နောက်ဆုံးတော့ Marvel Cinematic Universe မှာ Christian Bale လည်းအပါအဝင်ဖြစ်လာခဲ့ပါပြီ။ ဒါရိုက်တာ Taika Waititi ရိုက်ကူးမယ့်စတုတ္ထမြောက် Thor ရုပ်ရှင် Thor: Love and Thunder မှာ Bale ဟာ အဓိကဗီလိန် Gorr the God Butcher အဖြစ်သရုပ်ဆောင်မှာဖြစ်ကြောင်း Marvel ကဒီနေ့ပဲ Walt Disney ရဲ့ Investor Day မှာအတည်ပြုလိုက်ပါတယ်။
ဒီရုပ်ရှင်မှာ Chris Hemsworth (Thor), Natalie Portman (Jane Foster) နဲ့ Tessa Thompson (Valkyrie) တို့လည်းပြန်လည်ပါဝင်လာမှာပါ။ ဒီဇာတ်လမ်းမှာ Natalie Portman ရဲ့ဇာတ်ကောင် Jane Foster ကို Thor အဖြစ်မြင်တွေ့ရမှာဖြစ်ကြောင်း Waititi ကအတည်ပြုလိုက်ပါတယ်။
Female Thor?

Endgame နောက်ပိုင်းမှာ Thor ဟာ God of Thunder အဖြစ်ကိုစွန့်လွှတ်လိုက်ပြီး Guardians of the Galaxy နဲ့အတူအာကာသထဲထွက်ခွာသွားတာကိုမြင်တွေ့ခဲ့ရပါတယ်။ ဒီတော့ Jane ဟာပိုင်ရှင်မဲ့သွားတဲ့ Mjolnir ကိုဆက်ခံပြီး Goddess of Thunder ဖြစ်လာမှာပါ။ ဒါကြောင့် Waititi ဟာ Female Thor, She-Thor စတဲ့နာမည်တွေကိုငြင်းဆိုလိုက်ပြီး Jane ကို Thor လို့ပဲခေါ်မှာဖြစ်ကြောင်းပြောထားပါတယ်။
Gorr the God Butcher

Gorr ဟာနတ်ဘုရားတွေကိုမုန်းတီးသူတယောက်ဖြစ်ပြီး နတ်တွေအကုန်လုံးသတ်ပစ်ဖို့သံနိဌာန်ချထားသူပါ။ သူ့ဘဝမှာအဖြစ်ဆိုးတွေအများကြီးကြုံခဲ့ရပြီး သူယုံကြည်ထားတဲ့နတ်ဘုရားတွေရဲ့ကယ်တင်ခြင်းမခံခဲ့ရတဲ့အတွက် နတ်ဘုရားတွေကိုအငြှိုးထားခြင်းဖြစ်ပါတယ်။
သူဟာစြက်ာဝဠာထဲမှာအစောဆုံးပေါ်ထွက်ခဲ့တဲ့ symbiote All-Black ရဲ့ host လည်းဖြစ်တယ်။ Symbiote ရဲ့စွမ်းအားတွေကိုတော့ Venom မှာမြင်တွေ့ခဲ့ရပြီးဖြစ်တာမို့ အထူးရှင်းပြစရာလိုမယ်မထင်ပါဘူး။ တခြား symbiote တွေနဲ့မတူတဲ့ထူးခြားချက်ကတော့ အမှောင်စွမ်းအင်နဲ့ပြုလုပ်ထားတဲ့ All-Black ရဲ့ Necrosword ပါ။ နတ်ဒေဝါတွေအပါအဝင် Celestial တွေကိုပါသုတ်သင်နိုင်တဲ့ဒီဓားဟာ သူသတ်လိုက်တဲ့နတ်တွေရဲ့တန်ခိုးကိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်နတ်တွေများများသတ်လေ host ကစွမ်းအားကြီးလာလေလေပါ။
MCU ရုပ်ရှင်မှာ symbiote အကြောင်းစတင်တွေ့လာရပြီဖြစ်တဲ့အတွက် Venom နဲ့ Spider-man crossover ကို MCU မှာမြင်တွေ့ရတော့မယ်လို့မျှော်လင့်ပါတယ်။ ကိုဗစ်ကြီးပြီးသွားတဲ့အခါကျရင်တော့အရင်ကထက်စိတ်လှုပ်ရှားစရာကောင်းလာမယ့် MCU ရုပ်ရှင်တွေကိုကြည့်ရတော့မှာပါ။
Love and Thunder ကို ၂၀၂၂ မေလ ၆ရက်နေ့မှာရုံတင်ဖို့လျာထားပါတယ်။