လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံကို အိပ်ရာပေါ်မှာ အိပ်စက်ခြင်းနဲ့ ကုန်ဆုံးနေရပါတယ်။ ဒါကြောင့် သင်အိပ်စက်ရာ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေနဲ့ စောင်တွေဟာ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ တစ်ပတ် တစ်ခါ လျှော်ဖွပ် လှဲလှယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အိပ်ရာခင်းအသုံးအဆောင်တွေဟာ ဘာကြောင့် သန့်ရှင်းနေဖို့ လိုတာလဲဆိုတော့…
၁။ ခေါင်းအုံးစွပ်တွေက ညစ်ပတ်နေမယ်ဆိုရင်…
သင့်မျက်နှာပြင်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ထွက်လာနိုင်ပါတယ်။ မလဲလှယ်တာ ကြာတဲ့ ခေါင်းအုံးစွပ်တွေပေါ်မှာ ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဘက်တီးရီးယားတွေက စုပုံလာပြီး သင့်မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့ကာ ဝက်ခြံတွေနဲ့ အနီရောင် အဖုအပိမ့်တွေကို ဖြစ်ပေါ်လာစေမှာပါ။ ထိုမျှသာမက သင့်ဦးရေပြားကိုလည်း ညစ်ထေးစေပြီး ဗောက်၊ ဒတ်နဲ့ သန်းတွေလည်း ထွက်လာနိုင်ပါသေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် ခေါင်းအုံးစွပ်တွေကို သုံးရက်ခြားတစ်ခါလောက် လှဲလှယ်ပေးသင့်ပါတယ်။
၂။ အိပ်ရာခင်းကို ပုံမှန် မလျှော်ဘူးဆိုရင်
သင့်အိပ်ရာခင်းပေါ်မှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်နဲ့ ပိုးမွှားတွေ အများကြီး တွယ်ကပ်နေတာပါ။ အဆိုပါအရာတွေဟာ နှာချေခြင်းနဲ့ မျက်စိယားယံခြင်းကိုသာမက ခန္ဓာကိုယ်ပေါ်မှာ အဖုအပိမ့်တွေနဲ့ ပန်းနာရင်ကျပ်ရောဂါကိုပါ ဖြစ်စေနိုင်တာမလို့ သင့်အနေနဲ့ သင့်အိပ်ရာခင်း သန့်ရှင်းမှုကို အထူးအလေးပေးသင့်ပါတယ်။ ဒါကြောင့်မလို့ အိပ်ရာခင်းကို တစ်ပတ်တစ်ခါ လျှော်ဖွပ်ပေးသင့်ပါတယ်။
၃။ အိမ်မွေးတိရစ္ဆာန်တွေကို အိပ်ရာထဲ ခေါ်သိပ်တော့မယ်ဆိုရင်…
အရင်ဆုံး သူတို့နဲ့ အတူကပ်ပါလာမယ့် သန်းနဲ့ မွှားတွေရဲ့ အရေးကို အထူး သတိပြုသင့်ပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို ပုံမှန် ရေချိုးသန့်စင်ပေးဖို့ လိုသလို သင့်အိပ်ရာခင်းကိုလည်း ပုံမှန် လျှော်ဖွပ်ဖို့ လိုအပ်လှပါတယ်။ မဟုတ်ရင်တော့ သင့်အိပ်ရာဟာ မွှားတို့ ပျော်စံရာ ရိပ်မြုံဂေဟာကြီး ဖြစ်နေမှာပါ။
၄။ အထူးသတိထားရမှာကတော့…
မျက်လုံး နီရဲပြီး မျက်ခွံအတွင်းသားတွေ ရောင်ရမ်းကာ ယားယံလာခြင်းပါ။ ဒါဟာ အိပ်ရာခင်း အသုံးအဆောင်တွေပေါ်မှာ တွယ်ကပ်နေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ဖြစ်တာပါ။
ဒီလောက်ဆိုရင် ဘာကြောင့် အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်နဲ့ စောင်တွေရဲ့ သန့်ရှင်းမှုကို အထူးဂရုပြု အလေးထားသင့်လဲဆိုတာကို သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။
Wai Lin, Nine Thuwun
Photo – Shutter Stock