Advertisement

By Issy D’Arcy Clark

နံနက်စာကောင်းကောင်းစားချင်သူများအတွက်ရန်ကုန်ကဆိုင်ကောင်းလေးတွေပါ

Burma Bistro

မြန်မာနံနက်စာလည်းစားချင်၊ နံနက်စောစောမုန့်ဟင်းခါးနဲ့တင်မတင်းတိမ်နိုင်ဘဲ တခြားအစားအစာလေးတွေလည်း မြည်းစမ်းကြည့်ချင်တယ်ဆိုရင် နံနက် ၇နာရီမှ ၁၀နာရီအတွင်း Burma Bistro ကိုသွားကြည့်သင့်ပါတယ်။ မကြာသေးခင်ကမှစီစဉ်ထားတဲ့နံနက်စာမီနူးမှာ မြန်မာဆန်တဲ့အစားအသောက်တွေအပြင်ဥရောပစတိုင်လ်အသင့်စား အစားအသောက်တွေလည်းရှိပါတယ်။ ဆိုင်ရှင်ဇနီးမောင်နှံ ကိုအန်ဒီနိုင်နဲ့ မအေးသူဇာသန့်တို့ကမြန်မာ့အငွေ့အသက်တွေထုံသင်းနေတဲ့ အသင့်စားနံနက်စာထုပ်နဲ့ အသားညှပ်ပေါင်မုန့်တွေကိုဖန်တီးထားပါတယ်။ သူတို့နိုင်ငံခြားမှာနေစဉ်ကမြန်မာအစားအသောက်ကိုတောင့်တမိတာကို ပြန်သတိရစိတ်နဲ့ဖန်တီးဖြစ်ခဲ့ကြောင်းဆိုပါတယ်။ ဒါ့ကြောင့်အစားအသောက်တွေဟာအတိတ်ကိုလွမ်းဆွတ်မှုတွေ လွှမ်းမိုးနေပါတယ်။ ပုန်းရည်ကြီးအနှစ်ပါဝင်တဲ့ကြက်သားကင်ညှပ်ပေါင်မုန့်ဟာဆိုရင် မြန်မာ့ရိုးရာစားစရာကိုခေတ်ပေါ်အစားအသောက်နဲ့ရောစပ်ထားတဲ့အတွက် တမူထူးခြားနေပါတယ်။ သက်သတ်လွတ်စားသူဆိုရင်တော့ ချိစ်နဲ့ရွှေဖရုံသီးပါဝင်တဲ့ပလာတာလိပ်ကိုမြည်းကြည့်သင့်ပါတယ်။ မြို့ထဲမှာအလှဆုံးလို့ဆိုရမယ့်စားသောက်ဆိုင်တွေထဲကတစ်ခုဖြစ်ပြီး ကိုလိုနီခေတ်ကအဆောက်အအုံတစ်ခုပေါ်မှာဖွင့်လှစ်ထားပါတယ်။ ရှေးဟောင်းလက်ရာနဲ့ပြန်လည်ပြင်ဆင်မှုတွေကိုကြည့်ချင်သူများသွားရောက်သင့်တဲ့နေရာလေးပါ။ မုန့်ဟင်းခါးမှစားချင်တဲ့သူများအတွက်လည်း မုန့်ဟင်းခါးရနေပြီဖြစ်တဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

လိပ်စာ။   ။အမှတ်-၆၄၄၊ ပထမထပ်၊ ကုန်သည်လမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
7am-11pm

 

