Advertisement

ကျနော်တို့ရဲ့အသိမိတ်ဆွေ၊ မိသားစုဝင်တယောက်ယောက်မှာစိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုခံစားနေရတဲ့ လက္ခဏာတွေတွေ့ရပေမယ့် ဗြောင်ကျကျမေးမြန်းဆွေးနွေးဖို့တော့ခက်ပါတယ်။ ဒါဟာကာယကံရှင်အနေနဲ့ သူ့ကိုသူများတွေကစိတ်ဝေဒနာသည်လို့ထင်မှာစိုးရိမ်လို့ဖြစ်သလို ကျနော်တို့ကိုယ်တိုင်ကလည်းသူတပါးအတွင်းရေးကိုဝင်ရောက်စွက်ဖက်မိမှာစိုးနေတာကြောင့်လည်းပါပါတယ်။

ဒါပေမယ့်မပြောဘဲနေနေခြင်းဟာသူ့ရဲ့စိတ်ဖိစီးမှုကိုပိုဆိုးစေတယ်။ ဒါကြောင့်ကိုယ်ချစ်တဲ့သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအကြောင်းစကားစနိုင်ဖို့ Psychology Today ကဆောင်းပါးရှင် Amy Morin ရဲ့လမ်းညွှန်ချက်တွေကိုဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။ သူဟာစိတ်ကုထုံးပညာရှင်ဖြစ်သလို 13 Things Mentally Strong People Don’t Do ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူလည်းဖြစ်ပါတယ်။

၁) မင်းခုတလောဘာတွေလုပ်နေလဲ

“နေကောင်းလား” “အဆင်ပြေလား” ဆိုတဲ့မေးခွန်းတွေဟာ “ကောင်းပါတယ်” “အဆင်ပြေပါတယ်” ဆိုတဲ့ဝတ်ကျေတန်းကျေအဖြေမျိုးပဲရနိုင်ပါတယ်။ ဒါတွေဟာလူမှုရေးအရမေးတဲ့မေးခွန်းမျိုးဖြစ်တာကြောင့် အမေးခံရတဲ့သူကလည်းအမှတ်တမဲ့သဘောထားလေ့ရှိပါတယ်။ အဲ့ဒီအစား “မင်းခုတလောဘာတွေလုပ်နေလဲ” လို့စမေးပါ။

အဲ့ဒီအခါကျသူဟာသူ့ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေ၊ အဆင်မပြေမှုတွေအကြောင်းရင်ဖွင့်ပါလိမ့်မယ်။ သူ့ရဲ့စိတ်အခြေအနေအကြောင်းတကယ်သိချင်ရင် သူပြောတာနားထောင်နေရင်း စကားစပြတ်သွားတဲ့အခါကျမှ “အဲ့ဒီတော့မင်းဘယ်လိုခံစားရလဲ” လို့မေးလိုက်ပါ။ သူပြောတဲ့စကားကိုအရင်စိတ်ရှည်ရှည်နားထောင်ဖို့မမေ့ပါနဲ့။
ဥပမာ – “မင်းခွေးလေးသေသွားပြီးကတည်းက မင်းရဲ့တနေ့တာအချိန်ဇယားမှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်သွားလဲ” လို့မေးတာမျိုးပေါ့။ သူတို့ရင်ဖွင့်နေတဲ့အချိန်မှာ စိတ်ဖိစီးမှုကိုသက်သာအောင် အရွှန်းဖောက်တာမျိုးမလုပ်မိပါစေနဲ့။

၂) မင်းကြည့်ရတာစိတ်ညစ်နေသလိုပဲ

စိတ်ဖိစီးမှုခံစားနေရတဲ့သူတွေရဲ့အပြုအမူ အပြောအဆိုဟာနဂိုကနဲ့မတူဘဲပြောင်းလဲနေတတ်ပါတယ်။ ဒီလိုမေးလိုက်ခြင်းအားဖြင့် သူတို့အပေါ်ဂရုတစိုက်ရှိကြောင်းပေါ်လွင်ပါတယ်။

နောက်ပြီးလူတွေကစိတ်ကျရောဂါလိုနက်နဲတဲ့ပြဿနာတွေအကြောင်းတန်းဆွေးနွေးတာထက် သူတို့ကိုစိတ်ညစ်စေတဲ့ကိစ္စတွေအကြောင်းရင်ဖွင့်ဖို့လိုလားတတ်ကြတယ်။ အဲ့ဒီကနေတဆင့် နက်နဲတဲ့စိတ်ကျန်းမာရေးပြဿနာတွေအကြောင်းစကားစမိသွားနိုင်ပါတယ်။

