Advertisement

မနက်စာကိုရှင်ဘုရင်လိုစားချင်တဲ့သူတွေအတွက်တိုင်းရင်းသားစားသောက်ဆိုင်ရဲ့ဘူဖေးမနက်စာအကြောင်းပြောပြပေးချင်ပါတယ်။ ပထမဆုံးပြောချင်တာကဘူဖေးက ၇၀၀၀ ပေမယ့် tax + service charge ထည့်ပေါင်းရင်တော့ ၈၀၀၀ ကျတယ်ဆိုတာပါ။

ဘူဖေးကအပတ်စဉ် ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့ မနက် ၇နာရီကနေ ၁၁နာရီအတွင်းရပါတယ်။ မီနူးတခုမှာအစားအသောက်ပေါင်း ၁၅မျိုးလောက်ပါတတ်ပြီး မီနူးတွေကအမြဲလိုလိုပြောင်းတတ်တဲ့အတွက်ကျနော်အရင်အပတ်စနေနေ့ကစားခဲ့တဲ့မီနူးဟာ ဒီအပတ်စနေနေ့နဲ့တူချင်မှတူပါလိမ့်မယ်။ ဘူဖေးမစခင် တရက် ၂ရက်အလိုမှာ သူ့ Facebook မှာမီနူးအသစ်တင်ပေးတတ်ပါတယ်။

ကျနော်ရောက်သွားတော့ ၉နာရီလောက်ရှိပြီ။ ကောင်တာ ၂ခုရှိပြီး တခုမှာ ပဲပြုတ်ဆီဆမ်းထမင်း၊ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲလိုစားစရာတွေရှိပြီး နောက်တခုမှာတော့အသုပ် ၃မျိုးရှိပါတယ်။ ပထမဆုံးအထမ်းမြှီးရှည်နဲ့စဖွင့်လိုက်တယ်။ မန္တလေးစတိုင်အထမ်းမြှီးရှည်မို့ရန်ကုန်မှာစားတဲ့မြှီးရှည်တွေနဲ့မတူဘူး။ ကော်ရည်စီးစီးလေးနဲ့အဆိမ့်ဘက်သွားတယ်။ ကြက်နဲ့ဝက် ၂မျိုးရှိပြီး ဝက်သုံးထပ်သားတွေထည့်ထားတာမို့တော်တော်စားကောင်းပါတယ်။ အီကြာကွေးကြော်လေးတွေကလည်းကြွပ်ကြွပ်ရွရွ။ ကြက်သားစွပ်ပြုတ်ကလည်းချိုပြီးသောက်လို့ကောင်းတယ်။ အထမ်းမြှီးရှည်ကိုတော့စားဖြစ်အောင်စားပါ။

နောက်တပွဲကတော့ပဲပြုတ်ဆီဆမ်းထမင်းကို ကြက်ဥကြော်သုပ်၊ ငါးနီတူကြော်၊ ကြက်စဥကြော်တွေနဲ့စားဖြစ်တယ်။ သူကတော့နေ့တိုင်းစားနေကျပဲပြုတ်ဆီဆမ်းထမင်းပါပဲ။ ၉နာရီထိုးနေပေမယ့်အကြော်တွေကတော့ကြွပ်ပါသေးတယ်။ နည်းနည်းလေးလျော့သွားတိုင်းလာဖြည့်ပေးတဲ့အတွက်ကုန်သွားမှာတော့စိုးရိမ်စရာမလိုဘူးနော်။

နောက်တပွဲကတော့တို့ဟူးနွေးပါ။ သူလည်းဆိမ့်ဆိမ့်နွေးနွေးနဲ့စားလို့ကောင်းတယ်။ အထမ်းမြှီးရှည်နဲ့ တို့ဟူးနွေးကကိုယ်မှာမှပြင်ပေးတာဖြစ်တဲ့အတွက်အစပ်အဟပ်မတည့်မှာမပူနဲ့နော်။ ငရုတ်သီးချက်နဲ့အချဉ်ကိုတော့သူတို့မထည့်ပေးဘဲကိုယ်ကြိုက်သလိုထည့်စားလို့ရအောင်ထားပေးထားပါတယ်။ ကျနော်ကတော့အချဉ်အစပ်ကြိုက်လို့များများလေးထည့်စားတယ်။ ရေနွေးကြမ်းပူပူလေးနဲ့ပေါ့ဗျာ။

လက်ဘက်ရည်ဆိုင်မှာရတတ်တဲ့စမူဆာ၊ သကြားပလာတာ၊ ပဲအီကြာနဲ့ တို့ဟူးကြော်တွေလည်းနည်းနည်းစီမြည်းခဲ့သေးတယ်။ သူတို့ကတော့ပုံမှန်ပါပဲ။ နှပ်ကော်ဖီကတော့ခါးခါးကျကျနဲ့သောက်လို့ကောင်းပါတယ်။ နှပ်လက်ဘက်ရည်နဲ့ရေနွေးကြမ်းလည်းရှိတယ်။

အချိုပွဲကတော့ကောက်ညှင်းဆီထမင်းတို့ ဆနွင်မကင်းတို့ရှိတယ်။ အသီးပွဲလည်းပါတယ်။ အချိုရည်ကြိုက်တဲ့သူတွေအတွက်အအေးလည်းပါပါတယ်။ ကျနော်သွားတဲ့နေ့ကတော့ ဇီးနဲ့ပင်ပွား။ တချို့နေ့တွေမှာတော့ကျောက်ကျောရတယ်။ မနက်စာအအေးသောက်လေ့မရှိတဲ့အတွက်မသောက်ဖြစ်ခဲ့ပါဘူး။

ခြုံပြီးပြောရမယ်ဆိုရင်တော့ သူ့ဈေးနှုန်းကမနက်စာအတွက်တော့နည်းနည်းများတယ်။ နောက်ပြီးမနက်ဘက်အစာအများကြီးမစားတတ်တဲ့သူတွေအတွက်လည်းသိပ်တော့အဆင်ပြေမှာမဟုတ်ဘူး။ ဒါပေမယ့်အရသာရှိပြီးမြန်မာ့မနက်စာတွေအများကြီးကိုတနေရာတည်းမှာအစုံစားလို့ရတဲ့အတွက် နိုင်ငံခြားသားဧည့်သည်တွေကိုခေါ်သွားလို့ကောင်းတယ်။ တခါတလေမိသားစုလိုက်ပျော်ပျော်ပါးပါးသွားဖို့ သူငယ်ချင်းတွေနဲ့စကားပြောရင်းအေးဆေးစားလို့လည်းသင့်တော်ပါတယ်။

အကြံပေးချင်တာကတော့နောက်ပိုင်းတွေမှာရှမ်းမနက်စာ၊ မန္တလေးမနက်စာ စသဖြင့်ဒေသတခုချင်းစီမှာစားလေ့ရှိတဲ့မနက်စာပုံစံလေးတွေသက်သက်လုပ်သွားဖို့ပါပဲ။ အဲ့ဒါဆိုရင်စားသုံးသူတွေအနေနဲ့လည်းဒေသတခုချင်းစီရဲ့အစားအသောက်လေးတွေကိုမြည်းကြည့်လို့ရတာပေါ့နော်။

MM+ Rating: 3/5

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here