Moon Knight မှာစရိုက် ၂မျိုးနဲ့ပီပီပြင်ပြင်သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ချီးမွမ်းခြင်းခံနေရတဲ့ Oscar Isaac အကြောင်း MM+ ပရိသတ်တွေကိုပြောပြပေးချင်ပါတယ်။
အမည်ရင်း Óscar Isaac Hernández Estrada ဖြစ်ပြီး ဂွာတီမာလာဖွားအမေရိကန်ဖြစ်ပါတယ်။ မတ်လ ၁၉၇၉ မွေးတဲ့သူဆိုတော့ အသက် ၄၃နှစ်ရှိပါပြီ။ မွေးချင်း ၂ယောက်ရှိပြီး အစ်မဖြစ်သူက ရာသီဥတုရေးရာပညာရှင်ဖြစ်ပြီး ညီဖြစ်သူကတော့စာနယ်ဇင်းသမားပါ။ သူဟာ Evangelical Christian ဖြစ်ပါတယ်။ အရပ် ၅ပေ ၈လက်မခွဲရှိပါတယ်။
အမေရိကကို ၅လသားအရွယ်ကတည်းကမိသားစုနဲ့အတူပြောင်းရွှေ့လာခဲ့တဲ့ Oscar ဟာငယ်ငယ်ကကျောင်းမှာဆရာဆရာမတွေရဲ့အော်ကြောလန်လေးပါ။ “ကျောင်းအားကစားရုံက မီးငြှိမ်းရေပန်းကိုဖွင့်ပစ်တယ်။ နံရံပေါ်ကပန်းချီကားတွေရဲ့မျက်နှာကိုဖျက်ဆီးပစ်တယ်။ ပေါက်တက်ကရအစုံလုပ်တာပေါ့ဗျ” လို့အင်တာဗျူးတခုမှာပြောဖူးပါတယ်။ သူကအတန်းဖော်တွေရှေ့မှာဟာသတွေလုပ်လေ့ရှိတဲ့အတွက် ဆရာတွေကသူ့ခုံပတ်ပတ်လည်မှာ အကာတခုကာထားရတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲလူဆိုးလေး Oscar ဟာ ၇တန်းလောက်မှာပဲ ကျောင်းထုတ်ခံလိုက်ရပါတယ်။
New York မြို့ကနာမည်ကြီး Julliard သရုပ်ဆောင်သင်တန်းကျောင်းကိုမတက်ခင်အောက်ခြေသိမ်းအလုပ်မျိုးစုံ လုပ်ခဲ့ဖူးသူပါ။ ဟင်းချက်စရာတွေရောင်းတဲ့ဆိုင်မှာလုပ်ဖူးတယ်၊ စားပွဲထိုးလုပ်ဖူးတယ်။ သူအချိန်အကြာဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့ ဖခင်ဖြစ်သူအဆုတ်အထူးကုဆရာဝန်အလုပ်လုပ်နေတဲ့ဆေးရုံက အထွေထွေလုပ်သားအဖြစ်ပါ။ သူ့အဓိကတာဝန်ကတော့အလောင်းတွေကိုရေခဲတိုက်ထဲပို့ပေးရတာဖြစ်ပါတယ်။ Julliard ကျောင်းလျှောက်တော့ သူဟာဆေးရုံမှာအလုပ်လုပ်နေတဲ့ကာလပတ်လုံး သေခြင်းတရားကိုနေ့တိုင်းမြင်တွေ့နေခဲ့ရတဲ့အတွက် ဒီအတွေ့အကြုံဟာသရုပ်ဆောင်ရာမှာအထောက်အကူပြုမှာဖြစ်ကြောင်း လျှောက်လွှာမှာထည့်ရေးခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်မဖြစ်မီက Blinking Underdogs လို့ခေါ်တဲ့ပန့်ခ်တီးဝိုင်းမှာ အဆိုနဲ့ လိဒ်ဂစ်တာသမားအဖြစ်ပါဝင်ခဲ့ဖူးပါသေးတယ်။ ပြဇာတ်တွေမှာလည်းသရုပ်ဆောင်ဖူးသလို ရုပ်ရှင်နဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်းမထင်မရှားနေရာတွေကသရုပ်ဆောင်ခဲ့ဖူးပါတယ်။
သူ့ကိုအဓိကလူသိများသွားစေတဲ့ရုပ်ရှင်ကတော့ Coen Brothers ရိုက်ကူးတဲ့ ဟာသဒရာမာရုပ်ရှင် Inside Llewyn Davis ဖြစ်ပါတယ်။ ပြီးတော့ Julliard ကျောင်းမှာကတည်းကအတန်းဖော်သူငယ်ချင်းဖြစ်သူ Jessica Chastain နဲ့အတူတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ A Most Violent Year မှာလည်းပရိသတ်အားပေးမှုရခဲ့ပြန်တယ်။ အဲ့ဒီနောက်မှာတော့ Oscar ကိုနာမည်ကြီးရုပ်ရှင်တိုင်းလိုလိုမှာ တွေ့ရလာတဲ့အထိအောင်မြင်လာပါတော့တယ်။
