Advertisement

Alan Walker ဆိုရင် PUBG ဂိမ်းကစားသူတွေနဲ့ EDM ရေစီးကြောင်းမှာ မသိတဲ့သူမရှိပါဘူး။ Hoodie နဲ့ Mask အနက်ရောင်ကို အမြဲဝတ်ဆင်ထားလေ့ရှိတဲ့ Alan Walker ဟာ သူ့ရဲ့ တီထွင်ဆန်းသစ်မှု အားကောင်းလှတဲ့ သံစဉ်တွေကြောင့် နာမည်ကျော်သူဖြစ်ပါတယ်။

သူ့ရဲ့ ဖက်ရှင်အတိုင်း လိုက်ရှိုးထုတ်ကြတဲ့ လူငယ်တွေလည်း မနည်းမနောပါပဲ။ ဒီလိုမျိုး လူငယ်တွေကြားမှာ ရေပန်းစားလှတဲ့ Alan Olav Walker ကို အင်္ဂလန်နိုင်ငံ နော့သမ်တန်အရပ်မှာ နေထိုင်သူတွေဖြစ်တဲ့ အင်္ဂလိပ်လူမျိုးဖခင် Philip Alan Walker နဲ့ ‌နော်ဝေလူမျိုးမိခင် Hilde Omdal Walker တို့က ၁၉၉၇ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး Camilla ဆိုတဲ့ အစ်မတယောက်နဲ့ Andreas ဆိုတဲ့ ညီတစ်ယောက်ရှိပါတယ်။

Alan Walker ၂ နှစ်သား အရွယ်မှာ သူတို့မိသားစုဟာ နော်ဝေနိုင်ငံကို ‌ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာခေတ်မှာ မွေးဖွားခဲ့သူပီပီ သူဟာ ကွန်ပျူတာတွေ အပေါ်မှာ စိတ်ဝင်တစား ရှိခဲ့ပြီး Music programming နဲ့ Graphic design ပိုင်းတွေမှာ အထူး ဝါသနာထုံခဲ့ပါတယ်။ သူဟာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပြီး YouTube ဗီဒီယိုတွေကနေ တဆင့် လေ့လာသင်ယူနေခဲ့ပါတယ်။

Alan Walker အသက် ၁၅ နှစ် အရွယ်မှာ FL Studio ဆိုတဲ့ ဆော့ဝဲကို သုံးပြီး EDM သံစဉ်တွေကို စတင်ဖန်တီးနေပါပြီ။ သူ့ရဲ့ ဖန်တီးမှုတွေကို YouTube နဲ့ SoundCloud မှာ တင်လေ့ရှိပြီး တဖြည်းဖြည်း လူသိများလာကာ အားပေးသူ ပရိတ်သတ်တွေ ရှိလာခဲ့ပါတယ်။ သူဟာ အထက်တန်းကျောင်းကနေ ထွက်ခဲ့ပြီး DJ Walkzz အမည်နဲ့ ဂီတလောကထဲ ခြေစုံပစ် ဝင်ခဲ့တာပါ။

၂၀၁၄ ဩဂုတ်လမှာ ဖန်တီးခဲ့တဲ့ Fade သံစဉ်ဟာ လူကြိုက်များခဲ့ပြီး NoCopyrightSounds ရဲ့ ကမ်းလှမ်း မှုနဲ့အတူ ၂၀၁၄ နိုင်ဝင်ဘာမှာ ပြန်လည်မွမ်းမံ ဖန်တီးခဲ့ရာ YouTube မှာ ကြည့်ရှုမှု သန်း ၄၀၀ကျော်၊ Spotify နဲ့ SoundCloud မှာ စုစုပေါင်း နားဆင်မှုအကြိမ်ရေ သန်း ၂၀၀ နီးပါး ရှိခဲ့ပါတယ်။ Fade ကို ပြန်လည်သီဆိုထားတဲ့ Faded ဟာလည်း YouTubeမှာ ကြည့်ရှုမှု သန်း ၂၉၀၀ ကျော် ရှိပြီး Spotify မှာ နားဆင်မှု သန်း ၁ ထောင်ကျော် ရှိပါတယ်။ Alan Walker ရဲ့ Alone, Ignite, Darkside, On my way, Heading home… စတာတွေဟာလည်း နာမည်ကျော်ပါတယ်။

သူဟာ MTV Europe Music Awards (2016, 2017, 2018), The Cannes Lions Award (2016), WDM Radio Awards (2017), Swiss Music Awards (2017) နဲ့ International Dance Music Awards (2018) တို့ကို ဆွတ်ခူးနိုင်ခဲ့သလို DJ မဂ္ဂဇင်းရဲ့ အကောင်းဆုံး DJ သမား ၁၀၀ စာရင်းမှာလည်း ၂၀၁၆၊ ၂၀၁၇၊၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ငါးနှစ်ဆက် ပါဝင်နိုင်ခဲ့ပါတယ်။

Alan Walker ကို Follow လုပ်ထားသူတွေဟာ Facebookမှာ ၆ သန်းကျော်၊ Instagram မှာ ၈ သန်းကျော် နဲ့ Twitter မှာ ၇ သိန်းကျော်ရှိပါတယ်။ သူ့ရဲ့ YouTube Channel မှာလည်း Subscribers ပေါင်း ၃၈ သန်းကျော်အထိ ရှိသလို စုစုပေါင်း ကြည့်ရှုမှုဟာလည်း သန်းပေါင်း ၉၅၀၀ ကျော် ရှိပါတယ်။ သူဟာ YouTube ကနေ ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေတာပါ။

သူ့ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၁၅ သန်း ဝန်းကျင်ခန့်ရှိပါတယ်။ သူဟာ အောင်မြင်နေပေမယ့် အရှုပ်အရှင်း၊ နာမည်ပျက် မရှိသူပါ။ အချစ်ရေးမှာဆိုရင်တော့ သူဟာ Viivi Niemi နဲ့ တွဲခုတ်လျက်ရှိနေပါတယ်။

Wai Lin, Nine Thuwun
Photo – Wiki

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here