Advertisement

အခုဆိုရင်ဝန်ထမ်းတွေ လုပ်ငန်းရှင်တွေတော်တော်များများအိမ်ကနေအလုပ်လုပ်နေပြီဖြစ်တဲ့အတွက် ရက်ကြာကြာအိမ်ထဲနေရရင်ငြီးငွေ့လာမယ်လို့ထင်ပါတယ်။ ဒါကြောင့်အိမ်ထဲမှာနေရင်း ဖတ်ဖို့ ebook တွေနဲ့ နားထောင်ဖို့ audiobook တွေအခမဲ့ရနိုင်မယ့်နေရာတွေကိုညွှန်ပြပေးချင်ပါတယ်။ စာအုပ်တွေဖတ်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးချရင်းဒီအခက်အခဲကြီးကိုအတူတူကျော်ဖြတ်ကြရအောင်ဗျာ။

မြန်မာ ebook နှင့် audiobook များ

Ebook ထဲမှာဆိုရင်တော့ Wun Zinn ကိုသုံးလေ့ရှိတယ်။ ကျနော် Wun Zinn Comic app ကိုသုံးကြည့်တာ ဖုန်းနံပါတ်ထည့်တဲ့နေရာမှာ A system issue occurred ဆိုပြီး error တက်နေတာတော့တွေ့ရတယ်ဗျ။ ရိုးရိုး app ကတော့အဆင်ပြေပါတယ်။ Facebook log in နဲ့ဝင်လို့ရသလို account သီးသန့်ဆောက်လို့လည်းရတယ်။

အခမဲ့ပေးထားတဲ့စာအုပ်တွေရှိပေမယ့် ကျနော်စိတ်ကြိုက်သိပ်မတွေ့ဘူး။ အငှားထဲမှာတော့ဝတ္ထုတိုကောင်းကောင်းလေးတွေအများကြီးရှိတယ်ဗျ။ ဆရာမြသန်းတင့်ရဲ့ ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ ကိုညွှန်းပါတယ်။ သူက မေ တို့ မြတ်လေးရွှေဓားဗိုလ် တို့လိုဝတ္ထုဇာတ်ကောင်တွေနဲ့စာရေးဆရာတွေ့ဆုံပြီးအပြန်အလှန်စကားပြောတဲ့ပုံစံနဲ့ ဝတ္ထုဇာတ်လမ်းဆုံးပြီးနောက်ပိုင်း ဇာတ်ကောင်တွေတွေ့ကြုံရတဲ့အဖြစ်အပျက်တွေကို ဆရာမြကသူ့စိတ်ကူးနဲ့သူရေးထားတာပါ။ ပြီးတော့ ဆရာမ ဂျာနယ်ကျော်မမလေး၊ မစန္ဒာတို့ရဲ့ဝတ္ထုတိုတွေ၊ ဆရာမောင်ထွန်းသူပြန်တဲ့ အိုဟင်နရီဝတ္ထုတိုတွေကလည်း အခုလိုအချိန်မှာအဖော်မွန်ကောင်းဖြစ်မယ်ထင်ပါတယ်။ ငှားခက တပတ်ကို ၃၁၅ကျပ်၊ ၂ ပတ်ကို ၅၂၅ကျပ်။ ဖုန်းဘေလ်နဲ့ပေးလို့ရပါတယ်။ စာအုပ်နဲ့ကာတွန်း ၂မျိုးငှားမယ်ဆို ၂ပတ်ကို ၈၄၀ကျပ်ပါ။ ဝတ္ထု ၄အုပ် (သို့) ကာတွန်း ၂အုပ် ပြည့်ရင်အဟောင်းကိုဖျက်ပြီးအသစ်ကိုငှားနိုင်ပါတယ်။ ငှားထားတဲ့စာအုပ်ကော ဝယ်ထားတဲ့စာအုပ်ကော Wun Zinn app ထဲမှာပဲဖတ်လို့ရမှာပါ။

အရောင်း ဆိုတဲ့ tab မှာတော့ ebook အပြင် အသံထွက်စာအုပ် (audiobook) တွေပါရှိတယ်။ ဆရာမြ၊ ဆရာသုမောင်၊ ဆရာချစ်နိုင် (စိတ်ပညာ)၊ ဆရာမမစန္ဒာတို့ရဲ့ audiobook တွေကိုအခမဲ့နားထောင်ခွင့်ရနေတာနဲ့တင် ဒီ app ကိုသုံးရကျိုးနပ်နေပါပြီ။
Audiobook ဆို MPT ရဲ့ရွှေနားဆင် (ShweNarSin) app ကိုလည်းသုံးကြည့်စေချင်တယ်။ သူကတော့ audiobook သီးသန့်ဝန်ဆောင်မှုဆိုတော့ရွေးစရာလည်းများတယ်။ တရက်ကိုဝန်ဆောင်ခ ၉၉ကျပ်ဖြစ်ပြီး MPT SIM တွေနဲ့သာအသုံးပြုနိုင်မှာပါ။

