လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်က အွန်လိုင်းမှာ delivery သီးသန့်စရောင်းရာကနေ အခုတော့စမ်းချောင်းမှာ dine in ဖွင့်လာနိုင်တဲ့အထိလူကြိုက်များလာတဲ့ Rangoonian Burritos ကိုလွန်ခဲ့တဲ့အပတ်ကသွားဖြစ်ခဲ့ပါတယ်။
ဆိုင်လေးကစားပွဲ ၆ခုလောက်ပဲရှိပြီးနည်းနည်းကျဉ်းလို့ ပိတ်ရက်တွေမှာ အုပ်စုလိုက်သွားမယ်ဆိုရင်တော့ဘွတ်ကင်ကြိုလုပ်ထားတာကောင်းပါတယ်။ Menu ကတော့ မက္ကဆီကန်အစားအသောက်နဲ့ snack တွေတော်တော်စုံတယ်။ Admin လည်း Burrito တို့ Taco တို့ကိုကျော်ပြီး dine in နဲ့လိုက်ဖက်မယ့်အစားအသောက်တွေကိုမှာဖို့စဉ်းစားပါတယ်။ Staff လေးက Loaded Nachos စားကြည့်ဖို့အကြံပေးတယ်။ သူက အမဲသား၊ ဝက်သား၊ ကြက်သား တွေနဲ့ရပြီး admin ကတော့ အမဲသားနဲ့မှာလိုက်ပါတယ်။ အမဲသားနဲ့ဝက်သားဆို ၈၅၀၀ ကျပ်ကျပြီး ကြက်သားကတော့ ၈၀၀၀ ပါ။

၅မိနစ်လောက်ကြာတော့ရောက်လာပါတယ်။ အမဲကြိတ်သားသုံးထားပြီး ကြွပ်ကြွပ်ရွရွ tortilla chip တွေပေါ်မှာ cheese sauce နဲ့ sour cream ရွှဲရွှဲဆမ်းထားလို့အရသာကတော့အပြည့်ပါပဲ။ အသားလည်းများပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ငရုတ်သီးလေးတွေလည်းပါလို့ပူပူစပ်စပ်နဲ့စားလို့ကောင်းတယ်။ အရမ်းကြီးစပ်တာမဟုတ်ဘဲ စားလို့ကောင်းရုံပါ။ တယောက်တည်းစားတာထက် သူငယ်ချင်းတွေနဲ့မျှစားတာပိုကောင်းပါလိမ့်မယ်။
Drink ကတော့ Passionade (ကျပ် ၁၃၀၀) မှာလိုက်ပါတယ်။ Lemonade ကို passion fruit (ပင်မှည့်သီးရည်) ထည့်ထားလို့အနံ့မွှေးပြီးချိုချဉ်အရသာပါ။ အစပ်ပြေသလိုခံတွင်းလည်းရှင်းတယ်။
နောက်တပွဲကိုတော့ Birria menu ထဲက Birria Ramen (ကျပ် ၆၀၀၀) မှာလိုက်ပါတယ်။ Extra topping တွေနဲ့ပတ်သက်ပြီးမေးကြည့်တော့ ဆိုင်ကအစ်မတယောက်က mozzarella and melted cheese sauce ကွာခြားပုံကိုရှင်းပြတယ်။ Admin လည်း extra ထည့်ရင်ကောင်းမကောင်းစဉ်းစားမရဖြစ်နေတော့ ပုံမှန်အတိုင်းပဲအရင်စားကြည့်ပြီး အဆင်မပြေဘူးထင်တော့မှထည့်ဖို့အစ်မကအကြံပေးပါတယ်။

၁၀မိနစ်လောက်စောင့်ပြီး ရောက်လာပါတယ်။ ခေါက်ဆွဲကတော့ကွေးကွေးကောက်ကောက်လေးတွေမို့ instant noodle ပဲဖြစ်ပုံရပါတယ်။ Cheese sauce ကတော့ homemade လို့ပြောတယ်။ အသားကတော့ အမဲသားသုံးထားတယ်။ အရည်ကိုတော့တော်တော်သဘောကျတယ်ဗျ။ ဟင်းခတ်ရွက်လေးတွေကြောင့်အနံ့ကမွှေးနေတာပဲ။ စပ်လည်းတော်တော်စပ်တယ်။ မိုးအေးအေးထဲ ချွေးတွေဘာတွေတောင်ပြန်သွားတဲ့အထိပဲ။ အစပ်မစားနိုင်ရင်တော့ အစပ်လျှော့ခိုင်းတာဖြစ်ဖြစ်၊ အစပ်ပေါ့အောင် extra chesse ဖြစ်ဖြစ်ထပ်ထည့်ပါ။ Chip တွေကိုခေါက်ဆွဲထဲထည့်ထားတာကိုတော့ သိပ်မကြိုက်လှဘူး။ အရည်ထဲစိမ်ထားတော့ပျော့ကုန်ပြီး ခေါက်ဆွဲနဲ့လည်းသိပ်မလိုက်သလိုပဲ။
ချုံပြောရရင်တော့အရသာကောင်း၊ portion များပြီး ဈေးကလည်းသိပ်မကြီးလို့ အနည်းဆုံးတကြိမ်လောက်တော့သွားစားကြည့်သင့်ပါတယ်။ Admin ကတော့နောက်ပိုင်း burrito နဲ့ taco တွေ delivery နဲ့မှာစားဖို့စိတ်ကူးတယ်။ မက္ကဆီကန်စာမစားဖူးဘူးဆိုရင်လည်း staff တွေကစိတ်ရှည်ရှည်နဲ့ရှင်းပြတာမို့ ဘာစားရမှန်းမသိမှာမစိုးရိမ်ပါနဲ့။
No 129, Kyun Taw Street, Sanchaung Township, Yangon
09 757 953 640
11 am – 8 pm
