Advertisement

အရင်အပတ် သောကြာနေ့က Wyndham Grand Yangon Hotel မှာကျင်းပခဲ့တဲ့ Taste of Malaysia မလေးအစားအသောက်ပွဲတော်ကို MYANMORE ကတက်ဖြစ်ခဲ့ပါတယ်။ သူကမလေးရှားကပြည်နယ် ၁၄ခုရဲ့ နာမည်ကြီးဟင်းလျာတွေအပါအဝင် အစားအသောက်ပေါင်း ၉၉မျိုးပါတယ်။

ထားပါ။ ဒါတွေကမားကတ်တင်းသက်သက်ပါ။ တကယ့်လက်တွေ့မှာ ဘယ်သူကမှဟင်းပွဲ ၉၉မျိုးလုံးစုံအောင်မစားနိုင်ပါဘူး။ အဲ့ဒီတော့ admin ကဟင်းပွဲတွေအကုန်ရေးပြမနေတော့ဘဲ ခံတွင်းတွေ့ခဲ့တဲ့အစားအသောက်တွေနဲ့ တန်အောင်စားရမယ့် must try တွေကိုပဲပြောပြပေးပါ့မယ်။

မလေးအစားအစာသီးသန့်ကိုအရင်ပြောမယ်။ ဒီ category မှာဟင်းပွဲ၊ ခေါက်ဆွဲ၊ snack၊ ထမင်းအခြေခံစားစရာတွေနဲ့ အချိုပွဲဆိုပြီးအကြမ်းခွဲလို့ရတယ်။ ဟင်းပွဲတွေထဲမှာဆိုရင်တော့ Beef Randang ကမစားမဖြစ်ပါ။ သူကအမဲသားကိုဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အုန်းနို့ထဲမှာချက်ထားတာ။ မြန်မာအမဲနှပ်လောက်အနံ့မပြင်းဘဲ ချိုဆိမ့်ဆိမ့်နဲ့စားလို့ကောင်းတယ်။ အမဲသားမစားတဲ့သူတွေအတွက် ဆိတ်သားအုန်းနို့နှပ်နဲ့ ကြက်သားဟင်းလည်းရှိပါတယ်။ ကြက်သားထဲမှာဆိုရင် အရိုးထွင်ထားတဲ့ကြက်ပေါင်သားကို ငရုတ်ကောင်းနက်နဲ့ကင်ထားတဲ့ကြက်ကင်ကိုညွှန်းပါတယ်။ သူက pasta station ဘေးမှာရှိတယ်။ Curry တွေစားရတာအီလာရင် ဒီကြက်ပေါင်ကင်ကိုစားပါ။ Veggie ထဲမှာဆိုရင်တော့ admin ကကြက်ဥတို့ဖူးနဲ့အစိမ်းကြော်စားပါတယ်။

ခေါက်ဆွဲထဲမှာတော့ မပါမဖြစ် Laksa နဲ့ ဖက်ထုပ်ခေါက်ဆွဲတွေပါတယ်။ Char Kway Teow လို့ခေါ်တဲ့မလေးညှပ်ခေါက်ဆွဲလည်းပါပါတယ်။ Admin ကတော့ Char Kway Teow ပဲစားခဲ့ပါတယ်။ ဟိုခေါက်ဆွဲတွေကျတော့တပွဲလုံးဆိုဗိုက်တအားတင်းလို့မစားဖြစ်ခဲ့ပါ။

Snack တွေထဲမှာဆိုရင်တော့ Roti Jala ကိုကြိုက်ပါတယ်။ သူကပန်ကိတ်လိုမုန့်သားအိအိလေးတွေကိုမှ ကြက်သားအာလူးဟင်းနဲ့တွဲစားရတာပါ။ မုန့်သားလေးတွေကချိုချိုအိအိနဲ့ ကြက်သားဟင်းကအနံ့တော်တော်မွှေးပါတယ်။ ပြီးတော့အကင်ကြက်ကင်၊ အမဲကင်၊ ဆိတ်ကင်၊ ပြည်ကြီးငါးကင်၊ ရေဘဝဲကင်တွေရှိမယ်။ အဆာပြေတမျိုး တခုလောက်ပဲကောင်းပါတယ်။

ထမင်းထဲမှာဆိုရင်တော့ Nasi Lemak နဲ့ ဆိတ်သားဒံပေါက်ရှိပါတယ်။ Admin ကတော့ Nasi Lemak ပဲစားခဲ့တယ်။ ထမင်းအိုးထဲကထမင်းယူပြီး ကျန်တဲ့ condiment တွေကိုကိုယ့်စိတ်ကြိုက်ပန်းကန်ထဲထည့်စားလို့ရသလို မလေးရှား street food ဆိုင်တွေမှာလို ဖက်ကလေးနဲ့ထုပ်ထားတဲ့တယောက်စာထမင်းထုပ်ကလေးတွေလည်းရှိပါတယ်။ အထဲမှာငါးနီတူနဲ့ မြေပဲလှော်လေးတွေပါပြီးသားပါ။ ကောင်းတာကထမင်းထုပ်လေးတထုပ်ယူပြီး ကိုယ်လိုသလောက် ငါးနီတူခြောက်ကြော်၊ မြေပဲလှော်၊ ကြက်ဥပြုတ်၊ ကြက်သွန်ကြော်နဲ့ Sambal ငရုတ်သီးနှစ်ကို condiment station ကနေယူစားတာပါ။ ဆွမ်းမွှေးနံ့သင်းနေတဲ့ထမင်းကို Sambal လေးများများထည့်ပြီးစားလိုက်ရင် ရှူးရှူးရှဲရှဲနဲ့ ချွေးကလေးတွေစို့လာမယ်။ Drinks ကတော့ ၅မျိုးလောက်ရှိပြီး Peppermint Lemon Tea နဲ့ Mojito ကိုညွှန်းပါတယ်။ အယ်လ်ကိုဟောလုံးဝမပါလို့ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်ပါတယ်။

