COVID-19 ကြောင့်လုပ်ငန်းခွင်တော်တော်များများအိမ်ကနေအလုပ်လုပ်နေကြသလို သင်တန်းတွေလည်း online ကနေပဲသင်နေတာကြောင့် video conference app တွေကအရင်ကထက်ပိုအရေးပါလာပါပြီ။ ဒီဆောင်းပါးမှာ video conference ဝန်ဆောင်မှုအမျိုးမျိုးအကြောင်းနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ လုပ်ငန်းအရွယ်အစားပေါ်မူတည်ပြီးဘယ်ဝန်ဆောင်မှုကိုရွေးချယ်သင့်လဲအကြံပေးထားပါတယ်။ လက်ရှိသုံးနေတဲ့ဝန်ဆောင်မှုနဲ့အဆင်မပြေလို့တခြားတခုပြောင်းသုံးမယ်ဆိုလည်း pros and cons တွေသိထားတော့ အဆင်ပြေတာပေါ့နော်။
Zoom

လူသုံးအများဆုံး video conference ဝန်ဆောင်မှုပါ။ ပြောရရင်အရင်ကဘယ်သူမှမသိကြတဲ့ app တခုဖြစ်ပြီး work from home ခေတ်စားလာမှတရှိန်ထိုးအောင်မြင်လာတာပါ။ Security flaw တချို့တွေ့ခဲ့ရပေမယ့် ချက်ချင်းပဲ update ပေးပြီးဖြေရှင်းနိုင်ခဲ့ပါတယ်။
Google Meet ထက်သာလွန်တဲ့အချက်က သူကအခမဲ့တန်းသုံးနိုင်တာပဲ။ Meet ကတော့ G Suite ကိုပိုက်ဆံပေးသုံးတဲ့သူတွေမှသုံးလို့ရတာပါ။ Zoom ကတော့အခမဲ့ဆို လူ ၁၀၀အထိ၊ group meeting ဆို မိနစ် ၄၀အထိ၊ one to one meeting ဆိုအချိန်အကန့်အသတ်မရှိသုံးနိုင်ပါတယ်။
ရုပ်ထွက်အရကြည့်မယ်ဆိုရင်လည်း Zoom က Google Meet ထက်သာလွန်ပြီး function တွေလည်းပိုစုံတယ်။ ဥပမာ ကိုယ့်စိတ်ကြိုက် image ဒါမှမဟုတ် video clip ကို background မှာဖွင့်ထားလို့ရတဲ့ virtual background function က webinar တွေလုပ်တဲ့အခါကုမဏီ logo ကိုဖွင့်ထားတာမျိုး သတင်းကြေညာတဲ့အခါ နောက်ခံပိတ်ကားမှာ video ပြတာမျိုးလုပ်လို့ရတယ်။ iPad လို screen ကနေတဆင့် whiteboard သဘောမျိုး pen နဲ့ရေးပြလို့ရလို့သင်ကြားရေးတွေအတွက်အဆင်ပြေပါတယ်။ Touch-up function ကကိုယ့်မျက်နှာကိုပိုကြည့်ကောင်းသွားအောင် beautify လုပ်ပေးနိုင်တယ်။
Meeting recording လုပ်နိုင်တယ်။ ကိုယ်ကြိုက်တဲ့ ကွန်ပျူတာမျက်နှာပြင်ကိုတခြားသူတွေနဲ့ screen sharing လုပ်နိုင်တယ်။ Host ကလူတယောက်ချင်းစီရဲ့ video, audio, screen sharing setting တွေကိုထိန်းချုပ်နိုင်တယ်။
ဘယ်လိုလူတွေသုံးသင့်လဲဆိုတော့ online ကနေသင်တန်းပို့ချမယ့်သူတွေ၊ G Suite မသုံးတဲ့သူတွေ၊ လူ ၁၀၀မကျော်တဲ့လုပ်ငန်းခွင်တွေသုံးသင့်ပါတယ်။ တလ ၁၅ဒေါ်လာ၊ ၂၀ဒေါ်လာနဲ့ plan တွေရှိပေမယ့် အများစုအတွက်ကတော့ free နဲ့တင်လုံလောက်နေပါပြီ။ ဖုန်းမှာလည်းသုံးနိုင်ပေမယ့် PC နဲ့သုံးသလောက်တော့ function မစုံပါဘူး။
Google Meet