ဆရာကြီးဒဂုန်ရွှေမျှား၊ ဆရာကြီးမင်းသိင်္ခ၊ ဆရာနီကိုရဲတို့ရဲ့စာအုပ်တွေအပါအဝင် စာအုပ်ပေါင်း ၂၀၀လောက်ကို အခမဲ့ဖတ်လို့ရအောင်စီစဉ်နေတယ်လို့လည်း Wun Zinn ရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်ကဆိုပါတယ်။ ဒီအစီအစဉ်ကဧပြီ ၃၀အထိရှိနေမယ်လို့လည်းသိရတယ်။ ShweNarSin နဲ့ပူးပေါင်းပြီး ShweNarSin app ကနေ audiobook တွေအခမဲ့နားထောင်ခွင့်ပေးဖို့စီစဉ်ထားကြောင်းပြောပါတယ်။ ဒါကြောင့်ဘယ်လို ebook နဲ့ audiobook တွေကိုအခမဲ့အသုံးပြုခွင့်ရမလည်းစောင့်ကြည့်ကြပါနော်။

YouTube မှာနည်းနည်းအချိန်ပေးပြီးရှာနိုင်မယ်ဆိုရင်တော့ ဆရာမဂျူးရဲ့မြရဲ့လ၊ ရေမျောသီး၊ ဧရာဝတီပုံပြင်တို့ကို ထူးအိမ်သင်၊ ဟေမာနေဝင်း၊ ရဲတိုက်တို့အသံထွက်ဖတ်ပြတဲ့ audiobook တွေနားဆင်နိုင်ပါတယ်။

PS: ငါတို့စာပေရဲ့ Facebook page NDSP Books မှာလည်း free download လုပ်လို့ရတဲ့ pdf တွေကိုတင်ပေးနေပါတယ်။

Amazon’s Audible

Amazon ရဲ့ online audiobook တော်တော်များများကိုအခမဲ့နားထောင်လို့ရမယ့် website ပါ။ Account ဆောက်စရာမလိုဘဲ link ကိုဖွင့်ပြီး ပေါ်လာတဲ့ စာမျက်နှာပေါ်က Start Listening ကိုနှိပ်လိုက်တာနဲ့ နားထောင်လို့ရပါပြီ။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ အီတလီ၊ ဂျပန်ဘာသာတွေနဲ့နားဆင်နိုင်ပါတယ်။

Littlest Listener နဲ့ Elementary ဆိုတာကတော့ မူကြိုအရွယ်ကလေးတွေအတွက်ပုံပြင်လေးတွေပါ။ ကိုယ့်အိမ်မှာကလေးရှိရင် အဆင်ပြေတာပေါ့။ Tween ထဲမှာ စွန့်စားခန်းစာအုပ်၊ စုံထောက်ဝတ္ထုတွေရှိတယ်။ Teen ထဲမှာဆိုရင် Ms. Peregrine’s Home for Peculiar Children စာအုပ်စီးရီးထဲက Hollow City နဲ့ Library of Souls တို့လိုစာအုပ်တွေပါရှိတယ်ဗျ။

Literary Classics ထဲဆို Moby Dick နဲ့ The Call of the Wild တို့လိုဂန္ထဝင်စာပေတွေကိုနားထောင်ရမယ်။ Folk & Fairy Tales for All ကတော့အရွယ် ၃ပါးမရွေးနှစ်သက်မယ့် ရိုးရာပုံပြင်လေးတွေပါ။

Neil Gaiman’s website

ဗြိတိသျှစာရေးဆရာ Neil Gaiman ရဲ့ Sandman တို့ Good Omens တို့ကိုမဖတ်ဖူးရင်တောင် ကြားဖူးကြမယ်ထင်ပါတယ်။ သူ့ရဲ့ဝတ္ထုတိုတွေနဲ့ အက်ဆေးတချို့ကို အခမဲ့ဖတ်လို့ရအောင် website မှာတင်ပေးထားတယ်။ မဖတ်ဖူးသေးဘူးဆိုရင်မြည်းစမ်းကြည့်စေချင်ပါတယ်။

၀တ္ထုတိုထဲမှာဆို Hugo Award လျာထားခံရတဲ့ How To Talk To Girls At Parties နဲ့ အဆိုတော် David Bowie ကိုအဓိကဇာတ်ကောင်အဖြစ်ရေးထားတဲ့စိတ်ကူးယဉ်ဝတ္ထု The Return Of The Thin White Duke တို့ကိုညွှန်းပါတယ်။

သူ့ရဲ့ MouseCircus website မှာဆိုရင်လည်းနာမည်ကျော် Graveyard Book နဲ့ Coraline တို့ကို Gaiman နဲ့တခြားစာရေးဆရာတွေ သူ့မိတ်ဆွေတွေဖတ်ပြတာကို နားထောင်နိုင်ပါတယ်။

Public domain ထဲကစာအုပ်တွေနဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေ download လုပ်ဖို့

Project Gutenberg ကတော့ စာအုပ်ပေါင်း ၆သောင်းကျော်ရှိပြီး ကျနော်အကြိုက်ဆုံး website ပါ။ သူက copyright licence သက်တမ်းကုန်သွားတဲ့စာအုပ်တွေကိုပဲတင်ပေးတဲ့အတွက် အားလုံးကိုတရားဝင်အခမဲ့ဒေါင်းနိုင်တယ်။ Open Library မှာလည်း ebook တွေရှိပြီး LibriVox မှာတော့ audiobook တွေရှိပါတယ်။

Tip: epub format နဲ့ ebook တွေကိုဒေါင်းမိရင်တော့ ဖုန်းထဲမှာဆို Pocketbook ဆိုတဲ့ Google app နဲ့ဖတ်လို့ရပြီး ကွန်ပျူတာမှာဆိုရင် SumatraPDF ဆိုတဲ့ portable software နဲ့ဖတ်နိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here