Advertisement

Café Salween ဆိုရင်တော့ foodie တွေရော ကော်ဖီချစ်သူတွေရောမသိတဲ့သူမရှိသလောက်ပါပဲ။ မြန်မာအစားအသောက်နဲ့မုန့်တွေကိုပဲ အနောက်တိုင်းဟန်နဲ့တဆင့်မြှင့်ထားတဲ့ menu တွေရယ် အရသာစုံလင်လှတဲ့ကော်ဖီအပူအအေးတွေရယ်ကြောင့် ရန်ကုန်ကော်ဖီဆိုင်တွေထဲစားသုံးသူအခိုင်အမာရထားပြီးပါပြီ။ Salween Group ကပဲ Salween 180 ဆိုတဲ့နာမည်နဲ့ rooftop bar လောကထဲဝင်လာပါပြီ။

ဆိုင်ကဖွင့်တာ တလကျော်လောက်ပဲရှိသေးတယ်။ ဗားကရာလမ်းပေါ်က Parkside One Building ရဲ့အပေါ်ဆုံးထပ် ၈လွှာမှာဖွင့်ထားတာပါ။ ၁၂ထပ်မှာရှိတဲ့ Atlas နဲ့ အထပ် ၂၀မှာရှိတဲ့ YangonYangon တို့လိုနာမည်ကြီး rooftop bar တွေနဲ့ယှဉ်လိုက်ရင်တော့ ၈လွှာဆိုတာသိပ်မမြင့်ဘူးလို့ပြောရမယ်။ ဒါပေမယ့် rooftop bar တွေရဲ့အရည်အသွေးကိုအထပ်မြင့်တာတခုတည်းနဲ့လည်း ဆုံးဖြတ်လို့မရသေးပါဘူး။ View၊ service နဲ့ အစားအသောက်တွေကိုလည်းကြည့်ရပါဦးမယ်။

View အရဆိုရင်တော့ရွှေတိဂုံဘုရားကိုဖူးတွေ့ရတဲ့နေရာနဲ့ နေဝင်ချိန်ကြည့်လို့ရတဲ့နေရာဆိုပြီး ၂မျိုးရှိတယ်။ ရွှေတိဂုံစေတီရှုခင်းနဲ့နေရာကျတော့ပိုကျယ်ပြီး couch တွေ စားပွဲအရှည်တွေနဲ့မို့ lounge ဆန်တယ်။ နေဝင်ချိန်ရှုခင်းကြည့်လို့ရတဲ့နေရာကျတော့ ခုံအရှည်လေးတွေ စားပွဲလေးတွေနဲ့မို့ bar vibe ပိုရပါတယ်။ မိုးရွာနေပူတဲ့အချိန်တွေဆိုအလယ်က main building မှာလည်းထိုင်လို့ရပါတယ်။

ကျနော်ကတော့ရွှေတိဂုံဘုရားရှုခင်းရှိတဲ့ဘက်မှာထိုင်ဖြစ်ခဲ့တယ်။ ရောက်သွားတဲ့အချိန်က ၄ခွဲလောက်ဆိုတော့ နေရှိန်ကတော့ရှိနေသေးတယ်ဗျ။ ကျနော်လည်းနေရိပ်တဲ့နေရာမှာထိုင်ရင်း menu ကိုကြည့်လိုက်တော့ Café Salween ကအစားအသောက်၊ အချိုပွဲနဲ့ ကော်ဖီ menu တွေတော်တော်များများပြန်ပါလာတာတွေ့ရတယ်။ Cocktail နဲ့ Wine menu သက်သက်စီရှိတယ်။ Food menu ရဲ့ Small Plate section ကတော့ရွေးစရာပိုများသွားတယ်။ Prawn cheese balls၊ Chicken wings စသဖြင့်အမြည်းတွေတော်တော်စုံပါတယ်။ ကျနော်ကတော့ Baked Fish with Kachin Herbs in Banana Leaves (ကျပ် ၈၀၀၀) မှာလိုက်တယ်။ Cocktail ထဲမှာတော့ Salween ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေထဲက Shan Hills are Calling (ကျပ် ၉၅၀၀) မှာလိုက်ပါတယ်။

Shan Hills ကအရင်ရောက်လာပါတယ်။ Bartender က Campari နဲ့ ရှမ်းလက်ဘက်ခြောက်ရည်စပ်ထားတဲ့ ဖျော်ရည်ကိုသက်သက်ယူလာပြီး စားပွဲပေါ်ရောက်တော့မှလိမ္မော်ခွံခြောက်လေးဖုံးထားတဲ့ ခွက်ထဲလောင်းထည့်ပေးတယ်။ လိမ္မော်ခွံခြောက်လေးကိုဖြတ်စီးပြီးမှကျသွားလို့လိမ္မော်ခွံရဲ့အမွှေးနံ့လေးပါ ပါသွားပုံရတယ်။ (ခွက်ထဲကအမည်းဖတ်လေးတွေကလက်ဘက်ခြောက်အမှုန်လေးတွေပါ။) သောက်ကြည့်တော့ လိမ္မော်ရည်၊ ပျားရည်ရဲ့ချိုချိုချဉ်ချဉ်အရသာနဲ့ Campari၊ Bacardi၊ ရှမ်းလက်ဘက်ခြောက်ရည်တို့ရဲ့ခါးသက်တဲ့အရသာကိုတပြိုင်နက်ရပါတယ်။ အဝင်ကောင်းသလို ခံတွင်းလည်းရှင်းတယ်။

