ကျမတို့ရဲ့ပတ်ဝန်းကျင်မှာဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက်ပလတ်စတစ်အမှိုက်တွေကိုတွေ့နေရပါတယ်။ လမ်းတွေပေါ်မှာတင်မကဘဲ ကျမတို့စားနေတဲ့ပင်လယ်စာတွေထဲမှာတောင်ပလတ်စတစ်တွေက နေရာယူထားပါပြီ။ ပလတ်စတစ်ကိုလုံးဝအသုံးမပြုဘဲနေဖို့ကလည်းမလွယ်ပါဘူး။
ဒီအခြေအနေမှာပလတ်စတစ်အကြွင်းအကျန်တွေကိုစည်းမဲ့ကမ်းမဲ့လွှင့်ပစ်မယ့်အစား ပုံစံတမျိုးနဲ့ပြုပြင်သုံးစွဲနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေခဲ့ကြတယ်။ Eco-brick ဟာထူထဲတဲ့ပလတ်စတစ်ဘူးတွေကို အုတ်နံရံတွေအဖြစ်အစားထိုးအသုံးပြုတဲ့နည်းလမ်းတခုပါ။ ပလတ်စတစ်တွေဟာာအကြမ်းခံသလို မိုးဒဏ်ရေဒဏ်ကိုလည်းကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။
ပြည်တွင်းပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Badana Aid Foundation ဟာ eco-brick တွေအသုံးပြုပြီး ကျောင်း ၂ကျောင်းဆောက်ပေးထားတယ်။ ပထမကျောင်းက ပုဂံတောင်ပိုင်းမှာရှိတဲ့ နာဂျိုအေး (Na Jo Ai) ရွာစာသင်ကျောင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှာအပြီးသတ်ပါတယ်။ ဒုတိယကျောင်းကတော့ အင်းလေးကန်နားကကျောင်းတကျောင်းဖြစ်ပြီး ၂၀၁၈မှာလုပ်ငန်းစတင်တယ်။ အခုလှိုင်သာယာမှာအလားတူကျောင်းတကျောင်းထပ်ဆောင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။

Badana Aid ကိုတည်ထောင်သူကိုဝင်းသူရက “ကျနော်တို့အနေနဲ့ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) အတွက်စာသင်ခန်းတွေကို ဒီလိုနည်းနဲ့တည်ဆောက်ပေးဖို့ရည်ရွယ်ပါတယ်” လို့ပြောပါတယ်။
UN နဲ့မြန်မာအစိုးရတို့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေကို NFPE အစီအစဉ်နဲ့ပညာသင်ကြားပေးလျက်ရှိပါတယ်။ လှိုင်သာယာမှာဆိုရင်ကလေးငယ်တွေဟာစာသင်ချိန်အတွင်း အမှိုက်ကောက်တဲ့အလုပ်လုပ်ကြရတယ်။ ဒါကြောင့်သူတို့အားလပ်တဲ့အချိန်ကျမှသီးသန့်စာသင်ခန်းတွေနဲ့ သင်ပေးရပါတယ်။
“ကျနော်တို့မှာလိုအပ်တဲ့ငွေကြေးထောက်ပံ့မှုနဲ့ခွင့်ပြုချက်တွေရပြီးပါပြီ။ ဆောက်လုပ်ရေးအတွက် eco-brick တွေရယူဖို့ပဲလိုပါတော့တယ်။”
ဗိသုကာဒီဇိုင်းလိုအပ်ချက်အရ eco-brick ၃၀၀၀လောက်လိုအပ်ကြောင်းကိုဝင်းသူရကပြောတယ်။ Badana Aid ရဲ့စေတနာ့ဝန်ထမ်း Anne Cruickshanks ကတော့ “လှိုင်သာယာကကျောင်းသားတွေနဲ့ ဆရာဆရာမတွေအနေနဲ့လှူထားတာတွေရှိပါတယ်။ ဒါပေမယ့်ရန်ကုန်တမြို့လုံးကစေတနာရှင်တွေ ကူညီပေးရင်တော့ပိုကောင်းတာပေါ့ရှင်” လို့ဆိုတယ်။

ရေသန့်ဘူးတွေကိုချက်ချင်းအသုံးပြုလို့မရသေးပါဘူး။ ပထမဦးဆုံးရေနဲ့အမှိုက်တွေကို ဆေးကြောသန့်စင်ရပါတယ်။ ပြီးတော့မှအထဲကိုစက္ကူစတွေ ပလတ်စတစ်စတွေသိပ်ထည့်ရတယ်။ အထဲမှာလေခိုမနေဖို့တုတ်ချောင်းနဲ့သေချာထိုးထည့်ဖို့လည်းလိုပါတယ်။ ဒါမှရေရှည်အကြမ်းခံမှာပါ။ ဘူးတဘူးကိုအပြည့်ဖြည့်ဖို့ မိနစ် ၃၀လောက်ကြာတယ်။ (အောက်ဆုံးမှာလမ်းညွှန် video နဲ့ Facebook page ကိုညွှန်းပေးထားပါတယ်။)
“ကျမကတာ့ဒီနည်းကိုသဘောကျတယ်။ အမှိုက်ကနေအသုံးဝင်တဲ့ပစ္စည်းတွေဖြစ်အောင်လုပ်ရတာ ပိုက်ဆံတပြားတချပ်မှမကုန်သလို လွယ်လည်းလွယ်ပါတယ်။ ပြီးတော့တနေ့တနေ့ပလတ်စတစ်တွေ ဘယ်လောက်သုံးမိနေသလဲဆိုတာကိုလည်းသတိထားမိလာသလို စွန့်ပစ်ပစ္စည်းတွေကိုပြန်လည်အသုံးပြုတဲ့နည်းလမ်းသစ်တွေကိုလည်းစဉ်းစားမိလာတယ်။”
Eco-brick တွေပြုလုပ်လှူဒါန်းချင်တယ်ဆိုရင် Parami Pizza, Rangoon Tea House နဲ့ Union Bar မှာသွားအပ်ထားလို့ရပါတယ်။ Eco-brick ၁၀ခုနဲ့အထက်လှူမယ်ဆိုရင်တော့ Badana Aid ကနေအိမ်တိုင်ရာရောက်အခမဲ့လာယူပေးပါတယ်။
Susan Bailey ၏ Eco-brick: Turning Plastic Waste into Classrooms ဆောင်းပါးအားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။
…..
Eco-Brick ပြုလုပ်နည်း
https://www.facebook.com/HlaingTharYarBottleSchoolProject/videos/390486418929432
သိချင်တာတွေရှိရင် FB page (Hlaing Thar Yar Bottle School Project) ကနေတဆင့်မေးမြန်းနိုင်သလို [email protected] သို့ email ပို့ပြီးလည်းမေးမြန်းနိုင်ပါတယ်။
