By Gam Seng Maw
Facebook နဲ့ Instagram တွေမှာအစားအသောက်ပုံလှလှလေးတွေရိုက်ပြီးတင်ရတဲ့အလုပ်ဟာ လွယ်မယောင်နဲ့ခက်ပါတယ်။ DSLR တွေပဲဖြစ်ဖြစ် smartphone တွေပဲဖြစ်ဖြစ် အရည်အသွေး ဘယ်လောက်ကောင်းကောင်း ဓာတ်ပုံပညာကိုနားမလည်ရင်ပုံကောင်းမရပါဘူး။ ဓာတ်ပုံပညာ နားလည်ပေမယ့်လည်း အစားအသောက်အပြင်အဆင်မလှတဲ့အခါ ထွက်လာတဲ့ပုံရိပ်က ကြည့်မကောင်းတတ်ပါဘူး။ စားသောက်ဆိုင်တွေသွားတဲ့အခါ မစားခင် food photo ရိုက်ပြီး social media တွေပေါ်မှာမျှဝေရတာကြိုက်တဲ့သူတွေအတွက် tips & tricks လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
သဘာဝအလင်းရောင်နဲ့ရိုက်ပါ

အလင်းချိန်ထားတာ ကောင်းတဲ့ပုံတွေက အရမ်းကို ရုပ်ထွက်လှပါတယ်။ အလင်းအယူအဆ ကောင်းရင် အစားအစာ၊ ပန်းကန်နဲ့ နောက်ခံပစည်းတွေကို ရှင်းရှင်းလင်းလင်းပေါ်လွင်စေပါတယ်။ ဆလိုက်မီးကို သုံးတာထက် နေရောင်ခြည်ဖျော့ဖျော့နဲ့ သဘာဝအလင်းရောင်က အကောင်းဆုံးပါပဲ။
အရိပ်တွေကို ချိန်ဆတတ်ပါစေ

အရိပ်တွေကို မချိန်တတ်ရင် ပုံကောင်းတစ်ပုံရလာမှာမဟုတ်ဘူး။ အရိပ်တွေကို ကစားပြီး လိုချင်တဲ့ပုံကို ချိန်ရိုက်တတ်ရင် အရမ်းမိုက်တဲ့ ပုံကောင်းတစ်ပုံဖြစ်လာမှာပါ။ အစားအစာတွေအပေါ် အရိပ်ကြီးထိုးနေတာတွေက ကိုယ် focus ထားချင်တဲ့ပုံကို ပျောက်သွားစေတာမို့ shadow တွေကို ဂရုစိုက်ပေးပါ။
နောက်ခံကို ရှင်းရှင်းလင်းလင်းထားပါ

အစားအသောက်ပုံရိုက်ပြီဆိုရင် နောက်ခံ background က အသက်ပါ။ အစားအသောက် အနောက်က ရှုပ်ထွေးနေတဲ့ background က ကြည့်တဲ့သူရဲ့ အာရုံကို လွဲသွားစေပါတယ်။ နောက်ခံရှင်းရှင်းလင်းလင်းနဲ့မှ ကိုယ် highlight လုပ်ချင်တဲ့ပုံကို ပေါ်လွင်စေမှာပါ။ အကောင်းဆုံးbackground (၃)မျိုးကတော့ dark background, lighter background နဲ့ wooden (အညို) backgroundပါ။ ကိုယ်ရိုက်တဲ့အရာက အနက်ရောင်ဆိုရင် dark အဖြူရောင်ဆိုရင် lighter စတဲ့ နောက်ခံတွေနဲ့ လိုက်ဖက်ပါတယ်။ Wooden background ကတော့ ဘယ်လိုအရောင်နဲ့မဆို လိုက်ဖက်ပါတယ်။
Color ကို ပေါင်းစပ်ပြီး ရိုက်ကြည့်ပါ

အရောင်တူတဲ့ အရာနှစ်ခုကို တွဲပြီးရိုက်ကြည့်တာတို့၊ အရောင်မတူတဲ့နှစ်ခုကို ဆွဲဆောင်မှုရှိရှိ ပေါင်းစပ်ပြီး ရိုက်ကြည့်တာတို့ကို စမ်းကြည့်ပါ။ ဒီလိုရိုက်ြပီး ရလာတဲ့ ပုံတွေက တကယ်ကို အရောင်တောက်ပြီးထင်ထင်ရှားရှားနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ဥပမာ အ၀ါနဲ့ခရမ်းကိုတွဲရိုက်တာမျိုးပေါ့။
Angle ကောင်းကောင်းက ရိုက်ပါ

