Advertisement

သာလီစွပါ

(ရခိုင်တိုင်းရင်းသား နှင့် ရိုးရာဓလေ့များ)

၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ  ကျင်းပ ပြုလုပ်ခဲ့သည်။ ထို့နောက် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ် ဖြစ်ပေါ်လာခဲ့ပြီး ရခိုင်ပြည်သူများ ဂုဏ်ယူ ဝင့်ထည်စွာ ရပ်တည်လာခဲ့ကြသည်။ ထိုစဉ်က ရခိုင် ပြည်နယ်၏ အစိုးရဖြစ်သော ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး အတွက် ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ဆန္ဒပြုခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်နေ့အဖြစ် ကျင်းပလာခဲ့ကြပေသည်။

လူမျိုး

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုး၊ ကမန်လူမျိုး၊ ခမီလူမျိုး၊ ဒိုင်းနက်စ်လူမျိုး၊ မရမာလူမျိုး၊ မြိုလူမျိုး၊ သက်လူမျိုးတို့နေထိုင်ကြသည်။

ဝတ်စားဆင်ယင်မှု

အမျိုးသားတို့သည် ပုဆိုးတောင်ရှည်နှင့် ထိုင်မသိမ်းအင်္ကျီ၊ အနီ၊ သို့မဟုတ် ပန်းရောင်သွေး ဖောက်ထားသော လုံချည်များကို အများဆုံး ဝတ်ဆင်ကြသည်။ ထို့ပြင် ပန်းရောင်၊ သို့မဟုတ် အနီရောင်ခေါင်းပေါင်းများကို ပေါင်းလေ့ရှိပြီး ထိုးကွင်းထိုး၍ နားဖောက်ကြသည်။

အမျိုးသမီးများသည် ထိုင်မသိမ်းအင်္ကျီ (အနို့တိုက်အင်္ကျီ) နှင့် နောက်စထမီပေါင်စိပ်ကို ရင်တင်ပြီး ဝတ်ဆင်ကြ၍ ခါးတွင် ငွေခါးကြိုး၊ ပိုးနီးခါးကြိုး၊ ချည်ခါးကြိုးအနီကို စည်းလေ့ရှိသည်။ ပေါင်စိပ်ထမီမှာလည်း အများအားဖြင့် အနီနှင့်အနက် ပတ်လည်စင်း၊ အနီနှင့် ပန်းရောင် ပတ်လည်စင်းများ ဖြစ်ကြသည်။

ယခုခေတ်တွင် အမျိုးသားများသည် ရခိုင်ပုဆိုး၊ ရင်ဖုံးအင်္ကျီနှင့် တိုက်ပုံအင်္ကျီများကို ဝတ်ဆင် ကြသည်။ အမျိုးသမီးများသည် ရင်ဖုံးရင်စေ့အင်္ကျီများကို ဝတ်ဆင်၍ ကန့်လန့်စင်းပါသော အချိတ်လုံချည်များကို ဝတ်ဆင်ကြသည်။ ဥဿဖယား၊ ပတ္တမြား၊ ကြောင် အစရှိသည့် ကျောက်မျက်ရတနာများကို နေ့နံအလိုက် လက်ဝတ်ရတနာများအဖြစ် ဝတ်ဆင်လေ့ရှိသည်။

ရိုးရာယဉ်ကျေးမှု

ရခိုင်လူမျိုးတို့တွင် လုပ်ငန်းဆောင်တာများကို ယောကျ်ားများက ဦးစီးလုပ်ဆောင်၍ မိန်းမ များက ကူညီဆောင်ရွက်ပေးလေ့ ရှိသည်။ ယက်ကန်းရက်ခြင်း၊ ဖျာရက်ခြင်း စသည့် လုပ်ငန်းများတွင်လည်း သားသမီးများက တတ်နိုင်သလောက် မိဘလုပ်ငန်းတွင် ဝင်ရောက် လုပ်အားပေးကြသည်။ သက်ကြီးရွယ်လွန်၊ မိအို၊ ဖအိုများကို မိမိတို့အိမ်တွင်ပင် ရိုသေလေးစားစွာ လုပ်ကိုင် ကျွေးမွေးပြုစုသည်။

