Rangoon Tea House ဆိုတာရန်ကုန်မှာတော့မိတ်ဆက်စရာမလိုတဲ့စားသောက်ဆိုင်ပါပဲ။ မြို့လယ်ကောင်ကနေ ရွှေတောင်ကြားထဲပြောင်းရွှေ့သွားခဲ့ပေမယ့် အခုထိစားသုံးသူပရိသတ်အခိုင်အမာရှိနေဆဲပါ။ အခုလည်း Junction Square Crystal Tower ထဲမှာဒုတိယမြောက်ဆိုင်ခွဲကိုဖွင့်လှစ်လိုက်ပါပြီ။
ဆိုင်ကဖွင့်တာ ၂ပတ်လောက်ပဲရှိသေးပေမယ့် ကျနော်ရောက်သွားတော့လူတော်တော်များတယ်ဗျ။ တနင်္ဂနွေနေ့နေ့လယ်စာစားချိန်မို့လားတော့မသိဘူး။ ဆိုင်ထဲမှာနေရာတွေပြည့်နေပေမယ့်ဆိုင်အပြင်ဘက်လျှောက်လမ်းမှာ တနေရာရခဲ့ပါတယ်။ ပိတ်ရင်သွားမယ်ဆိုရင်တော့ reservation လုပ်ထားတာကောင်းပါလိမ့်မယ်။
ရွှေတောင်ကြားထဲက RTH ကရှေးဆန်ဆန်ဆောက်ထားတဲ့အိမ်ကြီးထဲမှာဆိုတော့ရင့်ကျက်တဲ့အသွင်ဆောင်ပြီး Crystal Tower RTH ကျတော့ခေတ်ဆန်တဲ့အသွင်အပြင်ရှိတယ်။


ဆိုင်သစ်မို့ menu အသစ်ရှိလားလို့မေးကြည့်ပေမယ့် မရှိဘူးလို့ဝန်ထမ်းကပြန်ဖြေပါတယ်။ အဲ့ဒါနဲ့ lunch menu ရဲ့ small plate section ထဲကပုစွန်ပူရီ (ကျပ် ၁၉၀၀၀) ကိုမှာလိုက်ပါတယ်။ Small plate ကို ၁၉၀၀၀ မို့ဈေးကြီးတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် ဟင်းပွဲရောက်လာလို့ ကျားပုစွန်ကြီး ၆ကောင်ကိုမြင်လိုက်ရတဲ့အခါမှာတော့ တန်တယ်လို့တွေးမိလာပါလိမ့်မယ်။
ကြွပ်ကြွပ်လေးကြော်ထားတဲ့ပူရီအချပ်လေးတွေပေါ်မှာ ပုစွန်တွေကိုတင်ထားပြီးအပေါ်ကမရောနိစ်ဆမ်းထားတာပါ။ ပုစွန်ကချိုပြီးလတ်ဆတ်တယ်။ ပူရီ ၆ခုမှာ ၂ခုလောက်ကတော့သိပ်မကြွပ်ဘဲဝါးရတာနည်းနည်းမာတယ်။ မရောနိစ်ဆမ်းထားလို့နည်းနည်းအီပေမယ့် စားလို့ကောင်းတဲ့ appetiser ပါ။ ၁၅မိနစ်စောင့်ရပါတယ်။

Main dish အတွက်ကတော့မိုင်းသာဝက်သုံးထပ်သားကင် (ကျပ် ၁၄၅၀၀) ကိုရွေးလိုက်ပါတယ်။ Drink ထဲမှာကော့တေးတွေရှိပေမယ့် နေ့လယ် ၁ နာရီနေကျဲကျဲတောက်ပူနေချိန်မို့ non-alcoholic drink ထဲက Honey Trap (ကျပ် ၆၀၀၀) ကိုပဲမှာလိုက်ပါတယ်။
ဆယ်မိနစ်လောက်အကြာမှာ ၂ခုလုံးရှေ့ဆင့်နောက်ဆင့်ရောက်လာပါတယ်။ မိုင်းသာဝက်သားကင်ကတော့တော်တော်ကောင်းတယ်ဗျ။ အသားကနူးနေပြီးနည်းနည်းဝါးလိုက်တာနဲ့ ကြေညက်သွားတယ်။ Menu ထဲမှာကတော့ အသားကိုငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းတို့နဲ့နပ်ပြီး မီးအေးအေးနဲ့ smoke လုပ်ထားတယ်လို့ပြောပါတယ်။
ဘာပဲဖြစ်ဖြစ်ဒီဟင်းပွဲကိုအချိန်ပေးပြီးဂရုတစိုက်ဖန်တီးထားတယ်ဆိုတာကတော့ တဖတ်စားကြည့်ရုံနဲ့မြင်သာပါတယ်။ သူ့မှာပါတဲ့အချဉ်နဲ့တို့စားတာကောင်းပေမယ့် အသားပေါ်ရှောက်သီးလေးနည်းနည်းညှစ်ပြီး ပန်းကန်ထဲမှာပါတဲ့ပူစီနံ တရုတ်နံနံတို့နဲ့တွဲစားတာကိုပိုကြိုက်ပါတယ်။ အချဉ်ရည်တို့တာများသွားရင်အချဉ်အရသာကြီးကလွှမ်းသွားတယ်လို့ခံစားမိလို့ပါ။


အအီပြေသောက်စရာကတော့ Honey Trap ပေါ့။ သူက ginger tea၊ ပျားရည်နဲ့ citrus juice (သံပုရာရည် သို့မဟုတ် ရှောက်ရည်) နဲ့ပေါင်းထားတာမို့ ချိုချဉ်ရှတတလေး။ အအီပြေတဲ့အပြင် ရေငတ်လည်းပြေပါတယ်။
စားပြီးအချိုတည်းဖို့ dessert menu ထဲက pandan crème brulee ကိုမှာလိုက်ပေမယ့် လတ်တလောအချိုပွဲတွေထဲမှာ cheesecake တမျိုးပဲရမယ်လို့ဝန်ထမ်းကပြောပါတယ်။ ကျနော်လည်း cheesecake သိပ်မကြိုက်တာနဲ့မမှာဖြစ်လိုက်ပါဘူး။
Experience ကတော့ Rangoon Tea House ပီပီအပြစ်ပြောစရာသိပ်မရှိလှပါဘူး။ ပုစွန်ပူရီကနည်းနည်းအီတယ်လို့ခံစားမိပေမယ့် ဒီအရသာကိုပဲကြိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဝက်သားကင်ကတော့ပြောစရာမရှိအောင်ကောင်းတယ်။ နောက်တခေါက်လာဖြစ်ရင်တော့ dessert တွေအသင့်ဖြစ်နေမယ်ထင်ပါတယ်။
မြေညီထပ်၊ Crystal Tower၊ Junction Square၊ (Ippudo Ramen ဘေး)၊ ရန်ကုန်။
09 776 4366 53
7am – 10pm