၁၅မိနစ်လောက်ကြာတော့ Baked Fish ရောက်လာပါပြီ။ အရိုးထုတ်ထားတဲ့ငါးဒန်ကိုအတုံးလေးတွေတုံးပြီး ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ရောကင်ထားတာမို့ ငှက်ပျောဖက်ကိုဖွင့်လိုက်တာနဲ့ အနံလေးကမွှေးနေတာပဲ။ အရွက်လေးတွေကြောင့်ငါးနံ့ပျောက်သွားပြီး မအီဘဲစားလို့ပိုကောင်းတယ်။ ဒါကိုတော့မြည်းကြည့်ဖို့ညွှန်းပါတယ်။

ပထမဆုံးပွဲစားပြီးသွားတော့ ၅နာရီလည်းကျော်သွားပြီမို့နေလည်းအေးသွားပါပြီ။ လေအေးလေးတိုက်တာခံရင်း Shan Hills အရှိန်ကလည်းတက်ရင်းနဲ့တော်တော်တော့နေလို့ကောင်းတယ်ဗျ။ ၁၀မိနစ်လောက်နားပြီးတော့မှ Main Dish ကိုဆက်မှာပါတယ်။

Steak menu ထဲက Laphet Pork Chop (ကျပ် ၁၅၀၀၀) ကိုရွေးလိုက်ပါတယ်။ အရွက်မှာလက်ဖက်၊ အသားမှာဝက်ဆိုတဲ့စကားကလည်းရှိနေတော့လက်ဖက်ရွက်အနှစ်တွေနဲ့ကင်ထားတဲ့ဝက်သားက ဘယ်လိုနေမလဲသိချင်တာလည်းပါတာပေါ့။ Cocktail ထဲမှာတော့ happy hour drink ဖြစ်တဲ့ Yangon’s Rainbow (ကျပ် ၈၅၀၀) ကိုမှာလိုက်ပါတယ်။ ဒီ cocktail ကရန်ကုန်မြို့ရဲ့ LGBTQ+ community ကို celebrate လုပ်တဲ့အနေနဲ့ထုတ်ထားတာလို့ staff ကရှင်းပြပါတယ်။ ကြာသာပတေးနေ့ညနေ ၄နာရီနောက်ပိုင်း ဒီ drink ကို small plate (သို့) main dish တပွဲနဲ့တွဲမှာရင် buy 1 get 1 ရပါသတဲ့။

ဝက်သားကင်လည်း ၁၅မိနစ် မိနစ် ၂၀လောက်တော့စောင့်ရပါတယ်။ အသားကတော့ smokey နံ့နဲ့ လက်ဖက်နံ့လေးသင်းနေတယ်။ လက်ဖက်ဆော့စ်ဆမ်းထားလို့ခါးသက်သက်လေးနဲ့ဝက်သားကမအီဘူး။ အသားက melt in your mouth မဟုတ်ပေမယ့်နူးညံ့ပါတယ်။ အသားထုကိုအလယ်ကဓားနဲ့လွှာထားပြီး လက်ဖက်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးလေးတွေသိပ်ထည့်ထားတာမို့လက်ဖက်အရသာကအသားထဲထိဝင်တယ်။ အသားတော်တော်ကြီးတာမို့ဗိုက်တော့ပြည့်တယ်။ အာလူးတွေကတော့အကျက်မညီဘူး။ တချို့အလုံးလေးတွေကမာပါတယ်။

Vodka၊ tequila၊ midori၊ သလဲသီးဖျော်ရည်တွေပါတဲ့ Yangon’s Rainbow ကတော့တော်တော်လှပြီး Instagrammable ဖြစ်တယ်။ ဒါပေမယ့်အရသာကအရမ်းချိုနေသလိုပါပဲ။ ဖျော်ရည်နဲ့ပိုတူနေတယ်။ Cocktail ထဲမှာတော့ Shan Hills ကိုပိုကြိုက်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ဈေးနှုန်းတွေက ၈၀၀၀၊ ၁၀၀၀၀ ဝန်းကျင်တွေမို့ reasonable ဖြစ်ပါတယ်။ Staff တွေကတော့တော်တော်လေးဂရုစိုက်တယ်။ Food or drink တခုခုချပြီးသွားလို့ခဏကြာရင် “အဆင်ပြေရဲ့လား၊ ဘာများပြင်စရာရှိသေးလဲခင်ဗျာ” လို့ customer တိုင်းကိုမေးပါတယ်။

ကျနော့်အမြင်ကတော့ main dish တွေကိုဗိုက်ပြည့်သွားအောင်စားတာထက် small plate လေးတွေ ၂ ပွဲ ၃ပွဲလောက်မှာပြီး cocktail နဲ့ငြိမ့်တာကပိုကောင်းပါလိမ့်မယ်။ ထိုင်လို့အကောင်းဆုံးအချိန်ကတော့ ညနေ ၅နာရီနောက်ပိုင်းပါ။ နေ့စဉ် happy hour deal တွေရှိတာမို့မမှာခင်အရင်မေးနော်။

No 271, Parkside One Building, Bagaya Street, Yangon
09 776 774 058
12pm – 11pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here