ရခိုင်အမျိုးသားတို့သည် အစဉ်အလာရိုးရာဓလေ့ ထုံးစံအရ ကျင်းပပြုလုပ်လေ့ရှိသော လှေပြိုင်ပွဲ၊ ကျင်ပွဲ၊ သင်္ကြန်ရေကစားပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ် ဆွမ်းတော်ကြီး ကပ်ပွဲနှင့် တပို့တွဲရထားပွဲများကို ရွာလုံးကျွတ်၊ မြို့လုံးကျွတ် စုပေါင်းကျင်းပလေ့ရှိသည်။

ရခိုင်လူမျိုးတို့သည် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းကို စုပေါင်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောင်ယာခုတ်ခြင်း၊ ရှင်းလင်းခြင်း၊ မီးရှို့ခြင်း၊ ကောက်စိုက်ခြင်း၊ ကောက်ရိတ်ခြင်း စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို မိမိတို့ရွာသားအချင်းချင်း တပျော်တပါး ဝိုင်းဝန်းကူညီ ဆောင်ရွက်လေ့ရှိသည်။

ရခိုင်လူမျိုးတို့၏ စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သော ငါးဖမ်းလုပ်ငန်းတွင် သုံးဦး၊ လေးဦး စုပေါင်းကာ ဖမ်း၍ရသမျှသော ငါးများကို ရောင်းချပြီး ဝေယူလေ့ရှိသည်။ ဝါး၊ ဓနိခုတ်ရာတွင်လည်း အဖွဲ့ငယ်ကလေးများဖွဲ့၍ ခုတ်လေ့ရှိသည်။ လှေခုတ်ရာတွင်လည်း စုပေါင်း၍ ခုတ်လေ့ရှိသည်။

ရခိုင်လူမျိုးတို့၏ လူမှုရေးအဖွဲ့အစည်းတွင် မိသားစုသည် အလွန်အရေးပါသည်။ လူမှုရေး ကိစ္စများတွင် မိသားစုက ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက်ကြသည်။ ရခိုင်လူမျိုးတို့၏ မိသားစု ဆက်ဆံရေးတွင် ဖခင်ဖြစ်သူသည် အိမ်ထောင်အကြီးအကဲ ဖြစ်သည်။ ဖခင်ဦးစီးသော မိသားစု ဆက်ဆံရေး ဖြစ်သည်။ ဖခင်၏ အုပ်ထိန်းမှုအောက်တွင် တစ်စုတဝေးတည်း နေလေ့ရှိသည်။ သို့သော် သားသမီးများ လက်ထပ်ပြီးသောအခါ မိဘများနှင့်အတူ နေသည့်အခါ ရှိသလို သီးခြား အိမ်ခွဲနေသည်လည်း ရှိသည်။ ထို့ကြောင့် တစ်အိမ်ထောင်တွင် မိသားစုတစ်စု သို့မဟုတ် နှစ်စု စသည်ဖြင့် နေထိုင်ကြသည်။

ဖခင်သည် အိမ်ထောင်ဦးစီးဖြစ်သဖြင့် သားသမီးများအပေါ်တွင် သြဇာလွှမ်းမိုးသည်။ မိသားစု ၏ စီးပွားရေး၊ လူမှုရေးကိစ္စများတွင် ဖခင်သည် တာဝန်ယူ၍ စီမံခန့်ခွဲရသည်။ သြဇာအရှိဆုံးသော ဖခင်ကို မိခင်နှင့်တကွ သားသမီးများက ချစ်ကြောက်ရိုသေကြရသည်။ သားသမီးတို့၏ အိမ်ထောင်ရေးကို ဖခင်၊ မိခင်တို့က စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ပေးလေ့ ရှိသည်။ အိမ်ထောင်ခွဲ သားသမီးတို့ကလည်း မိဘနှင့် ခွဲ၍ မိမိတို့၏အိမ်ဖြင့် သီးခြားနေထိုင်ကြသော်လည်း မိဘများကို အတူတူနေစဉ်ကကဲ့သို့ပင် ရိုသေလေးစားကြသည်။

