ဗီတာမင်စီဓါတ် ကြွယ်ဝစွာပါဝင်နေတဲ့ လိမ္မော်သီးဟာ ရှောက်သံပုရာနွယ်ဝင် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပျားလိမ္မော်၊ ရွှေလိမ္မော်နဲ့ ရိုးရိုးလိမ္မော်တို့ကို အများဆုံးစားသုံးကြပါတယ်။ ရိုးရိုးလိမ္မော်က လိမ္မော်မျိုးရင်း အစစ်မဟုတ်ပါ။ ပျားလိမ္မော်နဲ့ ရှောက်ခါးသီးကို မျိုးစပ်ထားခြင်းသာ ဖြစ်ပါတယ်။
လိမ္မော်သီး အများဆုံးစိုက်ပျိုးတဲ့ ဒေသဟာ ဘရာဇီးဖြစ်နေပေမယ့် နဂိုမူလထွက်ရှိရာ ဒေသကတော့ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာပြည်တို့ရှိရာ အရှေ့အာရှဒေသပါ။ တရုတ်ပြည်မှာ ရှေးယခင်တည်းက လိမ္မော်သီးကို စားသုံးခဲ့ကြကြောင်း အထောက်အထားတွေ တွေ့ရပါတယ်။
လိမ္မော်ချဥ်သီးဟာ ဥရောပကို ၁၀ ရာစုဝန်းကျင်လောက်မှာ ရောက်ရှိခဲ့ပြီး ချိုမြတဲ့ လိမ္မော်မျိုးစိတ်ကတော့ ၁၆ ရာစု အစပိုင်းမှ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ လိမ္မော်သီးတွေဟာ အမေရိကတိုက်ကိုတော့ ၁၅ရာစုအတွင်းမှာ ရောက်ရှိခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၄ ဟာ လိမ္မော်သီးတွေကို အလွန်ကြိုက်နှစ်သက်သူဖြစ်ပြီး ဗာဆိုင်း နန်းတော် အနှံ့အပြားမှာ လိမ္မော်ပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။
Orange ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရဟာ တမီလ်ဝေါဟာရ nāram, အာရပ်ဝေါဟာရ nāranj, စပိန်ဝေါဟာရ naranja, ပြင်သစ်ဝေါဟာရ orengeတို့ကနေ ဆင်းသက်လာတယ်လို့ ယူဆရပါတယ်။ Orange ဆိုတာကို အရောင်တခုရဲ့ နာမည်အဖြစ် စတင်သုံးစွဲခဲ့တာကတော့ ၁၅၄၂ခုနှစ်မှာ ဖြစ်ပါတယ်။
လိမ္မော်ပင်တစ်ပင်ဟာ ပေသုံးဆယ်အထိမြင့်မားနိုင်ပြီး လိမ္မော်သီးတစ်လုံးမှာ အစိတ် ၁၀ ခု ဝန်းကျင် ပါရှိပါတယ်။ အကြမ်းအားဖြင့် လိမ္မော်ချိုနဲ့ လိမ္မော်ချဥ် နှစ်မျိုးရှိပြီး လိမ္မော်မျိုး ကွဲပေါင်း ၆၀၀ ကျော်ရှိပါတယ်။ လိမ္မော်သီးဟာ ရှောက်သံပုရာမျိုးရင်းဝင် အသီးအနှံတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
လိမ္မော် အများဆုံး စိုက်ပျိုးတဲ့ နိုင်ငံတွေကတော့ ဘရာဇီး၊ တရုတ်၊ EU နဲ့ အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပါတယ်။ စပိန်တစ်နိုင်ငံထဲမှာပဲ လိမ္မော်ပင်ပေါင်း ၃၅သန်းကျော် ရှိပါတယ်။
လိမ္မော်သီးမှာ ဗိုက်တာမင်စီအပြင် ဗိုက်တာမင်အေဓါတ်နဲ့ သတ္တုဓါတ်တွေလည်းပါဝင်ပါတယ်။ လိမ္မော်သီးတစ်လုံးမှာ ပါဝင်တဲ့ အမျှင်ဓါတ်ဟာ ပြောင်းဖူးခြောက် ၇ ပန်းကန်မှာ ပါဝင်တဲ့ အမျှင်ဓါတ်ပမာဏနဲ့ ညီမျှပါတယ်။
လိမ္မော်သီးမှာ ပါဝင်တဲ့ အချဥ်ဓါတ်ဟာ ဆီးအိတ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ရှေးယခင်က ပင်လယ်ရေကြောင်းရွက်လွှင့်သွားလာရာမှာ လိမ္မော်သီးဟာ မပါမဖြစ်ပါပဲ။ ၎င်းဟာ ဗိုက်တာမင်စီချို့တဲ့မှုပြသနာကို ဖြေရှင်းပေးနိုင်လို့ ဖြစ်ပါတယ်။
လိမ္မော်အရသာရေခဲမုန့်နဲ့ လိမ္မော်သီးဖျော်ရည်တို့ဟာလည်း လူကြိုက်များတဲ့ အစားအစာတွေပါပဲ။ လိမ္မော်ခွံကို ပိုးမွှားအင်းဆက်တွေမလာအောင် ကာကွယ်တဲ့ နေရာမှာ သုံးနိုင်ပါတယ်။ လိမ္မော်ပွင့်နဲ့ ရွက်ခြောက်တွေကိုလည်း လက်ဖက်ရည် ဖျော်ရာမှာ သုံးနိုင်ပါသေးတယ်။ လိမ္မော်သား တုတ်ချောင်းတွေကိုတော့ ခြေသည်း လက်သည်း အလှဆင်ရာမှာ အသုံးပြုကြပါတယ်။
လိမ္မော်သီးနဲ့ပတ်သက်ပြီး ခပ်ကြောင်ကြောင်ဥပဒေတခုလည်း ရှိပါသေးတယ်။ ကယ်လီဖိုးနီးယားမှာ လိမ္မော်သီးစားရင်း ရေချိုးတာကို ပိတ်ပင်ထားပါတယ်။
Wai Lin, Nine Thuwun
Photo – Shutter