Google မှာလူတိုင်းအခမဲ့သုံးလို့ရတဲ့ Hangouts နဲ့ G Suite သုံးတဲ့သူတွေပဲသုံးလို့ရတဲ့ Hangouts Chat နဲ့ Hangouts Meet ဆိုပြီး ၃မျိုးရှိပါတယ်။ အခမဲ့သုံးလို့ရတဲ့ Hangouts က ၂၅ယောက်ပဲ video conference လုပ်လို့ရတယ်။ Meet မှာတော့ ၂၅၀အထိရပါတယ်။ ဒီဆောင်းပါးမှာတော့ Meet ကိုပဲအဓိကပြောပြသွားမှာပါ။
Google Meet သုံးဖို့ဆို G Suite ကိုလစဉ်ကြေးပေးဝယ်ဖို့လိုပါတယ်။ အခြေခံ plan မှာ User တယောက်ကို တလ ၆ဒေါ်လာကျသင့်မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံကို support မလုပ်သေးတဲ့အတွက် Country မှာတခြားနိုင်ငံတခုခုကိုထည့်ရမယ်။ အားသာချက်က Google Suite နဲ့အတူပါလာမယ့် office tool တွေသုံးလို့ရမယ်၊ Drive storage 30 GB ရမယ်၊ Google Calendar နဲ့ချိတ်ဆက်ပြီး အဖွဲ့ဝင်တွေနဲ့ meeting အချိန်ဇယားဆွဲထားလို့ရတယ်။ Meeting ချိန်နီးပြီဆိုရင် ဖုန်းကိုဖြစ်ဖြစ်သတိပေးပါလိမ့်မယ်။ ဖုန်းမှာကော PC မှာပါသုံးနိုင်ပါတယ်။
Meeting ချိန်ကန့်သတ်မထားဘူး။ Meeting လုပ်နေတုန်း အင်္ဂလိပ်လိုစကားပြောကြတဲ့အခါ Caption ဖွင့်လိုက်ရင်ပြောစကားတွေကိုစာတန်းထိုးပြပေးလို့ listening အားနည်းတဲ့သူတွေအဆင်ပြေမှာပါ။ စာတန်းထိုးကသိပ်အတိအကျကြီးမဟုတ်ပေမယ့် ရိပ်ဖမ်းသံဖမ်းတော့နားလည်နိုင်ပါတယ်။
Google Meet ကို G Suite သုံးနေတဲ့သူတွေသာအသုံးများတယ်။ Interface ကရိုးရှင်းတော့ user friendly ဖြစ်တယ်။ Function ပိုင်းမှာတော့ Zoom လောက်မစုံပါဘူး။
တခြားရွေးချယ်စရာ app များ

တခြားအခမဲ့သုံးနိုင်တဲ့ app တွေကိုဖော်ပြပေးလိုက်ပါတယ်။
Microsoft Teams – အခမဲ့သုံးလို့ရတဲ့ Teams မှာ team member ၃၀၀အထိ လက်ခံနိုင်တယ်။ Cloud storage အဖြစ် member တယောက်ကို 2 GB ရပြီး shared storage 10 GB ရပါတယ်။
Whereby – Telenor ရဲ့ video conference app ပါ။ အရမ်းရိုးရှင်းပြီး browser ကနေတဆင့်ဝင်ရုံပါပဲ။ အခမဲ့နဲ့ အခပေးရှိပြီး အခမဲ့မှာ လူ ၄ယောက်အထိစကားပြောနိုင်ပါတယ်။ Team meeting လုပ်ဖို့ထက် လုပ်ဖော်ကိုင်ဘက်အချင်းချင်းစကားပြောတိုင်ပင်တာတွေမှာပိုသင့်တော်တယ်။
Viber – Facebook messenger မှာ video call မရသေးခင်က Viber ကိုလူသုံးတော်တော်များခဲ့ပေမယ့် ခုနောက်ပိုင်းတော့လူအသုံးနည်းသွားပါပြီ။ Viber Group Chat မှာပဲ video call ခေါ်လို့ရတယ်၊ file တွေ share လို့ရတယ်။ အရင်ကတကြိမ်မှာ ၅ယောက်အထိပဲ video call ရပေမယ့် COVID-19 ဖြစ်ပြီးနောက်မှာ အယောက် ၂၀ထိတိုးမြှင့်ပေးထားပါတယ်။
Facebook Messenger – လုပ်ငန်းခွင်သုံးဖို့ထက်သူငယ်ချင်းချင်း group ဖွဲ့ပြီးပြောဖို့ပိုသင့်တော်ပါတယ်။
Skype – PAC တခေတ်ကိုမင်းမူခဲ့တဲ့ video call app ဟာ Zoom တို့ Facebook Messenger တို့ရဲ့လောင်းရိပ်အောက်ရောက်နေပြီဆိုပေမယ့် အရင်တုန်းက account ရှိသေးတဲ့သူတွေကတော့သုံးနေဆဲပါ။ တကြိမ်မှာလူ ၅၀ထိ အခမဲ့ video call လို့ရပြီး Office 365 နဲ့ချိတ်ဆက်ထားတဲ့အတွက်အလုပ်နဲ့ပတ်သက်တဲ့ document တွေမျှဝေဖို့အဆင်ပြေပါတယ်။
WhatsApp – အရင်ကတကြိမ်မှာ ၄ယောက်ထိပဲ video call ပြောလို့ရခဲ့ပေမယ့် ခုဆို ၈ယောက်ထိပြောလို့ရနေပါပြီ။ ဒါပေမယ့် beta version ပဲထွက်သေးတာမို့ professional သုံးဖို့ထက် သူငယ်ချင်းတွေနဲ့စကားပြောဖို့လောက်သာအသုံးဝင်ပါတယ်။
BlueJeans – အမေရိကန်ပြည်ထောင်စုမှာလူသုံးများတဲ့ app ပါ။ ဒီလထဲမှာပဲ Verizon က BlueJeans ကိုဝယ်ယူဖို့ကြေညာလိုက်တယ်။ အခပေးပဲသုံးလို့ရမှာဖြစ်ပြီး Standard package က တလ ၁၂ ဒသမ ၅ဒေါ်လာလောက်ကစပါတယ်။ နှစ်စဉ်ကြေးနဲ့သုံးရင်တော့ တလ ၁၀ဒေါ်လာလောက်အထိသက်သာသွားမယ်။ macOS မှာ Whiteboard function ရနေပြီဖြစ်ပြီး Zoom ရဲ့ပြိုင်ဘက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။