၃) အအိပ်အစားမှန်ရဲ့လား

စိတ်ဖိစီးမှုကိုရက်ရှည်လများခံစားနေရတဲ့အခါအိပ်ချိန်စားချိန်မမှန်တော့တာမျိုးဖြစ်တတ်ပါတယ်။ တယောက်ယောက်က “ခုတလောအစာစားချင်စိတ်မရှိဘူး” “ခုတလောအိပ်ရေးမဝဘူး” စတဲ့စကားတွေပြောလာရင်သူတို့စိတ်ကိုဖိစီးစေတဲ့အကြောင်းရင်းတခုခုတော့ရှိနေပါပြီ။ အဲ့ဒီကနေတဆင့် စိတ်ကျန်းမာရေးအကြောင်းစကားစနိုင်ပါတယ်။

သူတို့ရဲ့အအိပ်အစားမမှန်တဲ့ပြဿနာကိုကိုယ်ချင်းစာကြောင်းပြတဲ့အနေနဲ့ “မင်းတော်တော်ပင်ပန်းနေမှာပဲနော်။ ဆရာဝန်ပြကြည့်ဖို့ကောစိတ်မကူးဘူးလား” လို့မေးနိုင်ပါတယ်။

၄) တခြားဘာပြောချင်တာရှိသေးလဲ

ပေါ့ပေါ့ပါးပါးအကြောင်းအရာတွေပြောနေရင်းလေးလေးနက်နက်ဆွေးနွေးချင်စိတ်ပေါ်လာလေ့ရှိပါတယ်။ အဲ့ဒီအခါ “တခြားဘာပြောချင်တာရှိသေးလဲ” လို့မေးခြင်းဖြင့် သူတို့စိတ်ထဲရှိတာရင်ဖွင့်ဖို့စကားစပါ။

သူတို့ကမပြောဘူးဆိုရင်လည်းအတင်းဖိအားမပေးပါနဲ့။ သူတို့ပြောချင်တဲ့အချိန်ပြော၊ နားထောင်ပေးမယ်လို့သာ စကားလမ်းကြောင်းပေးပါ။

၅) တယောက်ယောက်နဲ့ဆွေးနွေးကြည့်ပါလား

စိတ်ကျန်းမာရေးပြဿနာတခုခုခံစားနေရသူတွေဟာ တခါတလေဆရာဝန်ပြဖို့စိတ်ကူးမိလေ့ရှိပါတယ်။ အဲ့ဒီအခါတယောက်ယောက်နဲ့ဆွေးနွေးကြည့်ဖို့အကြံပေးခြင်းဟာကူညီရာရောက်တယ်။ သူတို့ကိုအကဲဖြတ်တဲ့ပုံစံမျိုးမပြောမိဖို့သာသတိပြုပါ။

သူတို့အနေနဲ့ဘာလုပ်ရမှန်းမသိဖြစ်နေရင်လည်း ကုထုံးတခုခုကိုအကြံပေးနိုင်တယ်။ Online ကတဆင့်ဆွေးနွေးအကြံပေးတဲ့ဝန်ဆောင်မှုတွေအကြောင်းလည်းပြောပြနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးခြင်းဟာရှက်စရာမဟုတ်ဘူးဆိုတဲ့အကြောင်း သူနားလည်အောင်သာပြောပြပါ။

၆) ငါဘာကူညီပေးရမလဲ

စိတ်ဝေဒနာခံစားနေရတဲ့အခါနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဖို့ခက်ခဲနေတတ်တယ်။ တခါတရံစကားတွေပြောနေတာထက်လက်ထိလက်ရောက်ကူညီပေးလိုက်တာပိုထိရောက်ပါတယ်။ ဥပမာ သူတို့ကြိုက်တတ်တာလေးတွေဝယ်ကျွေးတာမျိုး၊ အိမ်သုံးပစ္စည်းလေးတွေဝယ်သွားပေးတာမျိုး၊ video call ပြောပေးတာမျိုးပေါ့။
သူတို့ကစမပြောလည်း ကိုယ့်မှာကူညီနိုင်တဲ့အနေအထားရှိတဲ့အခါ ကိုယ်ကပဲစပြီး “ဘာကူညီပေးရမလဲ” လို့မေးလိုက်ပါ။

၇) နောက်လည်းဒီလိုပဲစကားတွေပြောရအောင် ဘယ်တော့အဆင်ပြေမလဲ

သူ့သဘောထားကိုမမေးမစမ်းဘဲကိုယ်ကစပြီးအဆက်အသွယ်လုပ်၊ စကားတွေပြောနေတဲ့အခါ သင့်ကိုလန့်သွားနိုင်ပါတယ်။ ဒါကြောင့်သူတို့အဆင်ပြေမယ့်အချိန်ကိုသာမေးပါ။ သင်နဲ့စကားပြောတာ သူတို့အတွက်စိတ်သက်သာရာရတယ်ဆိုရင် သေချာပေါက်ထပ်ပြောပါလိမ့်မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here