Advertisement

ဇူလိုင်လအတွင်းထွက်ရှိမယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲသစ်တွေထဲက စိတ်ဝင်စားစရာဇာတ်လမ်းတချို့ကိုညွှန်းပေးလိုက်ပါတယ်။

Stranger Things 3 (July 4)

Season 2 အပြီး ၂နှစ်ကြာအောင်စောင့်ခဲ့ရအပြီးမှာတော့ ဇူလိုင် ၄ရက်နေ့မှာ အပိုင်း ၈ပိုင်းပါတဲ့ Season 3 ကိုကြည့်ရပါတော့မယ်။ ၁၉၈၅ခုနှစ် နွေရာသီမှာဇာတ်အိမ်တည်ထားတဲ့ Season 3 မှာလူပျိုအပျိုဖော်ဝင်စပြုလာပြီဖြစ်တဲ့ Mike တို့သူငယ်ချင်းတွေဟာကလေးဘ၀နဲ့လူကြီးဘ၀ အကူးအပြောင်းမှာဖြစ်လေ့ရှိတဲ့စိတ်ခံစားချက်တွေနဲ့ရင်ဆိုင်နေရတာကိုတွေ့ရမယ်။  Eleven နဲ့ Mike တို့ကြားကသံယောဇဉ်ကလည်းပိုမိုကြီးထွားလာပါတယ်။ အင်ဒီယားနားပြည်နယ်က ဟောကင်းမြို့လေးဟာလည်း ရန်သူသစ်တွေနဲ့ကြုံရဦးမယ့်အပြင် ရန်သူဟောင်းတွေရဲ့အန္တရာယ်ကိုလည်းရင်ဆိုင်ရဦးမှာပါ။ Eleven နဲ့ဘ၀တူစိတ်စွမ်းအားတွေရှိတဲ့ Eight (Kali) ကို Season 2 မှာမိတ်ဆက်ပေးခဲ့တဲ့အတွက် အလားတူစွမ်းအားရှင်တွေကိုလည်းတွေ့ရနိုင်ချေရှိပါတယ်။ Stranger Things fan တွေကတော့ Season 3 ကိုစောင့်မျှော်ရကျိုးနပ်လိမ့်မယ်လို့ထင်ပါတယ်။

Orange is the New Black, Season 7 (July 26)

Netflix ရဲ့အစောပိုင်းစီးရီးတွေထဲကတခုဖြစ်တဲ့ Orange is the New Black ရဲ့နောက်ဆုံး season ကလည်းဒီလမှာပဲထွက်ရှိသွားမှာပါ။ Litchfield အမျိုးသမီးအကျဉ်းထောင်ကနေ Piper လွက်ရက်မစေ့ခင်လွတ်သွားပေမယ့် သူ့သူငယ်ချင်းတွေကတော့သံတိုင်တွေကြားမှာကျန်နေဆဲပါပဲ။ ဒီ season မှာထောင်ထွက်တယောက်အဖြစ်ဘ၀သစ်စဖို့ရုန်းကန်နေရတဲ့ Piper၊ အကျဉ်းထောင်ဆူပူမှုဖြစ်ပွားပြီးနောက်ပိုင်းလူသတ်မှုကြောင့် ထောင်ဒဏ်တသက်တကျွန်းကျနိုင်ချေရှိနေတဲ့ Taystee တို့အကြောင်းကိုတွေ့ရမယ်။ ဇာတ်သိမ်းပိုင်းဟာဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ showrunner တွေကဆိုပါတယ်။  

The Red Sea Diving Resort (July 31)

Chris Evans၊ Ben Kingsley၊ Michiel Huisman တို့ဦးဆောင်ပါဝင်တဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။  ၁၉၈၀အစောပိုင်းကာလတွေတုန်းက ဆူဒန်နိုင်ငံမှာ Mossad သူလျှိုတွေနဲ့ အီသီယိုးပီးယားဒေသခံတွေပူးပေါင်းပြီး အပန်းဖြေစခန်းတခုအယောင်ဆောင်ဖွင့်ထားရင်းဂျူးဘာသာဝင် အီသီယိုးပီးယားပြည်သူတွေကို အစ္စရေးဆီပို့ပေးတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ စစ်သူလျှိုဇာတ်လမ်းကောင်းကြိုက်သူတွေအတွက်တော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်။

Designated Survivor: 60 Days (July 1)

၂၀၁၆ခုနှစ်က ABC နဲ့ Netflix တို့ပူးပေါင်းရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Designated Survivor စီးရီးရဲ့နောက်ဆက်တွဲစီးရီးဖြစ်ပါတယ်။ သမ္မတမိန့်ခွန်းပြောနေတဲ့အခမ်းအနားတခုမှာအကြမ်းဖက်သမားတွေ ဗုံးခွဲတိုက်ခိုက်တာကြောင့် နိုင်ငံကိုအစိုးရတဲ့ခေါင်းဆောင်တွေတော်တော်များများသေဆုံးခဲ့ပါတယ်။ သမ္မတပြီးရင် တိုင်းပြည်ကိုခေါင်းဆောင်ရမယ့်စာရင်းထဲက ၁၂ယောက်မြောက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး Park Moo Jin ဟာနိုင်ငံကို ရက် ၆၀ယာယီသမ္မတအဖြစ်ဦးဆောင်ရပါတယ်။ သူဟာဓာတုဗေဒပါမောက္ခတယောက်သာဖြစ်ပြီးနိုင်ငံရေးအတွေးအခေါ်လည်းမရှိပါဘူး။ သူဟာတိုင်းပြည်ကိုဦးဆောင်ရင်း တဘက်ကလည်းဖောက်ခွဲမှုအတွက်တာဝန်ရှိတဲ့အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ်ရပါတော့တယ်။

The Last Czars (July 3)

ဖေဖော်ဝါရီတော်လှန်ရေးအပြီး ၁၉၁၈ခုနှစ်မှာ အပြောင်းအလဲကိုဆန့်ကျင်ခဲ့သူ Czar Nicholas II ဟာဘော်ရှီဗစ်တွေရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။ သူနဲ့အတူရုရှားနိုင်ငံကို နှစ် ၃၀၀ကျော်အုပ်ချုပ်ခဲ့တဲ့ Romanov မင်းဆက်လည်းအဆုံးသတ်သွားတယ်။ ဒီသမိုင်းဝင်အဖြစ်အပျက်ဇာတ်လမ်းတွဲဟာ ၆ပိုင်းပါဝင်ပြီး သမိုင်းဆရာတွေရဲ့ပြောကြားချက်နဲ့ ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုကိုတွဲပြတဲ့ docu-drama ပုံစံရိုက်ကူးထားတာပါ။

Typewriter (July 19)

အိန္ဒိယဇာတ်လမ်းတွဲ Typewriter ဟာ Goa မြို့ကသရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးနဲ့ တစ္ဆေပူးနေတဲ့စာအုပ်ကိုစိတ်ဝင်တစားစူးစမ်းလိုကြတဲ့ ကလေးတွေအကြောင်းရိုက်ကူးထားတာပါ။ သရဲခြောက်တဲ့အိမ်ကြီးထဲမိသားစုတစုပြောင်းရွှေ့လာတော့ ပတ်ဝန်းကျင်သစ်မှာ အလုပ်တဘက်၊ ကျောင်းတဘက်နဲ့အသားကျဖို့ကြိုးစားရင်း သောင်းကျန်းလှတဲ့သရဲတွေကိုဖမ်းဖို့ကြိုးစားရပါတော့တယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here