နံပြား ကြွပ်ကြွပ်ရွရွ နံပြား..မနက်ခင်းရောက်ရင် နံပြားနဲ့ပဲပြုတ်၊ နံပြားထောပတ်သုတ်ဆိုတာ မြန်မာတွေအလွန်ကြိုက်တဲ့ အစားအစာပါ။ ပလာတာတွေ၊စမူဆာတွေက လုပ်ရလွယ်ပေမယ့် ကယ်လိုရီများပါတယ်။ နံပြားကတော့ နံပြားဖိုလိုအပ်ပြီး ကယ်လိုရီနည်းပါတယ်။ တကယ်တန်းကျန်းမာရေးနဲ့ညီညွတ်တာ နံပြားပါ။
နံပြားကို အိန္ဒိယမှာ အများဆုံးစားသုံးကြပါတယ်။ ‘Naan’ ဆိုတဲ့စကားလုံးကို ဝီလျံတွတ်ရဲ့
၁၈၀၃ခုနှစ် ခရီးသွားမှတ်တမ်းမှာ ပထမဆုံးတွေ့ခဲ့ရပါတယ်။ ပါရှားစကားလုံး ‘Nān’ ဆိုတာက ပေါင်မုန့်လို့ အဓိပ္ပါယ်ရပါတယ်။ ကျောက်စရစ်ခဲပူတွေပေါ်မှာ ဖုတ်ထားတဲ့ ပေါင်မုန့်ကို ရှေးခေတ်ပါရှားပြည်မှာ ‘Naan’ လို့ ခေါ်ပါတယ်။
အဆိုပါ ‘Naan’ ဆိုတဲ့ စကားလုံးဟာ အရှေ့အလယ်ပိုင်း နဲ့ အိန္ဒိယမှာ ပျံ့နှံ့သွားခဲ့ပြီး ဘာသာ စကားတော်တော်များများမှာ မွေးစားအသုံးပြုခြင်းခံခဲ့ရပါတယ်။ ခပ်ပြားပြား ဂျုံပေါင်မုန့်ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။
ဂျုံပေါင်မုန့်လို့အဓိပ္ပါယ်ရတဲ့ အဆိုပါစကားလုံးကို မက်ဆိုပိုတေးမီးယားဒေသ၊ ရှေးဟောင်းအီဂျစ်ပြည်၊ အိန္ဒိယနဲ့ အနောက်အာရှမှာရှိတဲ့ လူမျိုးစုတော်တော်များများရဲ့ ဘာသာစကားတွေမှာ တွေ့ရပါတယ်။
‘Naan’ ဆိုတဲ့ ဂျုံပေါင်မုန့်(နံပြား)နဲ့ အလားသဏ္ဌာန်ချင်းတူတဲ့ ချာပါတီဆိုတဲ့ဂျုံမုန့်တမျိုးလည်း အိန္ဒိယမှာရှိပါသေးတယ်။ နှစ်ခုစလုံးက ဂျုံမှုန့်တွေကိုတဆေးဖောက် (ဂျုံနယ်)ပြီး ပြုလုပ်ရတာချင်းလည်း တူပါတယ်။ တဆေးအစား မုန့်ဖုတ်မှုန့် (baking powder) ကိုလည်း အသုံးပြု နိုင်ပါတယ်။
ဒါပေမယ့် နံပြားကို နံပြားဖိုမှာ ဖုတ်ရတာဖြစ်ပြီး
ချာပါတီကိုတော့ ဒယ်ပြားထဲမှာကြော်ရတာပါ။
တဆေးဖောက်တဲ့အခါ ဂျုံမှုန့်၊ တဆေး၊ ဆား၊ ရေတို့ကို အချိုးကျရောစပ်ပြီး ခဏနယ် ပေးရပါတယ်။ ပြီးလျှင် ဂျုံပွလာအောင် နာရီပိုင်းလောက် စောင့်ရပါတယ်။ ထို့နောက် ဂျုံမှုန့်ညက်ကို အလုံးလေးတွေလုပ်ပြီး နံပြားရိုက်ကာ ဖုတ်လိုက်ရုံပါပဲ။ တဆေးဖောက်ရာမှာ ရေအစား နွားနို့ကိုသုံးပေးပါက ဂျုံမှုန့်ကိုပိုမိုနူးညံ့စေလာမှာပါ။
နံပြားကို နွားနို့နဲ့ ဒိန်ချဉ်တို့နဲ့တွဲဖက်ပြီးသော် လည်း ကောင်း၊ ထောပတ်သုတ်ပြီးသော်လည်းကောင်း စားသုံးနိုင်ပါတယ်။ စပျစ်သီးခြောက်၊ ပဲအမျိုးမျိုး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့လည်း စားနိုင်ပါသေးတယ်။ ပါကစ္စတန်မှာတော့ နံပြားကို ပန်းရနံ့အမွှေးအကြိုင်တွေနဲ့ တွဲဖက်စားသုံးကြပါတယ်။
မြန်မာပြည်မှာလည်း ပဲပြုတ်နံပြားတွဲဖက်၍သော်လည်းကောင်း၊ လက်ဖက်ရည်နဲ့သော်လည်းကောင်း၊ ဆိတ်သားစွပ်ပြုတ်နဲ့သော်လည်းကောင်း စားသုံးကြပါတယ်။ နံပြားဟာ အင်ဒိုနီးရှားနဲ့မလေးရှားတို့မှာလည်း လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
ဆန်နဲ့ပြုလုပ်ထားတဲ့ ဘင်္ဂါလီရိုးရာအစားအစာကလည်း နံပြားနဲ့ ပုံစံချင်းဆင်ပါတယ်။ Nigella Lawson နဲ့ Wegmans ကုမ္ပဏီတွေကလည်း
နံပြားပီဇာတွေပြုလုပ်ပြီး ရောင်းချနေကြပါပြီ။
Wai Lin, Nine Thu Wun
Photo – Rasa Taste