မြန်မာ့ရေလွှာလျှောစီး သမိုင်းမှတ်တိုင်
မနက်ခင်းမှာ ငွေဆောင် ကမ်းခြေရဲ့ ထုံးစံအတိုင်း တံငါသည်တွေက Sea urchins (စားလို့ရပြီး ဆူးနှင့်အခွံမာ ပါရှိသော ပင်လယ်နေသတ္တဝါငယ်) ကို တလမ်းဝင်တလမ်းထွက်ရောင်းချကြတယ်။ ခရီးသွားတွေကတော့ ဓာတ်ပုံရိုက်ကြပြီး ခြစ်ခြစ်တောက်ပူနေတဲ့နေရောင်အောက်ကကမ်းခြေမှာတော့ လှေတွေအားလုံးကို ကမ်းကပ်ထားပါတယ်။ ကမ်းခြေမှာလှေတွေအပြင် ရေလွှာလျှောစီးဘုတ်ပြားတွေပါရှိနေတယ်။
အသက် ၄၄နှစ်အရွယ် ဟန်ဂေရီလူမျိုး Csiga Balazs ဟာ ဆယ်စုနှစ်များစွာ ကမ္ဘာတဝှမ်းကကမ်းခြေတွေမှာ လှိုင်းစီးခဲ့သူပါ။ သူဟာဒေသခံဆယ်ကျော်သက်တစ်ဒါဇင်၊ ဂျပန်လူမျိုး ၄ယောက်၊ အမေရိကန်တစ်ယောက်၊ ဗြိတိသျှသားတစ်ယောက်တို့ရဲ့နာမည်တွေကို အနီရောင်မာကာနဲ့ရေးမှတ်လိုက်ပါတယ်။ ပြီးတော့လူငယ် ၄ ယောက်ဟာ ရေလွှာလျှောစီးဘုတ်ကိုယ်စီဆွဲယူပြီး ဘင်္ဂလားပင်လယ်အော်ဆီပြေးသွားခဲ့တယ်။ မြန်မာတို့ရဲ့ ပထမဦးဆုံးသော ရေလွှာလျှောစီးပြိုင်ပွဲကြီး စတင်ခဲ့ပါပြီ။

ငွေဆောင်ရွက်လှေအသင်းနှင့် အပန်းဖြေစခန်းရဲ့ ရေအားကစားသင်တန်းနည်းပြ Balazs က “ဒါ အခုမှ အစပဲရှိပါသေးတယ်” လို့ ပြောပါတယ်။ “ဒီအစီအစဉ်ဟာ သင့်တော်တဲ့ရေလွှာလျှောစီးအသင်းဖြစ်အောင် မြှင့်တင်ပေးနိုင်မယ့် အစီအစဉ်တစ်ခုဖြစ်တယ်။ အထူးသဖြင့် အခုဆိုရင် ရေလွှာလျှောစီးခြင်းဟာ အိုလံပစ်အားကစားဖြစ်လာတော့မယ်” လို့ထပ်မံပြောကြားခဲ့ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာ ရေလွှာလျှောစီးအသင်း မရှိသေးပါဘူး။ ဒါပေမယ့် မုတ်သုန်ရာသီတလျှောက် ၂ပေကနေ ၄ပေအထိမြင့်တဲ့လှိုင်းတွေရှိတဲ့ ငွေဆောင်ဟာရန်ကုန်ကနေ ၇နာရီလောက်ကားမောင်းရုံနဲ့ရောက်နိုင်ပါတယ်။ ငွေဆောင်ကလှိုင်းတွေဟာ ရေလွှာလျှောစီးသင်စလူတွေအတွက်သင့်လျော်ပါတယ်။ ဒီအစီအစဉ်ဟာကလပ်ရဲ့ အုပ်ထိန်းမှုအောက်၌ ရေကူးနည်းကိုသာ သင်ယူခဲ့ရတဲ့လူငယ်များနှင့် နိုင်ငံတော်အဆင့်ရေလွှာလျှောစီးအသင်းဖွဲ့စည်းပြီး ရေလှိုင်းတွေ့နဲ့ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပေးတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။
