By Min Ye Kyaw & Nay Thiha

ပိတ်ရက်နီးလာပြီဆိုတော့ ချစ်သူစုံတွဲတွေအနေနဲ့ ဘယ်ကိုသွားလည်ရင်ကောင်းမလဲ စဉ်းစားနေကြရောပေါ့နော်။ ရန်ကုန်မှာနေထိုင်သူတွေအနေနဲ့ ရုပ်ရှင်ရုံ၊ ကော်ဖီဆိုင်၊ ဘားတွေမှာချိန်းတွေ့ရတာလည်းရိုးနေပြီ၊ ဘယ်သွားရမှန်းလည်းမသိဘူးဆိုရင်တော့ activity လေးတွေအတူတူလုပ်ရင်း ပျော်ဖို့လည်းကောင်း ချစ်သူနှစ်ယောက်ရင်းနှီးမှုလည်းတိုးလာစေမယ့် date idea လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ FA တွေဆိုရင်လည်း ကိုယ့်သူငယ်ချင်းတွေနဲ့အတူတူသွားလို့ရပါတယ်နော်။ ဒီနေရာလေးတွေသွားလည်ရင်းကိုယ့်ဘ၀လက်တွဲဖော်ဖြစ်လာမယ့်သူနဲ့တောင် တွေ့ရင်တွေ့ရဦးမှာပါ။

 

1Ant Paintball Club Yangon

ကိုယ့်ချစ်သူနဲ့အချစ်တွေတိုးလာဖို့ မြှားနတ်မောင်ရဲ့အချစ်မြှားမလိုပါဘူး။ Ant Paintball မှာသေနတ်ပစ်တမ်းကစားရင်းလည်း သံယောဇဉ်တွေပိုခိုင်မာလာမှာပါ။ သူငယ်ချင်းတွေပါခေါ်သွားပြီး အဖွဲ့နှစ်ဖွဲ့ခွဲကစားရင်ပိုပျော်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကိုယ့်အပေါင်းအသင်း သူ့အပေါင်းအသင်းကြားရင်းနှီးမှုတွေပိုလာမှာပါ။ ကိုယ့်ဗျူဟာကောင်းရင်ကောင်းသလို အောင်မြင်ဖို့အခွင့်အလမ်းရှိတယ်နော်။ စစ်တိုက်တမ်းကစားတဲ့အချိန်မှာပြောပါတယ်။

Address: ၁၇၁-၁၇၄၊ ဧရာဝတီလမ်း၊ သစ်ဆိမ့်ကုန်း၊ မင်္ဂလာဒုံ။

Opens: 9am to 6:30pm

 

2Three Good Spoons

အပြင်ထွက်လှုပ်ရှားသွားလာရတာမကြိုက်ဘူးဆိုရင်တော့ Three Good Spoons မှာဟင်းချက်သင်တန်းအတူတူတက်ကြည့်သင့်ပါတယ်။ ဟင်းချက်နည်းအမျိုးမျိုးကိုအခြေခံကစသင်ကြရင်း ကိုယ့်ချစ်သူနဲ့ရင်းနှီးမှုတွေပိုလာမှာသေချာပါတယ်။ မြန်မာဟင်းလျာ၊ ထိုင်းဟင်းလျာ၊ မုန့်ဖုတ်နည်း၊ ပြင်သစ်စတိုင်သက်သတ်လွတ်ဟင်းလျာချက်နည်းတွေထဲက နှစ်သက်ရာရွေးချယ်သင်ယူနိုင်ပါတယ်။ ချစ်ရသူရဲ့နှလုံးသားဆီ အစာအိမ်ကတဆင့်အရောက်သွားပါ။

Address: 2/102A၊ ဓမ္မစေတီလမ်း၊ ဗဟန်း

Opens: 9am to 5pm

 

3Yangon Sailing Club

ရန်ကုန်မှာလူသိသိပ်မများသေးတဲ့နေရာလေးပါ။ Yangon Sailing Club ဟာမကြာခင်ကမှ မတ်တပ်ရပ်လှေလှော်နည်းသင်တန်းကိုဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်နည်းပြတွေကအင်းလျားကန်ထဲမှာသင်ကြားပေးပါတယ်။ လှေလှော်ရတာပျော်ဖို့ကောင်းသလို ကိုယ်ကာယနဲ့စိတ်ဓာတ်ကြံ့ခိုင်ရေးကိုလည်းအထောက်အကူပြုပါတယ်။ ကိုယ့်ချစ်သူနဲ့ ကန်ရေပြင်ကျယ်ကြီးထဲမှာလှေလှော်ရတဲ့ခံစားချက်ကိုက စိတ်ကူးယဉ်လို့ကောင်းလှပါတယ်။ နည်းပြရှိတာမို့မတော်တဆရေထဲပြုတ်ကျရင်လည်း စိုးရိမ်စရာမလိုပါဘူးနော်။

Address: ၁၃၂၊ အင်းလျားလမ်း၊ ကမာရွတ်

Opens 9am to 8pm

 

4Freedom Pet Café

ကိုယ့်ရဲ့တိရစ္ဆာန်လေးတွေအပေါ်ကြင်နာသနားတတ်တဲ့စိတ်ကိုပြချင်ရင်တော့ Freedom Pet Café မှာ ကော်ဖီသောက်မုန့်စားရင်း ကြောင်လေးတွေ ခွေးလေးတွေနဲ့တနေ့တာကိုဖြတ်သန်းလို့ရတယ်နော်။ ကြောင်သီးသန့် Catpuchino Café မှာကြောင် ၂၀ကျော်ရှိပြီး ခွေးသီးသန့် Puppychino Café မှာတော့ ခွေး ၁၀ကောင်ကျော်ရှိပါတယ်။ တနေ့မှာကိုယ့်ချစ်သူနဲ့ဘ၀တစ်ခုထူထောင်တော့မယ်ဆိုရင်လည်း အဖော်ရအောင်အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက် ၀ယ်မွေးရင်မွေးဖြစ်သွားမှာပေါ့။

Address: ၈၁၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း

Opens: 12pm-8pm (Closes on Mondays)

 

5Drink and Draw Yangon

ကိုယ့်ချစ်သူနဲ့တီထွင်ဖန်တီးမှုစိတ်ကူးတွေဝေမျှချင်ပါသလား။ Drink and Draw မှာပန်းချီတွေဆွဲရင်း တခုခုသောက်ရင်း idea တွေဖလှယ်ကြမယ်။ ကိုယ်ဆွဲတဲ့ပုံအချိုးမကျဖြစ်သွားရင်လည်း သောက်တာများသွားလို့ဆိုပြီး အကြောင်းပြလိုက်ရုံပဲလေ။ Drink and Draw Yangon Facebook page မှာသူတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နိုင်ပါတယ်။

Address: Drink and Draw: Christmas on December 12th, ပန်သူရိယ၊ အိမ်နံပါတ် ၁၀၀၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်

Opens: 7pm

LEAVE A REPLY

Please enter your comment!
Please enter your name here