မလေးအစားအသောက်တွေစားပြီးဗိုက်လေးနည်းနည်းတင်းလာပြီဆိုရင်တော့ seafood၊ sushi နဲ့ sashimi တွေစားပါ။ ပန်းကဏန်း၊ ဂုံး၊ ကမာ နဲ့ ပုစွန်တွေကတော်တော်လတ်ဆတ်တယ်။ Sauce ၅မျိုးလောက်ရှိပြီး ပူပူရှရှ Wasabi Sauce နဲ့ချိုစပ်စပ် Chili Sauce ကိုပိုကြိုက်ပါတယ်။ Sashimi ထဲမှာတော့ ထုံးစံအတိုင်း ဆယ်လ်မွန်၊ တူနာ၊ red snapper နဲ့ ရေဘဝဲရှိမယ်။ ကိုယ်မှာတော့မှပြင်ပေးတာပါ။ ရေဘဝဲကနည်းနည်းလေးငံတာကလွဲရင် ကျန်တာအကုန်အဆင်ပြေတယ်။ ပြီးတော့ဘဲကင်ကြက်ကင်ရှိမယ်။ ဗိုက်ပြည့်နေလို့ ၂မျိုးလုံးမစားနိုင်ဘူးဆိုရင်တောင် အရေခွံကြွပ်ကြွပ်အသားအိအိဘဲကင်လေးတော့ တဖတ် ၂ဖတ်မြည်းကြည့်ခဲ့။ Cheese နဲ့ cold cut တွေလည်းရှိပေမယ့်မကြိုက်လို့မစားဖြစ်ခဲ့ပါ။ ဒါတွေက ဟိုတယ်ဘူဖေးတွေအားလုံးလိုလိုမှာပါတတ်တာမို့ မစားမဖြစ်တော့မဟုတ်ပါဘူး။ ဗိုက်မဆံ့တော့ရင် skip ပြီး မလေးအစားအစာတွေများများစားပါ။

အချိုပွဲတွေထဲမှာတော့ မလေးစတိုင်ဆွမ်းမွှေးတို့ အုန်းနို့တို့နဲ့လုပ်ထားတဲ့မုန့်တွေရှိသလို Burnt Cheesecake၊ Mousse နဲ့ Sponge Cake လိုအနောက်တိုင်းအချိုပွဲတွေလည်းရှိတယ်။ ရေခဲမုန့်ကိုတော့စိတ်တိုင်းမကျဘူး။ အရသာ ၅မျိုးလောက်ရှိတဲ့အထဲကမှ သရက်နဲ့လက်ဖက်စိမ်း ၂မျိုးစားဖြစ်တယ်။ သရက်ကချိုချဉ်အရသာမဟုတ်ဘဲ ချိုလွန်းနေပြီး သရက်နံ့လည်းသိပ်မမွှေးဘူး။ လက်ဖက်စိမ်းကလည်းပုံမှန်လောက်ပဲ။ Admin မိတ်ဆွေကလည်း ဒိန်ချဉ်ရေခဲမုန့်တောင် ဒိန်ချဉ်အရသာမထွက်ဘဲ အချိုကဲနေတယ်လို့ပြောတယ်။

အားလုံးပြီးရင်တော့အစာပိတ်အနေနဲ့ မလေးရဲ့နာမည်ကြီး Teh Tarik လက်ဘက်ရည်လေးသောက်ပေါ့။ သူကတော့ပေါ့ဆိမ့်လေးဖျော်တာဗျ။ သောက်ကြည့်ပြီးကိုယ့်စိတ်ကြိုက်ဖြစ်အောင်ပြင်ခိုင်းလို့ရပါတယ်။ အဖျော်ဆရာတွေရဲ့လက်ဘက်ရည်ဆွဲနည်းပညာခန်းတွေကိုလည်းကြည့်ခဲ့ရပါသေးတယ်။

ဒီအစားအသောက်တွေအပါအဝင်တခြားရေးဖို့ကျန်ခဲ့တာတွေကို တယောက် ကျပ် ၆၆၀၀၀ နဲ့ ၃နာရီအတွင်းအဝစားနိုင်ပါတယ်။ ဘားတခါထိုင် ၅သောင်း ၁သိန်းကုန်နေတဲ့ခေတ်မှာ ၆၆၀၀၀ ဆိုတာများတယ်လို့ပြောလို့တော့မရပါဘူး။ ၄ယောက်သွားစားရင် ၃ယောက်စာပဲပေးရမယ့် ပရိုမိုးရှင်းလည်းရှိလို့မိသားစုလိုက်သွားစားရင်ပိုတန်ပါတယ်။ စားပြီးသွားရင်လည်းထင်မြင်ချက်လေးကော်မန့်ပေးသွားပါဦး။

Spoon Restaurant, Level 4, Wyndham Grand Yangon, No 11 Corner of Kan Yek Thar, Yangon

5:30 pm – 8:30 pm (Every Friday and Saturday)

7 July to 2 September 2023

Free swimming pool access

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here