အစ်ကိုကြီး အဖအရာ အစ်မကြီးအမိအရာ ဆိုသည့်အတိုင်း မိဘသေဆုံးလျှင် အစ်ကိုကြီး ဖြစ်သူသည် လည်းကောင်း၊ အစ်မကြီးဖြစ်သူသည်လည်းကောင်း အိမ်ထောင်ဦးစီး ဖြစ်လာခဲ့သည်။ အိမ်ထောင်ကို ဆက်လက် ဦးစီး၍ ညီ၊ ညီမငယ်များကို ကြီးပြင်းသည်အထိ ပြုစု ထိန်းကျောင်းသွားရန် တာဝန်ယူရသည်။ အချို့အိမ်ထောင်စုများတွင် သေဆုံးသွားသူ ဖခင်၏ ညီ သို့မဟုတ် မိခင်၏ ညီမကလည်း ကြည့်ရှုရသည်။

ရခိုင်လူမျိုးတို့၏ မိသားစုဆက်ဆံရေးတွင် စည်းကမ်းတစ်ခု ထူးခြားစွာ ရှိပြန်သည်။ ယင်းမှာ တူနှင့် ဦးကြီးတို့ ဆက်ဆံရေးပင်ဖြစ်သည်။ အရွယ်ရောက်ပြီးသော တူရှိသည့် နေရာသို့ ဦးကြီးက သွားလေ့မရှိပေ။ ထို့နည်းတူ ဦးကြီးရှိသည့် နေရာသို့လည်း အရွယ်ရောက်ပြီးသူ တူက သွားလာမှုကို ရှောင်ကြဉ်သည်။ တူနှင့်ဦးကြီး နှစ်ဦးသည် ဝန်စည်စလယ်များကို ထမ်းဆောင်ရန် တာဝန်ကျသော်လည်း ထမ်းပိုးကို တစ်ဖက်တစ်ယောက် မထမ်းရပေ။ တူနှင့် ဦးကြီးမှာ သမီးယောက်ခမ တော်စပ်သဖြင့် လေးစား ရိုသေသည့် သဘောအရ ရှောင်ကြဉ်လေ့ ရှိသည်။ မရီးနှင့်မတ်၊ ခဲအိုနှင့် ခယ်မတို့ ကြမ်းတစ်ပြေးတည်း မထိုင်၊ နီးကပ်စွာ မထိုင်၊ လက်ကမ်း အပေးအယူ မပြုသည့်အပြင် ရေနစ်နေသည့်တိုင် မဆယ်ရဟု ဆိုစမှတ် ရှိလေသည်။

ရခိုင်လူမျိုးတို့သည် မိမိတို့အမျိုးအနွယ်ကို စောင့်ထိန်း၍ မျိုးကွဲများနှင့် အိမ်ထောင်ပြုသော အလေ့အထ အလွန်နည်းသည့်အတွက် ရခိုင်လူမျိုး အချင်းချင်းသည် သွေးသားတော်စပ်သူများသာ ဖြစ်သည်။ အစ်ကို၊ သို့မဟုတ် မောင်၏ သားအရင်းဖြစ်စေ၊ သမီး အရင်းဖြစ်စေ၊ အမ သို့မဟုတ် နှမမှ မွေးသော သမီးရင်းဖြစ်စေ၊ သားရင်းဖြစ်စေ ၎င်းတို့ အချင်းချင်း သမီးမြောက်သား တော်စပ်ကြသည်။ သို့သော် ညီအစ်ကိုချင်း၊ ညီအစ်မချင်းမှ မွေးသော သားသမီးတို့သည် မောင်နှမ တစ်ဝမ်းကွဲ (Parallel Cousin) ပင် တော်စပ်ကြသော်လည်း သမီးမြောက်သား မတော်စပ်သဖြင့် ၎င်းတို့မှာ လက်ထပ်၍ မရနိုင်ပေ။ တစ်နည်းအားဖြင့် မောင်နှမတစ်ဝမ်းကွဲချင်း (​Cross Cousin) ဖြစ်ပါက လက်ထပ်နိုင်သည်။ ညီအစ်ကိုချင်း၊ ညီအစ်မချင်းက မွေးသော သားသမီးများ (Parallel Cousin) တို့မှာ သမီးမြောက်သား မတော်စပ်သောကြောင့် လက်မထပ်နိုင်ပေ။

