Advertisement

ကုန်းဘောင်ခေတ် မင်း​နေပြည်တော် နှစ်ကြိမ်တိုင်တိုင် (၁၇၈၃-၁၈၂၃) (၁၈၃၉-၁၈၅၇) ဖြစ်ခဲ့​တဲ့ အမရပူရမြို့ဟာ မြန်မာ့သမိုင်းမှာ ချန်ထားလို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဗဒုံမင်း စတင်တည်​ထောင် နန်းစိုက်ခဲ့ပြီး စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ စိုးစံခဲ့ရာ နန်းမြို့​ဟောင်း တခုလည်း ဖြစ်ပါတယ်။

မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဆိုပြီး အဓိပ္ပါယ်ပြုထားတဲ့ သေခြင်းကင်း​သော မြို့ပါ။ အမရပူရကို တောင်မြို့၊ မြို့ဟောင်းလို့လည်း ခေါ်ကြပါ​သေးတယ်။ မည်သို့ပင် အမည်နာမ ပညတ်ထား​စေကာမူ သွေး​ချောင်းစီးနန်းလုပွဲ​တွေနဲ့ မင်း​​နေပြည်အဖြစ်မှ ​လျောကျခဲ့ရခြင်း​တွေက မမြဲခြင်း အနိစ္စတရားရဲ့ သက်​သေ​တွေပဲ ဖြစ်ပါတယ်။

ယ​နေ့​ခေတ် အမရပူရဟာ မန္တလေးနဲ့ နယ်နိမိတ်ချင်း ထိစပ်​နေပြီဖြစ်ပြီး ပိုးထည်ရက်ကန်းလုပ်ငန်း​တွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ မြိုင်ဆိုင်​နေပါပြီ။ ကမ္ဘာကျော် တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာလည်း အမရပူရနယ်ထဲမှာ တည်ရှိတာပါ။ ဦးပိန်တံတားကို အင်းဝနဲ့စစ်ကိုင်းက နန်း​တော်တိုင်တွေနဲ့တည်​ဆောက်ထားတာဖြစ်ပါတယ်။

စုဖုရားလတ်ရဲ့အဖွား၊ ရာဇဝင်မှာ ခက်ထန်မှုနဲ့နာမည်​ကျော်သူ နန်းမ​တော်မယ်နုနဲ့ တံတားတည်​ဆောက်သူ မောင်ပိန်တို့ဟာ တောင်သမန်အင်းထဲမှာ ရေချကွပ်မျက်ခံခဲ့ရပါတယ်။ မဟာဝိဇယရံသီပုထိုးတော်ကြီး၊ ရွှေဂူကြီး၊ တောင်မင်းကြီးဘုရား နဲ့ ကျောက်တော်ကြီးဘုရားတို့ဟာလည်း အမရပူရရဲ့ ကြီး​လေးကြီးအဖြစ် နာမည်​ကျော်ပါတယ်။

စစ်ကိုင်း-မြစ်ငယ်လမ်း​​ဘေးက ဝေ​ရောစန​ကျောက်စိမ်း​စေတီ၊ ရန်ကုန်-မန္တ​လေးလမ်း​ဘေးက စွယ်​တော်မြတ်​စေတီနဲ့ ဧရာဝတီမြစ်ကမ်းနဖူးက ရွှေကြက်ယက်၊ ရွှေကြက်ကျ​စေတီတို့ဟာ အမရပူရနယ်ထဲမှာ တည်ရှိပါတယ်။

မန္တလေးနဲ့ အမရပူရနယ်အစပ်က ဗဒုံမင်းရဲ့​ကောင်းမှု​တော် မဟာစန္ဒာမုနိ​စေတီနဲ့ ကန်​တော်မင်္ဂလာဟာလည်း ဓါတ်ပုံဝါသနာအိုး​တွေကြား ရေပန်းစားတဲ့ နေရာတစ်ခုပါ။

ဧရာမကျွန်းလုံးကြီး​တွေနဲ့ တည်​ဆောက်ထားတဲ့ ဗားကရာ​​ကျောင်းဟာ မန္တလေး-စစ်ကိုင်းလမ်း​ဘေးမှာတည်ရှိပြီး နာမည်​ကျော် မဟာဂန္ဓာရုံ​ကျောင်းတိုက်ဟာလည်း အမရပူရနယ်ထဲမှာ တည်ရှိပါတယ်။ တတိယအင်္ဂလိပ်ကျူး​ကျော်စစ်ကို ခုခံဖို့ရာ ဧရာဝတီမြစ်ကမ်း​ဘေးမှာ ဖိုခ​နောက်ဆိုင် တည်ထားတဲ့ အင်းဝရှိ ဆင်ကျုံးခံတပ်၊ စစ်ကိုင်းရှိ အ​စေခံခံတပ်နဲ့ အမရပူရနယ်၊ စစ်ကိုင်းတံတား​ဟောင်းအနီးရှိ သ​ပြေတန်းခံတပ်တို့ဟာ ယ​နေ့ထက်တိုင် ရှိပါ​သေးတယ်။

တောင်သမန်အင်း​ဘေးက ရတနာပုံတက္ကသိုလ်၊ ပြင်ဦးလွင်အတက်လမ်း​ဘေးက ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်-မန္တ​လေးလမ်း​​ဘေးက မန္တလာတက္ကသိုလ် နဲ့ မန္တ​လေး-စစ်ကိုင်းလမ်း​ဘေးက ဆောင်းဒါးရက်ကန်း​ကျောင်းတို့ဟာလည်း အမရပူရနယ်အတွင်းရှိ ပညာရည်နို့​သောက်စို့ရာ တက္ကသီလာကြီး​တွေဖြစ်ပါတယ်။

မြန်မာပြည်အလယ်ပိုင်းမှာရှိပြီး လမ်းပန်းဆက်သွယ်​ရေး လွယ်ကူ​ကောင်းမွန်ကာ ကြည့်ရှုလေ့လာစရာ​တွေ ပေါများလွန်းလှတဲ့ အမရပူရမြို့ကို လူတိုင်း သွား​​ရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Wai Lin, Nine Thuwun
Photo – Wiki

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here