Advertisement

ရေခဲသေတ္တာထဲမှာမြွေရှိတယ်လို့ဇနီးဖြစ်သူကပြောတော့ Steve Wilson အနေနဲ့စိုးရိမ်စိတ်မဖြစ်မိပါဘူး။ သူနဲ့သူ့သူငယ်ချင်းတွေဟာရေခဲသေတ္တာထဲရောက်နေတဲ့မြွေအကြောင်းသိပ်သိချင်နေကြတယ်လေလို့ Wilson ရဲ့ဇနီး Julie Foote ကပြောပါတယ်။

ရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မြွေအသေကောင်လေးကို သူတို့က Mud လို့နာမည်ပေးထားပါတယ်။ Mud ဟာရွှံလူးမြွေလေးဖြစ်ပြီးရှားပါးတဲ့မြွေအမျိုးအစားဖြစ်တာကြောင့်သူ့အလောင်းကိုအအေးခံပြီး အမေရိကကပညာရှင်တွေဆီပေးပို့စမ်းသပ်ဖို့စီစဉ်နေပါတယ်။

Mud ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမြောက်ဒဂုံမှာရှိတဲ့ခွေးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုနေဇွဲရဲ့ခြံထဲရောက်လာခဲ့ပါတယ်။ Mud ရောက်နေတာကိုအရင်ဆုံးသတိထားမိခဲ့သူကတော့ ကိုနေဇွဲမွေးထားတဲ့ခွေးတွေပါ။ ခွေးဟောင်သံကြားလို့ထွက်ကြည့်တဲ့အခါမှာ Mud ကိုတွေ့ရတာပဲ။

တမြန်နေ့ကပဲခြံထဲကိုမြွေဟောက်ကြီးတကောင်ရောက်လာသေးတာမို့ ကိုနေဇွဲဟာဒီအတွေ့အကြုံနဲ့သိပ်တော့မစိမ်းလှဘူး။ ၆ နှစ်အရွယ်သမီးဖြစ်သူဂျူးဂျူးနဲ့ သူမွေးထားတဲ့ခွေးတွေကိုကာကွယ်ဖို့ မြွေခေါင်းကိုတုတ်နဲ့ရိုက်လိုက်မိပါတယ်။

Mud ရဲ့မျိုးစိတ်အကြောင်းသိချင်လို့ Facebook မှာရှာရာကနေ Snakes Of Myanmar group ကိုတွေ့ခဲ့ပါတယ်။ Mud ရဲ့ပုံကိုတင်ပြီးခဏအတွင်းမှာပဲ group ထဲကလူတွေရဲ့စိတ်ဝင်စားမှုကိုရခဲ့ပါတယ်။

တွားသွားသတ္တဝါနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေကတော့ Mud ဟာ Homalopsidae မြွေမျိုးစိတ်ထဲက Gyiophis အုပ်စုဝင်လို့ယူဆကြတယ်။ အရှည်တပေလောက်ရှိပြီး အညိုရောင်ကိုယ်ထည်မှာအနက်ရောင် အစက်အပျောက်လေးတွေရှိပါတယ်။ ရန်ကုန်မြို့စွန်နေရာမှာပထမဆုံးရှာတွေ့ခဲ့တဲ့မြွေလည်းဖြစ်တယ်။

Snakes of Myanmar ရဲ့ admin Kate Woolf ဟာကျွမ်းကျင်ပညာရှင်တွေကိုဆက်သွယ်ပါတော့တယ်။ Mud ဟာရှားပါးမျိုးစိတ်လား၊ အခုမှပထမဆုံးတွေ့ရတဲ့မြွေမျိုးစိတ်လားဆိုတာကိုတော့ စမ်းသပ်စစ်ဆေးမှုတွေမလုပ်ရသေးဘဲပြောလို့မဖြစ်နိုင်ပါဘူး။

တနာရီလောက်အကြာမှာတော့ မြွေအသေကောင်ကိုမပုပ်မသိုးအောင်အအေးခံထားဖို့ အကြံပေးကြပါတယ်။ သူ့အကြောင်းကိုအသေးစိတ်လေ့လာဖို့မြန်မာနိုင်ငံကနေ အမေရိကကဓာတ်ခွဲခန်းတွေဆီပို့ဖို့လိုလာပါပြီ။

အမေရိကမှာနေတဲ့ PhD ကျောင်းသားတယောက်ဖြစ်သူ Justin Bernstein ကတော့မြွေလေးကိုရေခဲသေတ္တာထဲသိမ်းထားဖို့တိုက်တွန်းပါတယ်။ ဒီလိုနဲ့ပဲ group member တယောက်ဖြစ်တဲ့ Julie Foote ကသူ့အိမ်ကရေခဲသေတ္တာထဲသိမ်းထားလို့ရကြောင်းကမ်းလှမ်းခဲ့တယ်။

Justin

Foote ဟာမြွေတွေအကြောင်းလေ့လာချင်တာနဲ့ဒီ group ထဲဝင်ခဲ့တာပါ။ မြွေတွေကိုကြောက်ပေမယ့် သူတို့အကြောင်းစိတ်ဝင်စားကြောင်း Foote ကဆိုပါတယ်။

ပညာရှင်တွေဟာနှစ်တိုင်းလိုလိုမြွေမျိုးစိတ်သစ်တွေကိုတွေ့ရပြီး တခါတလေ တနှစ်ထဲမျိုးစိတ် ၁၀၀ကျော် တွေ့တတ်ပါတယ်။ အခုတော့ Mud ရဲ့ရုပ်ကြွင်းကို ရန်ကုန်ကနေ ကီလိုမီတာ ၁၃၅၀၀ ကျော်ကွာဝေးတဲ့ အမေရိကန်ပြည်ထောင်စုကိုပို့ပြီးစစ်ဆေးဖို့ပြင်ဆင်နေပါပြီ။

“မြွေတွေရဲ့ဇီဝမျိုးကွဲတွေကိုလေ့လာခြင်းက ဆေးပညာ၊ ဂေဟဗေဒနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆင့်ကဲတိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလေ့လာရာမှာအထောက်အကူဖြစ်ပါတယ်” လို့ Bernstein ကပြောတယ်။

“မြွေမျိုးစိတ်သစ်တခုကိုလေ့လာတဲ့နေရာမှာတတ်နိုင်သလောက်ကူညီခွင့်ရတာဝမ်းသာမိပါတယ်။ အမှန်အတိုင်းပြောရရင် lockdown ကာလတလျှောက်ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ကိစ္စမျိုး မကြုံဖူးသေးဘူးရှင့်” လို့ Foote ကဆိုပါတယ်။

မှတ်ချက် – မြွေတွေတွေ့ရင်လုံခြုံတဲ့အကွာအဝေးကနေ ဓာတ်ပုံရိုက်ပြီး Snakes of Myanmar ဆီပို့ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။

ဒါက Shakes of Myanmar က Admin တွေထောင်ထားတဲ့ မြန်မာလို မေးမြန်းနိုင်မယ့် Group ပါ။https://www.facebook.com/groups/1305497066495597/?ref=share

Snakes of Myanmar (English စကားပြောသီးသန့်)
https://www.facebook.com/groups/1156517924545140/?ref=share

Mary Banfield ရေးသားသော “THERE’S A SNAKE IN MY FREEZER!” ဆောင်းပါးအားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here