ရခိုင်လူမျိုးတို့၏ ဓလေ့ထုံးစံအရ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် မင်္ဂလာဆောင်သို့ သွားလေ့ မရှိ၊ လက်ဖွဲ့လေ့မရှိပေ။ မွေ့ရာခေါင်းအုံးတို့ကို ချုပ်ရာတွင်လည်း အပေါက်မပိတ်ရပေ။ ညမိုးချုပ်လျှင် အပြင်မထွက်ရ၊ မြစ်ကူးချောင်းဖျားမသွားရ၊ အသုဘမသွားရ၊ အသုဘကူငွေမထည့်ရ၊ သစ်ပင်မစိုက်ရ၊ အိမ်၏အဝင်ဝတွင် ပိတ်၍မထိုင်ရ၊ လှေကားရင်းတွင်လည်းမထိုင်ရ ဟူသော ရှေးလူကြီးသူမများ ပြောသောစကားကို လိုက်နာလေ့ရှိကြသည်။ ညဘက်တွင်လည်း ရေချိုးလေ့ မရှိ၊ ငှက်ပျောအမွှာပူး၊ အဖျားနှစ်ခွ ရှိသော ကွမ်းရွက်၊ ဟင်းရွက်စိမ်းနှင့် မှို၊ မျှစ်တို့ကိုလည်း စားရန် ရှောင်လေ့ ရှိကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းသည်ကမူ အသုဘ မထမ်းရ၊ ဓားလက်နက် မဝယ်ရပေ။

မီးဖွားရန် ခဲယဉ်းနေပါက ပရိတ်ရေ သောက်ခြင်း၊ အမိုးလက်ဆံ (အိမ်မိုးဓနိရွက်) ကိုယူ၍ နငယ်နကွင်းပိတ်အက္ခရာ ရေးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဆံထုံးတွင် စောက်ထိုး စိုက်ပေးခြင်းများ ပြုလုပ်ကြသည်။ ထိုအမျိုးသမီး၏ သေတ္တာ၊ တံခါးပေါက်၊ ရေအိုးဖုံးများကို ဖွင့်ထားလေ့ ရှိသည်။ သားဦး ယောက်ျားလေး မွေးဖွားလျှင် ဆီးခက်များကို အိမ်လေးထောင့်၌ ချက်ချင်း ချိတ်ဆွဲလေ့ ရှိကြသည်။ မိစ္ဆာများ နှောင့်ယှက်မှု မပြုနိုင်ရန် ဟူသော အယူဖြင့် အိမ်တွင်း၌ ဩဇာရွက်များကို ထိုးထားရသည်။ မီးယပ်ဖုတ်ခေါ် မိစ္ဆာက ဖမ်းစားတတ်သည် ဟု အယူရှိ၍ မီးနေခန်းအတွင်း၌ မီးမပြတ်ထားကာ မီးနေစောင့်ကြသည်။ မီးနေသည် သွေးလန့်မည် စိုး၍ ဆွေမျိုးသားချင်းများနှင့် အိမ်နီးချင်း မိတ်ဆွေများက အလည့်ကျ မီးနေအိမ်တွင် ညဉ့်အိပ်ညဉ့်နေ လာရောက် စောင့်ရှောက်ကြရသည်။ မီးနေစောင့်ရင်း တပျော်တပါး ချက်ပြုတ် စားသောက်လေ့ ရှိကြသည်။ မီးနေခန်းသို့ မည်သည့်ယောကျ်ားမျှ မဝင်ရ၊ ဘုန်းနိမ့်တတ်သည်ဟု အယူရှိသည်။ မီးနေဝင်၍ သုံးရက်မြောက်လျှင် မီးဖိုရှိ မီးဟောင်း ပြာဟောင်းများကိုလဲ၍ မီးသစ် ထင်းသစ် ထားရသည်။ အထူးသဖြင့် မီးနေသည်၏ လက်နှင့် ပျားရည် ထိမိလျှင် ကိုယ်မကောင်းဖြစ်တတ် သည်ဟု အယူရှိ၍ ၆ လ အထိ လက်ဖြင့် မတို့ မထိကြပေ။ ကလေးကို အခြားသူများက ပျားရည် တိုက်လေ့ရှိသည်။ တစ်လကြာမှ ခေါင်းလျှော်လေ့ရှိသည်။

