ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်နေတဲ့ မင်းကွန်းဒေသဟာ ကမ္ဘာကျော် ကြီးငါးကြီး တည်ရှိရာ ဒေသလေးပါ။ ကြီးငါးကြီးဆိုတာကတော့
၁။ မင်းကွန်းပုထိုးတော်ကြီး
၂။ မင်းကွန်းခေါင်းလောင်းတော်ကြီး
၃။ ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ရုပ်ကြီး၂ရုပ်
၄။ မင်းကွန်းဆရာတော်ဘုရားကြီး
၅။ ကန်တော်ကြီး တို့ပဲဖြစ်ပါတယ်။
၁။ မင်းကွန်းပုထိုးတော်ကြီး

ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၉၀မှာ ပုထိုးတော်ကြီးကို လူသူအင်အား အများအပြားအသုံးပြုပြီး တည်ထားဆောက်လုပ်ခဲ့တာပါ။
“ဘုရားကြီးအပြီးတိုင်၊ မုဆိုးမဏ္ဍိုင်ကျိုးလိမ့်မလွဲ” ဆိုတဲ့ တဘောင် ပေါ်လာတာကြောင့် ပုထိုးတော်ကြီးတည်ထားမှုကို ဉာဏ်တော်ပေ၂၀၀ မပြည့်ခင်မှာပဲ ရပ်ဆိုင်းခဲ့ပါတယ်။ နဂိုက ဉာဏ်တော်အမြင့်ပေ ၅၀၀ အထိ တည်ထားဖို့ ရည်ရွယ်ခဲ့တာပါ။ ပုထိုးတော်ကြီးရဲ့ လုံးပတ်အကျယ်ကတော့ ၄၅၀ စတုရန်းပေ ရှိပါတယ်။
ပုထိုးတော်ကြီးရဲ့တောင်ဘက် ၄ဖာလုံအကွာမှာ ဉာဏ်တော် ၁၅ပေ အမြင့်ရှိတဲ့ ပုံတော်စေတီကိုလည်း တည်ထားခဲ့ပါတယ်။ ပုံတော်စေတီဟာ ပုထိုးတော်ကြီးရဲ့ ပုံစံငယ်ပါပဲ။
၂။ မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းကြီးဟာ အသံမြည်တဲ့ ခေါင်းလောင်းတွေထဲမှာတော့ ဒုတိယအကြီးဆုံးပါ။ မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စွန်းလွန်းရွာမှာ သွန်းလုပ်ခဲ့တာပါ။ ခရစ်နှစ် ၁၈၀၈ ကနေ ၁၈၁၀ အထိ ၂နှစ်ခန့် အချိန်ယူ သွန်းလုပ်ခဲ့ရပါတယ်။ ခေါင်းလောင်းကြီးဟာ ၁၂ပေ မြင့်ပြီးတော့ ၅၅,၅၅၅ ပိဿာ အလေးချိန်ရှိပါတယ်။ မင်းဖြူမှန်မှန်ပြော လို့ မှတ်သားထားကြပါတယ်။
မင်းကွန်းခေါင်းလောင်းက ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါတယ်။ ဒါပေမယ့် ရုရှ ခေါင်းလောင်းနဲ့ မတူတဲ့အချက်က ရုရှားခေါင်းလောင်းကြီးကွဲအက်ပေမယ့် မင်းကွန်း ခေါင်းလောင်းတော်ကတော့ အကောင်းအတိုင်း ရှိနေဆဲပါ။ ကြေးချိန်အလေးချိန် ၈၇ တန်၊ အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးဘုရင်ရဲ့ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးပါတယ်။
၃။ ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ရုပ်ကြီး၂ရုပ်
ဧရာဝတီမြစ်ဘက်ကို မျက်နှာမူပြီး တည်ထားတဲ့ ခြင်္သေ့ရုပ်ကြီး၂ရုပ်ကတော့ ခေတ်အဆက်ဆက် ငလျင်၊ မိုး၊ ရေ၊ လေ တိုက်စားမှုတွေကြောင့် ပြိုကျပျက်စီးနေပြီဖြစ်ပြီး နောက်ခြေထောက်ပိုင်းသာ ကျန်ရှိတော့ပါတယ်။
၄။ မင်းကွန်းဆရာတော်ဘုရားကြီး

ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုနိုင်တဲ့ မင်းကွန်း တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသဟာ မှတ်ဉာဏ်အကောင်းဆုံးလူသားအဖြစ် ဂင်းနစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။
၅။ ကန်တော်ကြီး
ကြက်ထောင့်ကန်လို့ လူသိများတဲ့ ကန်တော်ကြီးဟာ စစ်ကိုင်း-မင်းကွန်း ကားလမ်းဘေးမှာ တည်ရှိပါတယ်။ ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၈၁၇မှာ တူးဖော်ခဲ့တာဖြစ်ပြီး စတုရန်းပေ ၄၂၀ အကျယ်နဲ့ အနက် ၃၁ပေရှိပါတယ်။ မင်းကွန်းဒေသကို မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နိုင်သလို စစ်ကိုင်းမြို့ကနေ ကုန်းကြောင်းအတိုင်း သွားရောက်နိုင်ပါတယ်။
Wai Lin, Nine Thuwun
Photo – Wikipedia