မြန်မာ့သမိုင်းမှာ လင်ဇင်းကို စစ်ချီတဲ့အကြောင်းတွေ ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ဆင်အကောင်ရေ သန်းပေါင်းများစွာ မှီတင်းရာမြေလို့ အဓိပ္ပါယ်ရတဲ့ လင်ဇင်းဟာ အခြားတော့ မဟုတ်ပါဘူး။ ရှေးခေတ်လာအိုနိုင်ငံပါပဲ။
၁၃၅၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ် လေးခုစာ တည်တံ့ခဲ့တဲ့ လင်းဇင်းပြည်ဟာလည်း ရာဇပလ္လင်လုပွဲတွေကြောင့် သုံးခြမ်းကွဲသွားခဲ့ဖူးပါတယ်။ ကာလရှည် အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ သစ္စာခံ နိုင်ငံအဖြစ်သာ ရပ်တည်နိုင်ခဲ့ပါတယ်။
၁၈၉၃ ခုနှစ်မှာ ပြင်သစ်တို့ရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး ၁၉၅၄ မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂျပန်တို့ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပါသေးတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း ပြည်တွင်းစစ်မီးဟာ နှစ်နှစ်ဆယ်ကျော်ကြာ တောက်လောင်ခဲ့ပါသေးတယ်။ အဆိုပါပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကတော့ လာအိုမြေပေါ်မှာ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းနဲ့ ဗုံးပေါင်း သန်း ၈၀ ကျော် ကျန်ရှိခဲ့တာပါ။
ဒါဟာ လူဦးရေ ၇ သန်းသာရှိတဲ့ လာအိုနိုင်ငံမှာ လူတစ်ယောက်ကို ဗုံး ၁၁လုံး ခွဲတမ်းရရှိထားတာပါ။ အဆိုပါဗုံးတွေကြောင့် လာအိုနိုင်ငံမှာ တစ်ရက်ကို လူတစ်ယောက်နှုန်း ထိခိုက်သေဆုံးနေရပါတယ်။ ဒီဒုက္ခတွေကို အများဆုံးတွေ့ကြုံခံစားရတာကတော့ ကျေးလက်ဒေသနေ အများပြည်သူတွေပဲ ဖြစ်ပါတယ်။

ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ အလျောက် လာအိုနိုင်ငံ အနှံ့အပြားမှာ ပြင်သစ်အငွေ့အသက်တွေ ဖုံးလွှမ်းနေဆဲပါ။ အဆောက်အဦးတွေ၊ အခေါ်အဝေါ်တွေ၊ အစားအစာတွေ စသဖြင့်ပေါ့။ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပေမယ့် မြစ်ချောင်းအင်းအိုင် ရေတံခွန်တွေ ပေါများလှပြီး ကျွန်းပေါင်း လေးထောင်ကျော် ရှိပါတယ်။
လာအိုနိုင်ငံကို ဖြတ်သန်းစီးဆင်းသွားတဲ့ မဲခေါင်မြစ်ဟာ မြစ်ကြောင်းတွေ ခွဲဖြာထွက်သွားပြီး မြစ်ဝကျွန်းပေါ်ဒေသ သဘောမျိုး ဖြစ်ပေါ်နေတာပါ။ မဲခေါင်မြစ်ထဲမှာ ကျက်စားနေတဲ့ မဲခေါင်ဧရာဝတီလင်းပိုင်ဟာလည်း မျိုးသုဥ်းမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ကာ အကောင်ရေ ၂၀ ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။
လာအိုနိုင်ငံ၊ ဘိုလာဗန်ဒေသထွက် ကော်ဖီဟာ နာမည်ကျော်ပြီး အဆိုပါဒေသရဲ့ ချော်ရည်တွေပြည့်ဝနေတဲ့ မြေဆီသြဇာတွေက ကော်ဖီအရသာကို အများနဲ့မတူ တမူထူးခြားစေပါတယ်။
လာအိုနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို စတင်ဖွင့်လှစ်ခဲ့တာ ဆယ်စုနှစ် နှစ်ခုသာ ရှိသေးပေမယ့်လည်း နှစ်စဥ် ပြည်ပခရီးသည် လေးသန်းကျော် ဝင်ထွက်လျက်ရှိနေပါတယ်။ လာအိုနိုင်ငံမှာ သတ္တု လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ခရီးသွားလုပ်ငန်းဟာလည်း တွင်ကျယ်စပြုလာပါပြီ။ လာအိုနိုင်ငံသားတွေရဲ့ လစဥ်တစ်ဦးချင်းဝင်ငွေဟာ မြန်မာငွေတသိန်းခွဲ ဝန်းကျင်ရှိပါတယ်။
လာအိုငွေကြေးကစ်ကို လာအိုပြည်တွင်းမှာသာ ဖလှယ်လို့ရနိုင်ပြီး လာအိုပြင်ပကိုထွက်လိုက်တာနဲ့ အဆိုပါ ငွေကြေးတွေဟာ စာရွက်တရွက်ထက် မပိုတော့ပါဘူး။
လာအိုနိုင်ငံမှာ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြပြီး လာအိုအမျိုးသားတိုင်းရဲ့ တူညီတဲ့ ရည်ရွယ်ချက်ကတော့ သာသနာ့ဘောင်ကို ဝင်ရောက်နိုင်ဖို့ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာလည်း မြန်မာပြည်မှာလို သင်္ကြန်ပွဲတော်နဲ့ ဒုံးပွဲတော်တွေကို ကျင်းပလေ့ရှိပြီး အခြားရိုးရာပွဲတော်တွေလည်း မြောက်မြားစွာရှိပါတယ်။

လာအိုနိုင်ငံသားတွေက ခြေထောက်နဲ့ ပတ်သက်ပြီး အယူသီးကြပါတယ်။ ခုံတွေ၊ စားပွဲတွေပေါ်မှာ ခြေထောက်တင်ထားတာတွေ၊ ခြေထောက်နဲ့ အခြားသူကို ချိန်ရွယ်၊ ထိတွေ့တာတွေကို လက်မခံကြပါဘူး။
လာအိုနိုင်ငံမှာ ချစ်ခြင်းမေတ္တာဟာ နှစ်ကိုယ်ကြားကိစ္စလို့ လက်ခံယူဆထားပုံပါပဲ။ လူအများကြားမှာ ပွေ့ဖက်နမ်းရှုပ်ဖို့ဆိုတာဝေးရော့၊ လက်ချင်းတွဲပြီး သွားတာကိုတောင် သဘောမခွေ့ကြပါဘူး။
ဒါကတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းကြီး လာအိုနိုင်ငံရဲ့ ဟိုစပ်စပ်ဒီစပ်စပ် အကြောင်းတွေပါပဲ။
Wai Lin, Nine Thuwun
Photo – Lao times