သားဦးဖြစ်လျှင် ၇ ရက်၊ နောက်သားများတွင် ၃ ရက် သို့မဟုတ် ၅ ရက်ကြာလျှင်  မီးဖွားစဉ်က သုံးခဲ့သော အသုံးအဆောင်များနှင့် မီးဟောင်းများကို စွန့်ပစ်ခြင်းကို ပြုလုပ်၍ ယင်းကို မီးပစ်သည်ဟု ခေါ်ကြသည်။ မီးပစ်ချိန်တွင် တစ်အိမ်လုံးကို စပါးစေ့များ ပစ်ကြဲ၍ စလူခက်ဖြင့် ရိုက်လျက် နာနာဘာဝများကို နှင်ထုတ်လေ့ရှိသည်။ ထိုနေ့တွင် ကလေးခေါင်းကို စတိရိတ်ကာ တရော်ကင်ပွန်းဖြင့် တို့ပေး (ကင်ပွန်းကိုင်ပေး) ကြသည်။ မီးထွက်သည့်နေ့မှာပင် ဆွေမျိုး မိတ်သင်္ဂဟများကို နေအိမ်သို့ ဖိတ်၍ ဧည့်ခံ ကျွေးမွေးပြီး ကလေးကို အမည်ပေး ကင်ပွန်းတပ်လေ့ ရှိသည်။ ဆန်ကောတစ်ချပ်တွင် ကင်ပွန်းသီး၊ ဆီနှင့် နနွင်းနယ်၍ ထည့်ထားပြီး ဆန် လက်တစ်ဆုပ်၊ ကျောက်ခဲ တစ်လုံးနှင့် သံတစ်ချောင်းပါ ထည့်ထား၍ ကလေး လာကြည့်သူများက ဆန်ကောထဲမှ ကင်ပွန်းကိုထည့်၍ ကလေးအား ကျန်းမာပါစေ၊ သံလိုမာပါစေ၊ ဆန်ရေစပါးပေါပေါများများဖြင့် ချမ်းသာပါစေဟု ဆုတောင်းပေးကြခြင်း ဖြစ်သည်။ ထို့ပြင် ပုခက်တင် မင်္ဂလာပြုသည့် သဘောဖြင့် ကလေးကို ပုခက်ထဲတွင် သိပ်ကာ မြတ်စွာဘုရား၏ ဂုဏ်တော်ကို ရွတ်လျက် ပုခက်လွဲလျက် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ပါစေဟု ကလေးအတွက် ဆုတောင်းမေတ္တာ ပို့ကြသည်။

ရခိုင်ရိုးရာဓလေ့အရ လူပျိုလှည့်သည့် အစဉ်အလာ ထုံးစံအမျိုးအမျိုး ရှိကာ ထိုသို့ လူပျို လှည့်ရာတွင် အရပ်စကားဖြင့် လူပျိုလှည့်ခြင်းနှင့် ဇမ်းစကားဖြင့် လူပျိုလှည့်ခြင်းဟူ၍ နှစ်မျိုး ရှိသည်။ အရပ်စကားဖြင့် လူပျိုလှည့်ခြင်းမှာ သူတစ်ပါးထံတွင် သင်ယူရန်မလိုသဖြင့် လွယ်ကူ၍ ရမ်းဗြဲနယ်တွင်ကား အရပ်စကားဖြင့် လူပျိုလှည့်ရိုး ထုံးစံမရှိဘဲ ဇမ်းစကားကို တတ်အောင်သင်ပြီးမှ လူပျိုလှည့်ကြရသည်။

အားလပ်ချိန်များတွင် ကလေးတို့ဘဝ တီထိုးတန်း၊ မှိုင်ချေထိုးတန်း၊ ဒူထိုးတန်း၊ ဝါးလုံးကျော်တန်း၊ သူလာငါစီးတီးတန်းနှင့် ခတ်ကျောက်သီးကစားနည်း စသည့် ရိုးရာကစားနည်း များကို ကစားလေ့ရှိကြသည်။ ရိုးရာရှင်ပြုပွဲ၊ သင်္ကြန်ပွဲ၊ ကျင်ကိုင်ပွဲနှင့် ရထားဆွဲပွဲများမှာ ထင်ရှားသော တစ်မူထူးခြားသည့် ဓလေ့များနှင့် ကျင်းပသည့် ရိုးရာအစဉ်အလာပွဲများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့်

Wai Lin

Photo – Soe Thant Aung

Ref – စွယ်စုံကျမ်း၊ တိုင်းရင်းသားရေးရာ

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here