မြန်မာ့ကမ်းရိုးတန်းတွင် ကျွန်းပေါင်းများစွာရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးမကောင်း သဖြင့် လူသူ အရောက်နည်းပါးလှသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား ဘာလီကျွန်းနှင့် မော်လ်ဒိုက်နိုင်ငံက ကျွန်းများကဲ့သို့ လှပသော ကျွန်းများစွာရှိသည်။ ယခင်က ကျွန်းများပေါ်သို့ နေချင်းပြန်ခရီးသာသွားရောက်နိုင်သည့် အပြင် အစားအသောက်၊ တည်ခိုစရာရှားပါးသောကြောင့် ခရီးသွားဧည့်သည်များ၏ လိုအင်ဆန္ဒကို အပြည့်အဝမဖြည့်ဆည်းနိုင်ခဲ့ပေ။ ယခုအခါ နိုင်ငံတော် အစိုးရမှ ကျွန်းစုများတွင် ခရီးသွားဧည့်သည်များ လက်ခံနိုင်ရန် Community Base Tourism စနစ်ကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစုရှိ ကျွန်းများသို့ အပန်းဖြေခရီးလာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစေရေးအတွက် ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism- CBT)ကို ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်း ကျေးရွာ၌ ပထမဆုံး အကောင် အထည် ဖော်လျက်ရှိသည်။
“အဓိကကတော့ ကျွန်းအခြေပြုခရီးသွား လုပ်ငန်းတွေ သွားတဲ့အခါမှာ ကျွန်းပေါ်မှာ အပန်းဖြေစခန်းတွေ တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် ညအိပ်ရပ်နားလို့ မရဘူး။ နေ့ ချင်းပြန်ခရီးစဉ်တွေပဲ သွားရတယ်။ အခု ဒုံးညောင်မှိုင်းကျေးရွာမှာ ဖော်ဆောင်နေတဲ့ CBT ကတော့ ပထမဦးဆုံး ကျွန်းပေါ်မှာဖွင့်လှစ်တဲ့ CBT တစ်ခုလည်း ဖြစ်လာမယ်။ အဲဒီ CBT ရှိလာတဲ့အတွက် ကျွန်းပေါ်မှာ တရားဝင် ညအိပ်ခွင့်တွေ ရလာမှာပါ။ ဧည့်သည်တွေ တောင်းဆိုနေတဲ့ ကျွန်းပေါ်မှာ ညအိပ်ပြီး သက်သောင့်သက်သာသွားနိုင်မယ့် ခရီးစဉ်တွေ ဖြစ်လာမှာပါ”ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။
ဒုံးညောင်မှိုင်းကျေးရွာတွင် ခရီးသွားဧည့်သည်များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လူမှုဘဝ နေထိုင်မှုပုံစံ များကို လေ့လာနိုင်မည့်အပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊ လှေငယ်များလှော်ခတ်ပြီး ဒီရေတောများကို လေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းကို လေ့လာခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒုံးညောင်မှိုင်းကျေးရွာကို အခြေပြု၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အကြား၌ ရေပန်းစားနေသည့် စမတ်ကျွန်းနှင့် အခြားကျွန်းများသို့လည်း ဒေသခံများ၏ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ စပိဘုတ် များဖြင့်လည်းကောင်း သွားရောက်လည်ပတ် နိုင်မည်ဖြစ်ကြောင်း သိရသည်။
“CBT ဖြစ်လာတဲ့အချိန်ကျတော့ ရပ်ရွာ လူထုအခြေပြုဆိုတော့ ဒေသခံတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာလိမ့်မယ်။ အရင်တုန်းကဆိုရင် မြိတ်မှာပြေးဆွဲနေတဲ့ ကျွန်းခရီးစဉ်အကုန်လုံးက နေ့ချင်းပြန်ခရီးစဉ်ပဲ ပြေး ဆွဲတယ်။ မနက်သွား ညနေပြန်ရတယ်။ ဧည့်သည်အတော်များများက ကျွန်းပေါ် ညအိပ်ချင်တယ်။ ကျန်တဲ့ကျွန်းတွေကို လိုက်လည်ချင်တယ်။ CBT ဖြစ်လာပြီဆိုတော့ ညအိပ်တဲ့အခွင့် အရေး ပိုလာပါတယ်။ ခရီးသွားလုပ်ငန်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုလာသလို ဒေသခံတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်း ပိုလာပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ CBT တွေနဲ့ မတူတဲ့ ထူးခြားချက်က ကျွန်းပေါ်မှာရှိတဲ့ CBTဟာ ဒီတစ်ခုပဲရှိပါတယ်” ဟု Mergui Dolphin ခရီးသွားလုပ်ငန်းမှ ဦးမြင့်သန်းက ပြောသည်။မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်းများ ကို ၂၀၁၅ နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။ ခရီးသွားလုပ်ငန်းစတင်စဉ် မြိတ် ခရိုင်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလိုင်စင်ရ ဟိုတယ်/တည်းခိုရိပ်သာ ရှစ်လုံးနှင့် ခရီးသွား ကုမ္ပဏီ ခြောက်ခုသာရှိခဲ့သည်။ ၂၀၁၆ မှစ၍ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် လာရောက်မှု များပြားလာကာ ဒေသခံလုပ်ငန်း ရှင်များကလည်း ခရီးသွားလုပ်ငန်းနယ်ပယ် တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြသည့် အတွက် ဒေသအတွင်း ဟိုတယ်နှင့် တည်းခို ရိပ်သာများ တိုးပွားလာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြိတ်ခရိုင်တွင် လက်ရှိအချိန်၌ ခရီးသွား ကုမ္ပဏီ ၃၆ ခုအထိ ရှိနေပြီး ခရီးသွားလုပ်ငန်း များတွင် ပြေးဆွဲလျက်ရှိသော Speed Boat အစင်းရေ ၄၀ ကျော်ရှိသည်။ ကျွန်းကို အခြေခံသည့် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း CBT ဖွင့်လှစ်ပြီးပါက ခရီးသွား ဧည့်သည်များ ကျွန်းအပန်းဖြေခရီးစဉ်တွင် ညအိပ်ရပ်နားနိုင်မည် ဖြစ်သည့်အတွက် စိတ်ဝင်စားမှုပိုရပြီး ယခင်ကထက် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြ လိမ့်မည်ဟု ခရီးသွားလုပ်ငန်းရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။
Wai Lin
Photo – Ministry of Tourism
Ref – ဟိုတယ်နှင့်ခရီး၊ ခိုင်ထူး(မြိတ်)