Advertisement

Rauu ကိုဗီယက်နမ်အစားအသောက်တွေအိမ်တိုင်ရာရောက်လိုက်ပို့တဲ့ online shop လေးအဖြစ် သတိထားမိနေတာတော့ကြာပါပြီ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့်မှာမစားဖြစ်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ပတ်လောက်ကလမ်း ၄၀အောက်လမ်းမှာဆိုင်ခန်းလေးစဖွင့်ပြီဆိုတာတွေ့တော့မှသွားစားဖြစ်ခဲ့ပါတယ်။

Admin ရောက်သွားတော့စနေနေ့ညနေခင်းလောက်ပါ။ လေးထပ်တိုက်ရဲ့အပေါ်ဆုံးလွှာမှာရှိပြီး လမ်းလျှောက်လာမယ်ဆိုရင် ကုန်သည်လမ်းဘက်ကဝင်ရင်ပိုနီးပါတယ်။

ဆိုင်လေးကအိမ်ရှေ့ခန်းနဲ့အနောက်ဘက်ခန်းဆိုပြီး ၂ပိုင်းခွဲထားတယ်။ အိမ်ရှေ့ခန်းကစားသောက်ဆိုင်နဲ့ပိုတူပြီး စားပွဲပိုများတယ်။ အနောက်ဘက်ခန်းကတော့ couch တွေဘာတွေနဲ့သီးသီးသန့်သန့်ရှိလို့ လူများတယ်ဆိုရင်အနောက်ဘက်ခန်းမှာထိုင်ဖို့အကြံပေးချင်ပါတယ်။

Menu ကတော့ရိုးရိုးရှင်းရှင်းနဲ့တမျက်နှာတည်းပါ။ Food section မှာတော့ဗီယက်နမ်ခေါက်ဆွဲတွေနဲ့ ကော်ပြန့်လိပ်တွေကနေရာယူထားပါတယ်။ Drink နဲ့ Dessert section တွေလည်းရှိတယ်။ Admin က ဗီယက်နမ်ရိုးရာ Pho ခေါက်ဆွဲပြုတ်နဲ့ ပုစွန်ကော်ပြန့်စိမ်းမှာလိုက်ပါတယ်။ Pho ကအမဲသားနဲ့ကြက်သား ၂မျိုးရပြီး admin ကတော့အမဲသားနဲ့စားပါတယ်။ ကော်ပြန့်စိမ်းမကြိုက်တဲ့သူတွေအတွက် ကော်ပြန့်ကြော်လည်းရှိတယ်။

ကော်ပြန့်စိမ်း (ကျပ် ၈၀၀၀) ကအရင်ရောက်လာပါတယ်။ တပွဲမှာ ၅လိပ်ပါပြီး တလိပ်ကိုပုစွန်ခပ်ရွယ်ရွယ် ၃ကောင်စီပါတယ်။ အထဲကအစာတွေကလည်းလတ်လတ်ဆတ်ဆတ်ပါပဲ။ ဒါပေမယ့်ပူစီနံလိုအရွက်တွေက အလယ်မှာသွားစုနေတော့ အစွန်း ၂ဘက်ကအနံ့သိပ်မမွှေးသလိုခံစားမိတယ်။ အရွက်တွေကိုတလိပ်လုံးနှံ့အောင်ဖြန့်ထည့်နိုင်မယ်ဆိုရင်တော့ပိုကောင်းမှာပါ။ ကော်ပြန့်စိမ်းနဲ့တွဲစားဖို့ပေးတဲ့ ပဲဆော့စ်ကတော့အသက်ဗျ။ ဆိမ့်ဆိမ့်လေးနဲ့ကော်ပြန့်ရဲ့အရသာကိုပိုပြီးလေးလေးပင်ပင်ရှိစေတယ်။

ကော်ပြန့်စိမ်းစားရင်းသောက်ဖို့ဗီယက်နမ်ကော်ဖီအေး (ကျပ် ၆၀၀၀) မှာလိုက်ပါတယ်။ ကော်ဖီအေးကတော့ခပ်ပြင်းပြင်းခပ်ကျကျနဲ့ခံတွင်းရှင်းလို့ကြိုက်တယ်။ ကော်ဖီအပြင်းသောက်လေ့မရှိရင်တော့ staff ကိုပြောပြီးခပ်ပေါ့ပေါ့လေးဖျော်ခိုင်းပါ။ ဗီယက်နမ်ကြက်ဥကော်ဖီလည်းရပါတယ်။ Admin ကတော့ကော်ဖီထဲနို့နဲ့နို့ဆီကလွဲပြီး တခြားဟာတွေထည့်ရင်မကြိုက်လို့မသောက်ခဲ့ပါ။

Pho (ကျပ် ၁၂၀၀၀) ကတော့မှာပြီး ၁၅မိနစ်လောက်အကြာမှာရောက်လာတယ်။ ဟင်းရည်ကသူ့ချည်းပဲဆိုနည်းနည်းပေါ့ပေမယ့် အတူပါတဲ့ဆော့အနှစ် ၂မျိုးထည့်ပြီး သံပုရာသီးလေးညှစ်လိုက်တော့မြန်မာကြိုက်အရသာဖြစ်သွားပါတယ်။ အမဲသားဖတ်တွေကတော့နူးညံ့ပြီး ကြီးလည်းကြီးတယ်၊ များလည်းများတယ်။ အမဲသားကိုပဲအနှစ်ဆော့စ်လေးနဲ့တို့စားကြည့်ပါ။

Service ကတော့တော်တော်ကောင်းတယ်။ Staff တွေကဂရုစိုက်သလို ဆိုင်ရှင်ဗီယက်နမ်အမျိုးသမီးကလည်း ဘာလိုသေးလဲ၊ ပြင်စရာလိုရင်ပြောပါဆိုပြီးလာမေးပါတယ်။

မာလာရှမ်းကောတို့ ကွေ့သယိုတို့လိုချဉ်ငံစပ်တွေစားနေကျသူတွေအတွက်ကတော့ ဗီယက်နမ်အစားအစာတွေကိုချက်ချင်းခံတွင်းတွေ့ချင်မှတွေ့လိမ့်မယ်။ ဒါပေမယ့်မစားဖူးလို့စားကြည့်ချင်တယ်ဆိုရင်တော့ Rauu ကိုညွှန်းပါတယ်။

လောလောဆယ် soft opening ကာလမို့ reservation လုပ်ဖို့လိုပါတယ်။ Admin ကတော့ menu အသစ်တိုးရင်ထပ်သွားကြည့်ဖို့စိတ်ကူးတယ်။ MM+ ပရိသတ်ကြီးရောဗီယက်နမ်အစားအစာတွေကြိုက်လား။ Rauu ကိုရောရောက်ပြီးပြီလား။ Comment ပေးသွားပါဦး။

No 116, 40th Street, Lower Block, Kyauktada Township, Yangon
09 780 9299 09
9 am – 6 pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here