Advertisement

ကျန်စစ်သားရဲ့ နှလုံးသည်းပွတ် မဏိစန္ဒာခင်ဦး မွေးဖွားရာ​မြေ၊ ရာဇဝင်ထဲက မွန်သူရဲ​ကောင်း​တွေရဲ့ ဘူမိနက်သန်၊ တပင်​ရွှေထီးနဲ့ ဘုရင့်​နောင်တို့လို ဘုရင်​တွေ နန်းစိုက်စိုးစံခဲ့ရာ နေရာဌာနသည်ကား အခြားမဟုတ်။ ဥဿာ ခေါ် ပဲခူးပဲဖြစ်ပါတယ်။

ပဲခူးသူ ခင်ဦးနဲ့ အ​နော်ရထာ၊ ကျန်စစ်သားတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ယ​နေ့​ခေတ်ထိ လူ​ပြောများ​နေဆဲပါ။ ဟံသာဝတီ ခေါ် ပဲခူး ပြည့်ရှင် မွန်ဘုရင်​တွေနဲ့ အင်းဝဘုရင်အစဥ်အဆက် နှစ်​လေးဆယ်​​ကျော်ကြာ လက်ရုံးရည်၊ နှလုံးရည် အားပြိုင်ပွဲ​တွေဟာလည်း ရာဇဝင်မှာ စာတင်ထိုက်ခဲ့ပါတယ်။ ရာဇဓိရာဇ်နဲ့ ရှင်​​စောပုတို့ သားအဖ​တွေဟာလည်း ဟံသာဝတီ​ရွှေနန်းရှင်​တွေဖြစ်ပါတယ်။

ဘုရင့်​နောင်ရဲ့ ဒုတိယ မြန်မာနိုင်ငံတော်ဟာလည်း ပဲခူးမှာ အ​ခြေစိုက်ခဲ့တာပါ။ ဘုရင့်နောင်ဟာ ကမ္ဘောဇသာဒီ နန်းတော်ရာမှာ စိုးစံကာ ဘုန်းတန်ခိုးအာဏာစက်ကို ချဲ့ထွင်ခဲ့ပါတယ်။

ဗညားဒလဟာလည်း ပဲခူးမှာ ခြေကုပ်ယူကာ အ​လောင်းဘုရားနဲ့ ဖက်ပြိုင်ရင်ဆိုင်ခဲ့ပါ​သေးတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးမှာလည်း ပဲခူးဟာ အင်္ဂလိပ်တို့ ရုံးစိုက်ရာမြို့ဖြစ်ခဲ့ပါတယ်။ ဒါက​တော့ သမိုင်းဖြစ်စဥ်​တွေမှာ ပဲခူးရဲ့ အ​ရေးပါ အရာ​ရောက်ခဲ့ပုံ​တွေဖြစ်ပါတယ်။

ပဲခူးဟူ​သော အမည်နာမသည်ကား မွန်ဘာသာစကားနဲ့ ပဂိုးလို့ အသံထွက်ပြီး လှပ​သောမြို့ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ယ​ခုအခါ လူဦး​ရေ ငါးသိန်း​ကျော် မှီတင်း​နေထိုင်ကြတဲ့ ပဲခူးဟာ ၁၆ ရာစုဝန်းကျင်မှာ လူဦး​ရေ နှစ်သိန်းနီးပါး နေထိုင်သွားလာခဲ့ကြတဲ့ ကမ္ဘာ့မြို့ကြီးတမြို့ ဖြစ်ခဲ့တာပါ။

၁၀ ရာစုနှစ်ဝန်းကျင်ဆီက ရွှေ​​​မော်​ဓောစေတီ၊ ဤဘဒ္ဒကမ္ဘာမှာ ပွင့်​တော်မူ​လေပြီး​​သော ဘုရား​လေးဆူကို ရည်မှန်းကာ တည်ထားတဲ့ ကျိုက်ပွန် အ​ခေါ် ရုပ်ပွား​တော်​လေးဆူ၊ ဘုရင့်နောင်ရဲ့ ကောင်းမှု​တော် မဟာ​စေတီ၊ ဓမ္မ​စေတီမင်းရဲ့ အလှူ​တော် ကလျာဏီသိမ်​တော်ကြီး၊ မြတ်ဗုဒ္ဓဗျာဒိတ်​တော် ထားရှိခဲ့ရာ ဟင်္သာကုန်းဘုရား၊

လျောင်း​တော်မူ စိန်သာ​လျောင်းဘုရားနဲ့ ရွှေသာ​လျောင်းဘုရား စတာ​တွေဟာ ပဲခူးမြို့မှာ ဗုဒ္ဓသာသနာ နေလိုလလိုထွန်းလင်းခဲ့​ကြောင်း သမိုင်းသက်​သေ​တွေပါပဲ။

ကမ္ဘောဇသာဒီ နန်းတော်ရာသစ်ကို ကြည့်ခြင်းအားဖြင့် ရှေး​ခေတ်ဟံသာဝတီရဲ့ ကြီးကျယ်ခမ်းနား တန်ခိုးထွားခဲ့ပုံ​တွေကို ပြန်လည်မြင်​ယောင်နိုင်ပါတယ်။

တောရိုင်းတိရစ္ဆာန်တို့ ကျင်လည်ကျက်စားရာမိုးယွန်းကြီးအင်း​ဘေးမဲ့​တောဟာလည်း ပဲခူးမြို့နဲ့ မ​​ဝေးလှတဲ့ နေရာမှာ တည်ရှိပါတယ်။

ဓမ္မ​စေတီ မင်းတူး​ဖော်ခဲ့တဲ့ လိပ်ပြာကန်ဟာ ပဲခူး မြို့လယ်မှာပါ။

ပဲခူးဟာ ဒေါက်တာ​ကျော်စိန်၊ လင်းယုန်နီ၊ ဗန်း​မော်တင်​အောင်၊ သာဓုတို့လို စာ​ပေအ​ကျော်အ​မော်​တွေ မွေးဖွားခဲ့ရာ ဒေသဆိုလည်း မမှားပါဘူး။ ဤသည်ကား ရာဇဝင်ထဲက ရွှေမြို့​တော်ကြီး ဟံသာဝတီပဲခူးရဲ့ အ​ကြောင်း အကျဥ်းချုပ် ဖြစ်ပါတယ်။

Wai Lin, Nine Thuwun

Source – Wiki

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here