်းရှိပါတယ်။
နံနက်စာ ပလာတာ
ပလာတာကို နံနက်စာအဖြစ် လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးကြပါတယ်။ ပလာတာကို နေ့လည်စာအဖြစ်သုံးဆောင်မယ်ဆိုရင် အစာထည့်ပြီး ပြုလုပ်ကြပါတယ်။ ပလာတာ ကြော်တဲ့အခါ အ ပျော့၊ အမာ၊ အကြွပ်ရအောင် မျိုးစုံကြော်လို့ရပါတယ်။ ပုံသဏ္ဍာန်အားဖြင့် အဝိုင်းပုံစံအများဆုံးတွေ့ရပေမဲ့ လေးထောင့်၊ ငါးထောင့်၊ ခြောက်ထောင့်အထိပြုလုပ်တာလည်းရှိပါတယ်။
မြန်မာနဲ့ပလာတာ
မြန်မာနိုင်ငံမှာ ပလာတာယဉ်ကျေးမှုကို ကိုလိုနီခေတ်ကတည်းက တွေ့ရှိခဲ့ပါတယ်။ မြန်မာမှာ လူကြိုက်များတဲ့ပလာတာတွေက သကြားပလာတာ၊ ပဲပလာတာ၊ ကီးမားပလာတာ၊ ကြက်ဥပလာတာ၊ ကြက်သားပလာတာတို့ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ ပလာတာကို ထပ်တစ်ရာလို့လည်းခေါ်ပါတယ်။ သကြားထည့်ပြီး စားတဲ့ပလာတာကိုတော့ မြန်မာမှာ အများဆုံးတွေ့နိုင်ပါတယ်။ မြန်မာမှာတွေ့ရတဲ့ ပလာတာက အိန္ဒိယတောင်ပိုင်း ပလာတာနဲ့ပုံစံတူပါတယ်။
ပလာတာအမျိုးအစားများ
ပန်ဂျက်ပြည်နယ်မှာတော့ ပလာတာကို ပါးအောင်လုပ်ပြီး ထောပတ်နဲ့စားပါတယ်။ အိန္ဒိယမှာတော့ ကီးမား(ကြက်၊ ဆိတ်) အများဆုံးစားသုံးကြပါတယ်။ ကီးမားပလာတာပုံစံက လေးထောင့်ပုံစံဖြစ်ပါတယ်။ အိန္ဒိယအနောက်ပိုင်းမှာတော့ မြန်မာအခေါ်ပူတီ.. အိန္ဒိယအခေါ် ဒါကိုင်ပလာတာကို ပဲဟင်းနဲ့တွဲပြီး စားသုံးကြပါတယ်။ အိန္ဒိယမှာ ပလာတာကို ထမင်း၊ ဟင်းနဲ့တွဲပြီး နေ့လည်စာအဖြစ် စားသုံးကြပါတယ်။ ပါကစ္စတန်ဟိုတယ်တွေမှာတော့ မနက်စာကို ပလာတာနဲ့လက်ဖက်ရည်တိုက်ပါတယ်။ ကီးမားပလာတာကို ဘင်္ဂလားဒေ့မှာတော့ နေ့လည်စာအဖြစ် စားသုံးပါတယ်။ ဒေသတွေကွဲ အခေါ်အဝေါ်တွေကွဲပေမယ့် ပလာတာကတော့ တောင်အာရှရဲ့ အဓိကအစား အစာအဖြစ်ရှိနေဆဲဖြစ်ပါတယ်။
ဦးဝေလင်း