“တနေ့မှာ ကျွန်တော် မြန်မာနိုင်ငံကိုယ်စားပြု ရေလွှာလျှောစီးအားကစားသမားဖြစ်ချင်ပါတယ်” ဟု နေ့စဉ် ကျောင်းဆင်းတိုင်း လေကျင့်ရေးဆင်းသော ၁၄နှစ်အရွယ် အောင်ဇော်လင်းက ပြောပါတယ်။ တခြားကောင်လေးတွေလိုပဲ သူဟာ ရေလွှာလျှောစီးဘုတ်နဲ့ ကမ်းခြေကို ဘယ်လိုသန့်ရှင်းအောင် ထားရမယ်ဆိုတာ သင်ကြားရပါတယ်။ တချို့ကောင်လေးတွေကတော့ ရေလွှာလျှောစီးခြင်းကို ရုပ်ရှင်ထဲမှာသာမြင်ဖူးပြီးသူတို့ မိဘတွေကတော့ ပျံကျဈေးသည်၊ တံငါသည်၊ အလုပ်ကြမ်းသမား၊ ဆေးသုတ်သမား တို့ဖြစ်တာကြောင့် ရေလွှာလျှောစီးခြင်းအကြောင်းမသိကြပါဘူး။ “ရေလွှာလျှောစီးတာဆိုတာ ဘာလဲကျွန်တော်မသိပါဘူး။ ဒါပေမယ့် လန်းမဲ့ပုံပဲဗျ” ဟု အောင်ဇော်လင်းကထပ်မံပြောပါတယ်။
Balazs ဟာ သူတို့လေးတွေကို ရေနဲ့ပတ်သက်တဲ့ အားကစားတွေ သင်ပေးပြီး အရံအနေနဲ့ ငါးဖမ်းနည်းပါ သင်ပေးပါတယ်။ ရေလွှာလျှောစီး အသင်းကလည်း သူတို့ကို လစာနည်းနည်းစီပေးပါတယ်။ အသင်းမှာ နှစ်နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ Balazas က “သူတို့လေးတွေ ရေလွှာလျှောစီးရတာကို ကြိုက်နှစ်သက်ပြီး အတတ်လည်းမြန်တယ်” လို့ဆိုပါတယ်။

ငွေဆောင်ကမ်းခြေမှာ ပထမဆုံး ရေလွှာလျှောစီးခဲ့တဲ့သူလို့ပြောရမယ့်သူကတော့ အရှေ့တောင်အာရှအားကစားပွဲမှာ ရွက်လှေအသင်းအတွက် ရွှေဆုနှစ်ကြိမ်ယူပေးနိုင်ခဲ့သူ ရွက်လှေအသင်းနှင့်အပန်းဖြေစခန်းရဲ့ ဒါရိုက်တာ၊ အသက် ၃၃နှစ်အရွယ်ရှိ ဘုန်းကျော်မိုးမြင့်ပဲဖြစ်ပါတယ်။ ၂၀၁၂မှာ အပန်းဖြေစခန်းဆောက်လုပ်နေတဲ့ကာလအတွင်း သူဟာ သူ့မှာရှိတဲ့ရွက်တပ်ဘုတ်ပြား (windsurfing board) အပါအ၀င်ရရာပစ္စည်းကိရိယာကိုသုံးပြီးလှိုင်းစီးခဲ့တယ်လို့ဆိုပါတယ်။
သူဟာ တခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံတကာ ရေလွှာလျှောစီးအသင်းအဖွဲ့ဝင် ဖြစ်ဖို့အတွက် “မြန်မာရေလွှာလျှောစီးအသင်း” ကို အသိအမှတ်ပြုပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ၂၀၁၉ အရှေ့တောင်အာရှအားကစားပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ ရေလွှာလျှောစီးအားကစားကို ထည့်သွင်းယှဉ်ပြိုင်ဖို့ အဆိုပြုခဲ့ပါတယ်။ ၂၀၂၀တိုကျိုနွေရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း ရေလွှာလျှောစီးခြင်းပါဝင်ပေမယ့် မြန်မာနိုင်ငံဝင်ရောက်ယှဉ်ပြိုင်ဖို့စောလွန်းနေပါသေးတယ်။
