Advertisement

(အမျိုးသားနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်)

နှစ်စဥ်အလေးအမြတ်ထား ကျင်းပလာတဲ့ အမျိုးသားနေ့ဟာ ဒီနှစ်ဆိုရင် နှစ် ၁၀၀ ပြည့်ပြီဖြစ်ပါတယ်။ အမျိုးသားနေ့ နှစ် ၁၀၀ ပြည့်နဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားတွေ တိုက်ဆိုင်နေတာ ထူးခြားလှပါတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် ၁၀ ရက်)မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံးကျောင်းသပိတ် စမှောက်တဲ့နေ့ကို အစွဲပြုပြီး အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ အမျိုးသားနေ့အောင်ပွဲတွေကိုကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ပထမဆုံးအမျိုးသားနေ့ကို ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ ကန်တော်မင်္ဂလာပန်းခြံနဲ့ ရွှေတိဂုံဘုရားအနောက်မုခ်အနီး ကွက်လပ်မှာ ကျင်းပခဲ့ပါတယ်။ တခြားနေရာဒေသအသီးသီးမှာလည်း အမျိုးသားနေ့အောင်ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တရားဝင် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် မဖြစ်သေးတာကြောင့် စည်ကားသင့်သလောက် မစည်ကားခဲ့ပါဘူး။ အမျိုးသားနေ့ကို ၁၉၃၄ ခုနှစ်မှစလို့ ကျောင်းပိတ်ရက်အဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှစလို့ ရုံးပိတ်ရက်အဖြစ်လည်းကောင်း သတ်မှတ်ပေးခဲ့ပါတယ်။

အမျိုးသားနေ့စတင်ဖြစ်ပေါ်လာပုံကတော့ အင်္ဂလိပ်အာဏာပိုင်များက ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ တက္ကသိုလ်ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ့အချိန်က ရန်ကုန်တက္ကသိုလ်ဟာ ကာလကတ္တားတက္ကသိုလ်လက်အောက်မှာရှိပြီး နယ်ချဲ့တို့က မြန်မာကျောင်းသားများ လွတ်လပ်စွာပညာသင်ခွင့်မရစေမယ့် အချက်သုံးချက်ပါ ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းလိုက်တာကြောင့် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ၁၁ ဦးက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ၁၁ ဦးခေါင်းဆောင်ပြီး ၂၆ ဦး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၆ ဦးအဖွဲ့က အင်္ဂလိပ်အာဏာပိုင်တွေဆီကနေ ပြန်လည်တောင်းဆိုခဲ့တဲ့ အချက်သုံးချက်ထဲမှာ တောင်းဆိုချက်တွေမရမချင်း ကျောင်းမတက်ရန်လည်း ပါဝင်ခဲ့ပါတယ်။ ၂၆ ဦးကော်မတီဦးဆောင်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ယုဒသန်မှ ကျောင်းသား ၅၀၀၊ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား ၅၀၀ ပူးပေါင်းဆန္ဒပြခဲ့ပြီး သပိတ်စခန်းကို ဗဟန်းမြို့နယ်၊ ရွှေကျင်ကျောင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်း သားများရဲ့ဆန္ဒပြပွဲတွေကနေ အထက်တန်းကျောင်းတွေဆီကိုပါ ကူးစက်သွားခဲ့ပါတယ်။

ဒီကာလအတွင်း အမျိုးသားကျောင်းများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အမျိုးသားပညာရေးကော်မတီကိုဖွဲ့စည်းရာ MA ဦးမောင်ကြီးက ဥက္ကဌ၊ ဦးအုန်းခိုင်နဲ့ ဒေါက်တာတင်အောင်တို့ က အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ကြပါတယ်။ အမျိုးသားတက္ကသိုလ်ကို ဗဟန်းရွှေကျင်တောရမှာ ဖွင့်လှစ်ခဲ့ရာ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ MA ဦးမောင်ကြီးတို့က မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

မန္တလေးက အမျိုးသားကျောင်းတွေ ပထမ ကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသား ကျောင်းတွေဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ်ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။  

မန္တလေးက အမျိုးသားကျောင်းတွေဟာ ဆရာ ကြီး ဦးရာဇတ်ရဲ့အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး နှစ်ခြမ်းအကွဲ၊ အမျိုးသားကျောင်းများ အထောက်အပံ့ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီး တည်တံ့ခဲ့ပါတယ်။ မန္တလေးမြို့မိမြို့ဖ တွေကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေး ထောက်ခံခဲ့ကြရုံမက ကိုယ့်သားသမီးတွေကိုလည်း ဆရာကြီးဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသားကျောင်းမှာပဲ ကျောင်းအပ်ခဲ့ကြတာပါ။ ဒါကြောင့် မန္တလေး ရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက  ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေအများစုဟာ   အမျိုးသား ကျောင်းထွက်တွေ အများစုဖြစ်ခဲ့တယ်။

ပထမကျောင်းသားသပိတ်ကြီးအပြီး

၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ် က တက္ကသိုလ်အက်ဥပဒေကိုမကျေနပ်လို့ သပိတ်မှောက် ကြတယ်။ ကျောင်းသားကိုဘဦးအပါအဝင် (၁၁) ဦးက ဦးဆောင်ပြီး သပိတ်မှောက်ကြတာပါ။ ဒီ ပထမကျောင်းသား သပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာအသိအမြင် တွေကို ပထမဆုံးစတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင်လှုပ်ရှားမှုကြီးပါပဲ။   ကိုယ့်နိုင်ငံရဲ့ ကြမ္မာကို  ကိုယ့်ဘာသာစီမံခန့်ခွဲနိုင်ဖို့  ကိုယ်ပိုင်အတွေးအခေါ် မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်း ဖြစ်ခဲ့တယ်။

ဒါကြောင့် ပထမကျောင်းသားသပိတ်ကြီးအပြီး ရန်ကုန်မှာ ဗဟန်း အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများ အပြင် တစ်ပြည်လုံးအတိုင်းအတာအထိ အမျိုးသား ကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။ အမျိုးသား ကျောင်းတွေက လက်ရုံးရည်၊   နှလုံးရည်နဲ့ပြည့်စုံတဲ့ သားကောင်းသမီးကောင်းတွေ မွေးထုတ်ပေးတယ်။ အမျိုးသားကျောင်းတွေက ပေါ်ထွန်းလာတဲ့ လူရည်ချွန်တွေဟာ မြန်မာ့လွတ်လပ်ရေးအတွက် များစွာအထောက် အကူပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးနဲ့ မြန်မာ့ပညာရေး အခြေခံ အုတ်မြစ်တွေကို ခိုင်ခံ့အောင်ပြုလုပ်ပေးခဲ့တဲ့ အမျိုးသားနေ့ကို အလေးအမြတ်ထားသင့်ပါတယ်..။

Wai Lin

Ref,Photo – မြန်မာ့စွယ်စုံကျမ်း၊ ဆူးငှက်၊ yangon life

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here