Bhodi Nava Café

ရန်ကုန်မြို့ထဲ နံနက်စာကောင်းကောင်းရတဲ့ဆိုင်စာရင်းမှာအသစ်တိုးလာတဲ့ ဆိုင်ကောင်းတစ်ခုကတော့ Bhodi Nava Café ဖြစ်ပါတယ်။ အထူးသဖြင့်တနင်္ဂနွေပိတ်ရက်မနက်လိုအချိန်မျိုးမှာသွားရောက်သင့်တဲ့ဆိုင်မျိုးပါ။ သက်တောင့်သက်သာရှိတဲ့ရိုးရိုးစင်းစင်းပရိဘောဂတွေ၊ ပြောင်လက်နေတဲ့ကွန်ကရစ်ကြမ်းပြင်၊ အိမ်တွင်းပန်းပင်လေးတွေကို လေကောင်းလေသင့်ရတဲ့အခန်းလေးနဲ့တွဲစပ်ပြင်ဆင်ထားတယ်။ အဆောင်နဲ့တွဲဖွင့်ထားတဲ့ကော်ဖီဆိုင်လေးရဲ့ပိုင်ရှင်တွေနာမည်ကတော့ Bo နှင့် Ben တို့ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှဖွင့်လှစ်ထားတာပါ။ မြူးကြွတဲ့သီချင်းတွေဖွင့်လေ့ရှိပြီး matcha tea cappuccino ကနေ အုန်းသီးနံ့သင်းနေတဲ့လတ်တေးကော်ဖီအေးအထိသောက်စရာအမျိုးအစားစုံလင်လှပါတယ်။ ဒါကြောင့်ခေတ်လူငယ်တွေအတော်များများကိုဆွဲဆောင်ထားနိုင်တာတွေ့ရတယ်။ သက်သတ်လွတ်သမားတွေအတွက်လည်းရွေးချယ်စရာတော်တော်များများရှိပါတယ်။ အထူးသဖြင့် smoothie တွေကိုအရောင်အမျိုးမျိုးခွဲခြားသတ်မှတ်ထားပြီး အရသာကလည်းအထူးကောင်းမွန်လှပါတယ်။ နံနက်စာများများစားတတ်သူတွေအနေနဲ့ မီးအေးအေးနဲ့ပြုတ်ထားတဲ့ကြက်ဥကို သီဟိုဠ်စေ့နဲ့လုပ်ထားတဲ့ဟော်လန်ဒေ့စ်အနှစ်၊ ခရမ်းသီးမီးဖုတ်၊ ထောပတ်သီးတို့နဲ့ပြင်ဆင်ထားတဲ့ဟင်းလျာသစ်ကိုစားကြည့်သင့်ပါတယ်။ အစာပိတ်အနေနဲ့အချိုပွဲမှာယူမယ်ဆိုရင်တော့ ပျားရည်ဆမ်းဒိန်ချဉ်နဲ့ပြောင်းဖူးပေါင်မုန့်ကိုမှာရင်ကောင်းမလား ချောကလက်ဘရောင်နီပဲစားရင်ကောင်းမလား ရွေးရခက်နေမှာပါ။ နှစ်မျိုးလုံးကလည်း oven ကနေပူပူနွေးနွေးလုပ်ထားတာဆိုတော့ လတ်ဆတ်တဲ့အရသာကိုခံစားနိုင်မှာသေချာပါတယ်နော်။

လိပ်စာ။   ။အမှတ်-၁၇၊ ဗဟန်း ၂လမ်း၊ ရန်ကုန်။
9am – 8pm

 

Gekko

အရသာအသစ်တွေစားချင်သူတွေအနေနဲ့ Gekko ကစနေ တနင်္ဂနွေနေ့ brunch menu ကိုမြည်းစမ်းသင့်ပါတယ်။ Gekko ဟာညနေခင်းစာကောင်းကောင်းရတဲ့ဆိုင်အဖြစ်နာမည်ကြီးပေမယ့်လည်း စနေ တနင်္ဂနွေနေ့ brunch တွေကလည်း တကူးတကသွားစားကြည့်ချင်စရာပါ။

မီနူးကို ကြက်ဥနဲ့တွဲဖက်ထားတဲ့ဟင်းလျာ၊ အပေါင်းအသင်းတွေနဲ့ဝေမျှစားလို့ရတဲ့ဟင်းလျာ၊ ပေါက်စီပါတဲ့ဟင်းလျာနဲ့ အချိုပွဲဆိုပြီးအမျိုးအစားခွဲခြားထားပါတယ်။ ကြက်ဥပြုတ်၊ ဆယ်မွန်ဆာရှိမိနဲ့ မီဆိုယုဇူဟော်လန်ဒေ့စ်ဆော့တို့ပါဝင်တဲ့ဟင်းပွဲနဲ့တစ်နေ့တာကိုစတင်ပါ။ အစားအသောက်အသစ်စားချင်သူတွေအနေနဲ့ ဆယ်မွန်နဲ့ပုဇွန်တွေပါတဲ့ဆန်ပြုတ်ကိုစားကြည့်သင့်ပါတယ်။

Gekko ကိုသွားတဲ့အခါဘယ်အချိန်ပဲသွားသွား ကော့တေးတစ်ခွက်လောက်မှာမသောက်ရင် ပြီးပြည့်စုံခြင်းမရှိပါဘူး။ ၂နာရီစာကော့တေး၊ ဘီယာ၊ အအေးအ၀သောက်ဖို့ ကျပ် ၂၅၀၀၀ သာကျသင့်မှာဖြစ်ပါတယ်။ Bloody Mary ကိုဂျပန်စတိုင်ပြန်လုပ်ထားတဲ့ Bloody Geisha မှာ shochu၊ ငရုတ်ကောင်းခတ်ထားတဲ့ခရမ်းချဉ်သီးဖျော်ရည်တို့ပါဝင်ပြီး ဒီကော့တေးတစ်ခွက်နဲ့တင် သွားရတာတန်နေပါပြီ။

