Big Bad Wolf Book Sale ဟာ မြန်မာနိုင်ငံမှာ စတုတ္ထအကြိမ်မြောက်စာအုပ်အရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက် မှ ၃၀ ရက် အထိ ၈ ရက်တိုင်တိုင်ကျင်းပသွားမယ်လို့သိရပါတယ်။
Covid-19 ဖြစ်ပွားနေတဲ့ကာလအတွင်း စာအုပ်များကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် Big Bad Wolf ရဲ့တရားဝင် website မှ တဆင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသွားမှာပါ။ Big Bad Wolf Book Sale မှာအင်္ဂလိပ်ဘာသာစကား စာအုပ်အရေအတွက် သန်း ၂၀ နှင့် စာအုပ်ခေါင်းစဉ် အမျိုးအစား ၄၀,၀၀၀ ကျော်တို့ကို ၎င်းတို့ရဲ့လက်လီဈေးနှုန်းများမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။
အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများ၊ အချစ်ဝတ္ထုများ၊ စာပေဆိုင်ရာစာအုပ်များ၊ ဂရပ်ဖစ်ဝတ္ထုများ၊ စီးပွားရေးစာအုပ်များ အစရှိသည်တို့ကို ဝက်ဘ်ဆိုက်တစ်ခုတည်းမှာ တစ်စုတစ်စည်းတည်း ရှာဖွေဝယ်ယူနိုင်မှာပါ။ Big Bad Wolf ကကလေးသူငယ်တွေအတွက်ထုတ်ဝေထားတဲ့စာအုပ်တွေကိုအမျိုးအစားစုံစုံလင်လင်တွေ့ရလေ့ရှိပါတယ်။ အခုပွဲတော်မှာလည်း ပုံပြင် စာအုပ်များ၊ လှုပ်ရှားမှုစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပုံစာအုပ်များနှင့် Interactive ပြုလုပ်နိုင်တဲ့စာအုပ်များကိုပါ ရောင်းချပေးသွားမယ်လို့သိရပါတယ်။
Big Bad Wolf Books ကို ပူးတွဲတည်ထောင်သူ Jacqueline Ng က “ ဒီနှစ်အစောပိုင်း ကပ်ရောဂါ စဖြစ်ကတည်းက ကျွန်မတို့ရဲ့ အဓိက ဦးစားပေးဟာဆိုရင် ဈေးဝယ်သူတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံမှုပါပဲ။ ဒါပေမယ့်လည်း စာဖတ်သူမျိုးဆက်သစ်တွေ တည်ဆောက်ဖို့နဲ့ စာဖတ်ခြင်းရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ဖြန့်ဝေရမယ်ဆိုတဲ့ ကျွန်မတို့ရဲ့ ဦးတည်ချက်ကို အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် အဟန့်အတားဖြစ်ခံမှာ မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စာအုပ်ချစ်သူတွေအတွက် သူတို့ရဲ့ အကြိုက်ဆုံး စာအုပ်တွေကို စာအုပ်ရောင်းပွဲတော်မှာ လက်လှမ်းမီတဲ့ ဈေးနှုန်းတွေနဲ့ ရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ e-commerce ပလက်ဖောင်းအသစ်နဲ့ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းဟာ ဘယ်နေရာကနေမဆို ဒီနှစ် Big Bad Wolf Book Sale ကနေ စာအုပ်တွေကို လုံခြုံစိတ်ချစွာဝယ်နိုင်မှာပါ” လို့ပြောပါတယ်။
Delivery information အပါအဝင် အသေးစိတ်အချက်အလက်တွေကိုတော့ ဒီဇင်ဘာလ ၁၆ရက်နေ့မှာကျင်းပမယ့် စာနယ်ဇင်းရှင်လင်းပွဲမှာထုတ်ပြန်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူတယောက်ကဆိုပါတယ်။
Big Bag Wolf ဟာ Scholastic Interesting Facts ၊ White Star Classic Fairy Tales နှင့် Magical Books Deal စတဲ့စာပေအမျိုးအစားများမှာ စိတ်လှုပ်ရှားဖွယ်ပရိုမိုးရှင်းများကို ကမ်းလှမ်းထားမယ်လို့သိရပြီး စာဖတ်သူများအနေဖြင့် Free Shipping ကဲ့သို့သော အထူးအခွင့်အရေးများကိုလည်း ခံစားခွင့်ရရှိနိုင်မှာပါ။
မလေးရှားနိုင်ငံ Petaling Jaya မှာ ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Big Bad Wolf စာအုပ်အရောင်းပွဲတော်ဟာ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ UAE နိုင်ငံများ၊ ပါကစ္စတန်၊ ထိုင်ဝမ်နှင့် စင်္ကာပူ တို့အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ မြို့ ၃၄ မြို့မှာ လှည့်လည် ကျင်းပလျက်ရှိပါတယ်။ တတိယအကြိမ်မြောက်အရောင်းပွဲတော်ကို ဒီနှစ် ဇန်နဝါရီလ ၁၀ရက်မှ ၂၀ ရက်နေ့အတွင်း ရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။
အရောင်းပွဲတော်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုဖတ်ဖို့ တရားဝင် Facebook (Big Bad Wolf Books – MM) ကို follow ထားလိုက်ပါ။