နိုင်ငံ့အသင်းအတွက် ကိုယ်စားပြုယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူတွေကတော့ ရေလွှာလျှောစီးခြင်းတိုးတက်ဖို့အတွက် ကလပ်ရဲ့အစီအစဉ်နဲ့ Bali မှာလေ့ကျင့်ခဲ့တဲ့ ၁၈နှစ်အရွယ် အမြွှာ အောင်မင်းနိုင်နဲ့ အောင်မင်းပိုင် တို့ပဲ ဖြစ်ပါတယ်။ နှစ်ယောက်လုံး Myanmar men’s final ရောက်ခဲ့ပြီး အောင်မင်းပိုင်က ဆုရခဲ့ပါတယ်။ အမြွှာနှစ်ယောက်ဟာ အပန်းဖြေစခန်းမှာ အလုပ်လုပ်တာဖြစ်လို့ ခရီးသည်တွေဟာ သူတို့ဆီက သင်ယူနိုင်ပါတယ်။
နေ့လယ်ခင်းမှာ ဂျူနီယာပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အောင်ဇော်လင်းကို လူအများကြားမှာ သူ့သူငယ်ချင်းတွေက ချီမြှောက်ထားတာကို တွေ့ရတယ်။ ရန်ကုန်ကထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၄၄ နှစ်အရွယ် Tomy Tanaka လည်းပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူက “ရေကကြည်ပြီး လှိုင်းတွေကလှတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တခြားကမ်းခြေတွေထက် ဒီကမ်းခြေကရေလွှာလျှောစီးလို့ပိုကောင်းတယ်” လို့ပြောပါတယ်။

သို့သော်လည်း Tanaka ဟာ Heat’s Trophy ကို မရယူနိုင်ခဲ့ပါဘူး။ ဗြိတိန်က Devon ဆိပ်ကမ်းမှာ ရေလွှာလျှောစီးခဲ့တဲ့ ရန်ကုန်သို့ ရွှေ့ပြောင်းနေထိုင်သူ အသက် ၃၀အရွယ်ရှိ Joshua Hughes က၎င်းဆုကိုရယူနိုင်ခဲ့ပါတယ်။ သူက “ဒီပွဲဖြစ်မြောက်လာပြီး ကလေးတွေပါ ပါဝင်ကြတာကိုပိုဝမ်းသာပါတယ်” လို့ ပြောပါတယ်။ ဇူလိုင်လမှာ Hughes ဟာ ရန်ကုန်မြို့က Bar Bondi ပိတ်သွားပြီးနောက်ပိုင်း ၎င်းဘားမှာအလှဆင်ထားတဲ့ ရေလွှာလျှောစီးဘုတ် ၇ ခုကို အသင်းထံလှူဒါန်းခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ လူသိမများသေးတဲ့ ပင်လယ်ကမ်းရိုးတန်းရှိတယ်။ အဲ့ဒီမှာဘယ်သူမှမရောက်ဖူးသေးတဲ့ ရေလွှာလျှောစီးလေ့ကျင့်လို့ရတဲ့နေရာတွေအများကြီးပဲ” လို့ Hughes ကပြောပါတယ်။
အခုလက်ရှိမှာတော့ ရေလွှာလျှောစီးသမားတွေအတွက် ငွေဆောင်ရှိပါတယ်။ ရေလွှာလျှောစီးအားကစားဟာ မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိလာပါပြီး။ ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးပြီး ရိုးစင်းလှတဲ့ရွာလေးမှာနေထိုင်တဲ့ လူငယ်တွေအတွက် ရေလွှာလျှောစီးခြင်းဟာအိပ်မက်တစ်ခုဖြစ်လာပါပြီ။
(ဘာသာပြန်ဆိုသူ – မြတ်နိုးဦး)