လိပ်စာ။   ။အမှတ်-၅၃၅၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
11am-11pm

 

Pullman Yangon Centrepoint

မိုးမျှော်အဆောက်အအုံ Pullman Hotel ဟာတခြားမြို့လယ်ခေါင်အဆောက်အဦးတွေထက် ခေါင်းတစ်လုံးပိုမြင့်ပါတယ်။ သူ့ဆီမှာရနိုင်တဲ့ တနင်္ဂနွေ brunch menu ကလည်းဆိုင်တော်တော်များများထက် ခေါင်းတစ်လုံးသာပါတယ်။ အောက်တိုဘာမှာစတင်ဖွင့်လှစ်ပြီးတဲ့နောက် ဒီ brunch ကို The Merchant Restaurant မှာ 12am ကနေ 3pm အထိရနိုင်ပါတယ်။ သောက်စရာတွေ free flow ရနိုင်တဲ့အပြင် ဂျက်ဇ်တီးဝိုင်းရဲ့ဖျော်ဖြေမှုကိုပါနားဆင်နိုင်မှာပါ။ ပင်လယ်စာကောင်တာကနေစတင်စားပါ။ လတ်လတ်ဆတ်ဆတ်ကမာကောင်တွေရနိုင်ပြီး ခပ်ပြင်းပြင်း Bloody Mary နဲ့လိုက်ဖက်ပါတယ်။ မြန်မာ့ရိုးရာကြက်ခြေထောက်ဟင်း၊ အသားကင်၊ ဆူရှီ၊ ပူပူနွေးနွေးပါစတာများအပါအ၀င် တစ်ကမ္ဘာလုံးကဟင်းလျာတွေရနိုင်ပါတယ်။ ရေခဲမုန့်၊ ဝေဖာ၊ ချောကလက်ရေပန်း၊ ရောင်စုံမုန့်အချို ၄မျိုး (petit four) ၊ နဲ့ပူတင်းတွေပါဝင်တဲ့အချိုပွဲစာရင်းကလည်း ကလေးငယ်တွေအကြိုက်တွေ့မှာပါ။

လိပ်စာ။   ။ဆူးလေဘုရားလမ်းနှင့်ကုန်သည်လမ်းထောင့်၊ ရန်ကုန်။
12am-3pm

 

Alex’s Deli

ယောမင်းကြီးလမ်းထဲကဆိုင်တော်တော်များများဆီကို မြန်မာနိုင်ငံမှာလာနေထိုင်တဲ့နိုင်ငံခြားသားတွေ ၎င်းတို့ရဲ့အိမ်ကိုလွမ်းတဲ့အခါ လာရောက်လည်ပတ်လေ့ရှိပါတယ်။ နံနက်စောစောနံနက်စာစားတတ်တဲ့သူတွေကိုလည်း ယောမင်းကြီးလမ်းကဆွဲဆောင်နေနိုင်ပါပြီ။ နံနက် ၆နာရီခွဲကနေစဖွင့်တဲ့ Alex’s Deli ကပူပူနွေးနွေးဖုတ်ထားတဲ့မုန့်တွေကသွားရည်ကျချင်စရာပါပဲ။ The Loft Hotel Yangon ရဲ့ဘေးအရိပ်ကျကျလမ်းကြားထဲမှာဖွင့်လှစ်ထားတဲ့ ဆိုင်လေးဟာရောင်စုံနံရံပန်းချီတွေနဲ့အလှဆင်ထားလို့ မနက်စောစောစိတ်ကြည်နူးစရာကောင်းပါတယ်။ ပြင်သစ်လူမျိုးစားဖိုမှူး Romain Baqué ကသူ့အလုပ်မှာဘယ်လောက်ကျွမ်းကျင်ကြောင်း ဆိုင်ကမုန့်တွေကသက်သေပါပဲ။ Pain au chocolat ၊ ကော်ဖီတစ်ခွက်နဲ့ စတော်ဘယ်ရီဖျော်ရည်မှာပြီး လက်ရာကိုမြည်းစမ်းကြည့်ပါ။ ကံကောင်းရင်ဟိုတယ်က Golden Retriever ခွေးလေးရောက်လာပြီး သင့်ကိုအဖော်ပြုပေးဦးမှာပါ။

လိပ်စာ။   ။အမှတ်-၃၃၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်။
6.30am-10.30pm

(ဘာသာပြန်ဆိုသူ – နေသီဟ)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here