ဆောင်းတွင်းရောက်ရင် မနက်စာ လက်ဖက်ရည် နဲ့ အလိုက်ဖက်ဆုံးအစားအစာက အီကြာကွေးဖြစ်ပါတယ်။ မြန်မာ့လက်ဖက်ရည်ဆိုင် ယဥ်ကျေးမှုမှာ အီကြာကွေးက မပါမဖြစ်အရေးပါလှပါတယ်။ တကယ်တော့ အီကြာကွေးဆိုတာ မြန်မာအစားအစာမဟုတ်ပါဘူး။ တရုတ်ရိုးရာအစားအစာ ဖြစ်ပါတယ်။ တရုတ်လို အီကြာ ကွေးကို ယူတီအိုလို့ခေါ်တဲ့အပြင် အခြားနာမည်တွေလည်းရှိပါသေးတယ်။ တရုတ်မှာတော့ အီကြာကွေးကို ထမင်းရည်၊ နွားနို့၊ ပဲနို့တွေနဲ့ သုံးဆောင်ကြပါတယ်။ အီကြာကွေးကို မြန်မာအပြင် အရှေ့တောင်အာရှမှာလည်း ရနိုင်ပါတယ်။
တရုတ်နာမည်ယူတီယိုဆိုတာ ဆီကြော်မုန့်လို့ အဓိပ္ပါယ်ရပါတယ်။ တရုတ်မှာပဲ အီကြာကွေးကို ခေါ်တဲ့နာမည် ၁၀ မျိုးလောက်ရှိပါတယ်။ မြန်မာနာမည် အီကြာကွေးနဲ့နီးစပ်တဲ့အသံထွက်က ထိုင်ဝမ်အသံထွက် အီချာကွေးဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ အများစုမှာတော့ အီကြာကွေးကို ချာကွေးလို့ခေါ်ပါတယ်။
အီကြာကွေးပေါ်ပေါက်လာပုံက နည်းနည်းတော့ ထူးဆန်းပါတယ်။ ဆောင်မင်းဆက်ကာလမှာ ကွင်ဟွေဆိုတဲ့ ကဗျာဆရာတစ်ယောက်ရှိပါတယ်။ သူ့တာဝန်က နန်းတော်အတွက် ကဗျာတွေ ရေးစပ်ပေးရတာပါ။ ကံမကောင်းစွာနဲ့ ဘုရင်ကို ပုန်ကန်မိပြီး ကဗျာဆရာနဲ့ ဇနီးသည် ကွပ်မျက်ခံရပါတယ်။ ဘုရင်က စိတ်နာပြီး လင်မယားနှစ်ယောက်ပုံပါတဲ့ စုံတွဲမုန့်လုပ်ပြီး ဆီနဲ့ကြော်စားပစ်ခဲ့ပါတယ်။ အဲဒီ့အချိန်ကစပြီး နှစ်ချောင်းပြူး အီကြာကွေးပေါ်ပေါက်လာတာဖြစ်ပါတယ်။ အီကြာကွေးစားတဲ့ အခါ တစ်ချောင်းချင်းစီ ခွဲစားရသလို ကဗျာဆရာလင်မယားနှစ်ယောက်လည်း အမြဲတမ်းကွဲကာပါစေလို့ ဆုတောင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက တချို့ပြည်နယ်တွေမှာတော့ လင်မယားနှစ်ယောက်ပေါင်းဖက်ရအောင် လိမ်ပြီးကြော်တာတွေရှိပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာတော့ ချာကွေးလို့ ခေါ်ပါတယ်။ သြစတြေးလျမှာတော့ တုတ်နှစ်ချောင်းမုန့်လို့ခေါ်ပါတယ်။ မြန်မာမှာတော့ အီကြာကွေးကို လက်ဖက်ရည်နဲ့သုံးဆောင်သလို မုန့်ဟင်းခါးထဲ ထည့်ပြီးစားတာလည်းရှိပါတယ်။ ပဲအီကြာဆိုပြီး ပဲပြုတ်နဲ့စားတာလည်းရှိပါတယ်။ မြန်မာနိုင်ငံက မုန့်ကြိုးလိမ်ကလည်း အီကြာကွေးအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ထိုင်ဝမ်ကတော့ အီကြာကွေးကို သူတို့ရဲ့အစားအစာလို့ပြောပါတယ်။ ထိုင်ဝမ်မှာ အီကြာကွေးကို ဆန်ပြုတ်ထဲထည့်ပြီးစားကြပါတယ်။
အီကြာကွေးထဲတွင် ပါဝင်ပစ္စည်းများ
ဂျုံမှုန့် ၁၅၀ ဂရမ်
သကြား လက်ဖက်စားဇွန်း ၃ ဇွန်း
ပွဆေး လက်ဖက်စားဇွန်း ၁ ဇွန်း
ဆား လက်ဖက်စားဇွန်း ၁ ဇွန်း
yeast လက်ဖက်စားဇွန်း ၁ ဇွန်း
ရေနွေးနွေး
ကြော်နည်း
၁။ သကြားလက်ဖက်စားဇွန်း ၁ဇွန်းနှင့် yeast ၁ဇွန်းကို ရေနွေးနွေးတွင်ထည့်ပြီး ၁၀မိနစ်ခန့်စိမ်ထားပါ။
၂။ ဆီမှလွှဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးနှင့် စိမ်ထားသော yeastများကို ရောမွှေပါ။
၃။ နှဲပြီးသား မုန့်များကို အဝတ်စိုစိုဖြင့်အုပ်ကာ ပူနွေးသောနေရာမှာ ၂နာရီခန့်ထားပြီး မုန့်နှစ်များ ၂ဆ ပွလာသည်အထိ ထားပါ
၄။ ပွလာသော မုန့်နှစ်များကို ၅မိနစ်ခန့် ပြန်နှဲပြီးနောက် လက်တွင်ဆီသုတ် ဂျုံကိုဖွဖွနယ်ပြီး
ပလတ်စတစ် ကိုဆီသုတ်ပြီးပြန်ပတ်ပါ။
ရေခဲသေတ္တာထဲတစ်ညခန့်ထည့်ထားပါ။
နောက်နေ့နံက် ကြမှ ရေခဲသေတ္တာထဲမှထုတ်ပါ။ဂျုံမှုန့်ဖြူးပြီး တလက်မခန့်အထူရှိသည်အထိ လှိမ့်တုံးဖြင့် လှိမ့်ထားပါ။
၅။ လှိမ့်ပြီးသား မုန့်နှစ်များကို ညီညာပြီး အနည်းငယ် ရှည်သော အရွယ်အနေအထား ရသည်အထိ အပိုင်းလေးများ ပိုင်းဖြတ်ထားပါ။
၆။ ပိုင်းဖြတ်ထားသော မုန့်နှစ် အလည်တွင် တူဖြင့် အရာပေးပြီး ရေစွတ်ကာ အပေါ်မှ မုန့်နှစ်အပိုင်းတခုထပ်တင်ပြီး အနည်းငယ်အားဖြင့်ဖိကာ အရာပေးပါ။
၇။ ဆီကို အနည်းငယ် ပူလာအောင် အပူပေးပြီးနောက် မုန့်များ တခုဆီထည့်ပြီး ရွှေဝါရောင်သန်းလာသည်အထိ တဖက်ဆီမကြာခဏလှန်ပြီး ကြော်ပါ
ဒါဆိုရင် ကြွပ်ရွပြီး ရွှေရောင်သန်းတဲ့ အီကြာကွေးရရှိပါပြီ…
Wai Lin
Photo – Wikipedia