သူဟာအဓိကဇာတ်ဆောင်နေရာကသရုပ်ဆောင်ရမှမဟုတ်ဘဲ ဇာတ်ကောင်စရိုက်ပီပြင်ဖို့ကိုပဲအာရုံစိုက်တဲ့ character actor ဖြစ်တဲ့အတွက် သူ့ကို Dustin Hoffman, Robert De Niro, Al Pacino စတဲ့သရုပ်ဆောင်တွေနဲ့တင်စားကြပါတယ်။ ကျနော်ကတော့သူ့ကို Llewyn Davis, Ex Machina နဲ့ Moon Knight မှာသဘောအကျဆုံးပါပဲ။
Moon Knight မှာ Oscar ရဲ့ Steven Grant ဇာတ်ကောင်ရဲ့ ဗြိတိသျှလေသံကိုသတိထားမိကြမယ်ထင်ပါတယ်။ အမှန်တော့ဒီလေသံဟာဇာတ်ညွှန်းရေးဆရာတွေရေးသားခဲ့စဉ်ကမပါဝင်ဘဲ Oscar ကသူ့စိတ်ကူးနဲ့ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ “ဇာတ်ညွှန်းထဲမှာအမေရိကန်နိုင်ငံသား Marc နဲ့ Steven ဟာစရိုက်ပဲကွာတာဗျ။ ကျနော်ကလေယူလေသိမ်းပါကွာသင့်တာပေါ့လို့ယူဆတယ်” လို့ Oscar ကအင်တာဗျူးတခုမှာပြောပါတယ်။
ဗြိတိသျှလေယူလေသိမ်းအတိုင်းပြောမယ့်သူ့အယူအဆကိုအစပိုင်းမှာစီစဉ်သူတွေကသဘောမကျကြပါဘူး။ ဒါပေမယ့် Oscar ကဒါကိုသဘောမတူဘူးဆိုရင် သူနဲ့ဒီဇာတ်ရုပ်နဲ့ဖြစ်မှာမဟုတ်ဘူးလို့ပြောလာတဲ့အတွက် လက်ခံလိုက်ရပါတယ်။ ဒီအချက်ကိုကြည့်ရင် Oscar အနေနဲ့ Marvel လိုစတူဒီယိုကြီးတွေကိုတောင်သြဇာလွှမ်းနိုင်တာတွေ့ရပါလိမ့်မယ်။
Oscar နဲ့ MCU ကာလရှည်စာချုပ်ချုပ်ထားတာမျိုးမရှိတဲ့အတွက် Moon Knight ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဘာမှရေရေရာရာမသိရသေးပါဘူး။ “Moon Knight ရဲ့ဇာတ်လမ်းကတော့ဒီလောက်နဲ့ပဲပြီးသွားပါပြီ။ အသစ်ထပ်ရိုက်မရိုက်ဆိုတာကတော့ ပရိသတ်တွေလက်ခံမခံအပေါ်မူတည်သလို ဇာတ်လမ်းကောင်းတွေရှိမရှိဆိုတာအပေါ်လည်းမူတည်ပါတယ်” လို့ Variety နဲ့အင်တာဗျူးမှာမယုတ်မလွန်ပြောသွားခဲ့ပါတယ်။
Dune မှာ Leto Atreides အဖြစ်သရုပ်ဆောင်ပြီးနောက်ပိုင်း ပရိသတ်တွေကသူ့ကိုချစ်စနိုးနဲ့ daddy လို့ခေါ်ကြရာကနေ internet boyfriend ဖြစ်လာတဲ့ Oscar ဟာအိမ်ထောင်သည်တယောက်ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဒိမ်းမတ်လူမျိုးဒါရိုက်တာ Elvira Lind နဲ့ ၂၀၁၇ခုနှစ်မှာလက်ထပ်ခဲ့ပြီး သားလေး ၂ယောက်နဲ့အတူ ဘရွတ်ကလင်းမှာနေထိုင်လျက်ရှိပါတယ်။
သူအသံနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ Spider-Man: Across the Spider-Verse ဟာ ၂၀၂၃မှာထွက်ရှိလာမှာဖြစ်ပါတယ်။ Sony ရဲ့ Metal Gear Solid ရုပ်ရှင်မှာ Solid Snake အဖြစ်ပါဝင်မှာဖြစ်ပေမယ့် အခုထိဇာတ်လမ်းရှာနေဆဲလို့သိရပါတယ်ခင်ဗျား။