အပေါ်စီးကနေ ကင်မရာယူပြီး ရိုက်တာက အကောင်းဆုံးပါပဲ။ အစားအစာတစ်ခုလုံးကိုလည်း ခြုံပြီး မြင်ရသလို နောက်ခံနဲ့backgroundအားလုံးကို အသေးစိတ်မြင်ရသလိုသုံးထားတဲ. ပန်းကန်၊အောက်ခံခွက်တွေရဲ့ boarderတွေကို ပိုထင်ရှားစေပါတယ်။ သစ်သီးဖျော်ရည်တို့ ရေခဲမုန့်တို့ကိုကျတော့ တစ်ဖက်ခြမ်းကိုပဲ focusယူပြီး ရိုက်တာက ပုံကိုဆွဲဆောင်မှုရှိစေပါတယ်။
အလှဆင်ခြင်းအနုပညာကို မမေ့ပါနဲ့

ကိုယ်ရိုက်ပြမယ့် အစားအစာနားမှာ လိုက်ဖက်တဲ့ပစ္စည်းသေးသေးလေးတွေထားပြီးရိုက်တာကလည်း အနုပညာပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကြည့်တဲ့သူရဲ့ အာရုံကိုဖမ်းစားစေမှာပါ။
ဓာတ်ပုံနဲ့ စကားပြောပါ

မျက်ဝန်းများနဲ့ပြောပါ ဆိုတဲ့သီချင်းစာသားအတိုင်း ဓာတ်ပုံတစ်ပုံက စကားအများကြီးပြောနိုင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိခံစားနေတဲ့ moodဖြစ်ဖြစ်၊ ကိုယ်ရောက်နေတဲ့ နေရာလေးကိုဖြစ်ဖြစ် ပေါ်လွင်အောင် ရိုက်ပါ။ အနားယူ relax လုပ်နေတာကို စာအုပ်လေးနဲ့ coffee ခွက်ကိုရိုက်ပြတာမျိုးတို့ပေါ့။
ခန္ဓာကိုယ် အစိတ်အပိုင်းကို အသုံးချပါ

အအေးဘူးကို လက်နဲ့ကိုင်ထားပြီးရိုက်တာမျိုး၊ အစားအစာကို တူနဲ့မြှောက်ထားတာတွေက ပုံကိုပိုကြွသွားစေပြီး အသက်ဝင်စေပါတယ်။ ဒါပေမယ့် ဒီလိုရိုက်ရင် လက်တစ်ဖက်တည်းနဲ့ ကင်မရာနဲ့ဖုန်းကိုကိုင်ပြီးရိုက်ရတာမို့ shutter မတုန်ခါသွားစေဖို့ သတိထားပါ။
အရိုးရှင်းဆုံးက အကောင်းဆုံးပဲဆိုတာ သတိရပါ

ဓာတ်ပုံရိုက်ရင် အလှဆင်ထားတာက ကောင်းပေမယ့် တစ်ခါတစ်လေက ရိုးရိုးရှင်းရှင်းလေးက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ကိုယ်ရိုက်ချင်တဲ့ အရာဝတ္ထုကို ကင်မရာ frame ရဲ့အလယ်မှာ အစားအစာကို ချထားပြီး ရိုးရိုးလေးရိုက်တာမျိုး၊ ကိုယ်ရိုက်ပြချင်တဲ့ အစိတ်အပိုင်းကို အနီးကပ် focus ယူပြီး ရိုက်တာမျိုးတို့ပေါ့။
Editing လုပ်ဖို့မမေ့ပါနဲ့

အိမ်တစ်လုံးဘယ်လောက်လှလှ ဆေးမသုတ်ထားရင် ကြည့်မကောင်းသလို စိတ်တိုင်းကျရိုက်ထားတဲ့ပုံတွေကို edit မလုပ်ရင် အကောင်းဆုံးအရည်အသွေးကို ရလာမှာမဟုတ်ဘူး။ ကိုယ့်ပုံတွေကို အသက်ဝင်ကြွတက်လာဖို့ editingက အသက်ပါ။ ရိုက်လိုက်တုန်းက ကာလာမှိန်သွားခဲ့အပိုင်းတွေကို ကာလာပြန်မြှင့်တာ၊ ကာလာညှိတာ၊ cropလုပ်တာတို့ကြောင့် အသက်ဝင်လှတဲ့ ပုံကောင်းလေးတွေကို ရရှိလာစေမှာပါ။