Advertisement

By Nay Thiha

Facebook ပေါ်မှာကောင်းကင်ပေါ်ကစီးမိုးပြီးရိုက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့ဖူးကြမယ်၊ ကိုယ်နဲ့အကျွမ်းဝင်ပြီးသားနေရာတခုကို ကိုယ်မမြင်ဖူးတဲ့ရှုထောင့်ကနေတွေ့ရတော့ရင်သပ်ရှုမောခံစားရမယ်။

ဒီဓာတ်ပုံတွေ၊ ဗီဒီယိုတွေရဖို့ ဘယ်လောက်များကြိုးစားအားထုတ်ခဲ့ရပါသလဲ။

Drone photography နဲ့ပတ်သက်ပြီးပညာရှင်အဆင့်လုပ်ကိုင်နေတဲ့ NayLa Drone Photography ရဲ့တည်ထောင်သူပဲ့ကိုင်ရှင် ကိုကောင်းကောင်းရဲ့အတွေ့အကြုံတွေကို ဖတ်ကြည့်ရအောင်ပါ။

Kaung Kaung (NayLa Drone Photography)

“လွန်ခဲ့တဲ့ ၄နှစ်လောက်က ၁၀တန်းပြီးတဲ့အချိန်မှာကျနော်ကဒါရိုက်တာဘက်ကိုသွားချင်တယ်။ ကိုဝင်းလွင်ထက်တို့လို MTV တွေရိုက်ဖို့ပဲစဉ်းစားထားတာ။ အိမ်ကနေကင်မရာဝယ်ဖို့အရင်းအနှီးတခုထုတ်ပေးတယ်။ အဲ့ဒီအချိန်မှာ drone လေးတွေကနိုင်ငံတကာမှာခေတ်စားနေကြပြီဗျ။ အဲ့ဒါနဲ့ drone တစင်းပါဝယ်ဖြစ်ခဲ့တယ်” လို့ကိုကောင်းကောင်းကဒီလောကထဲဝင်ရောက်လာဖြစ်ပုံကိုပြောပြပါတယ်။

“ကျနော်တို့တုန်းက drone ကချက်ချင်းဝယ်လို့မရသေးဘူးဗျ။ မှာပြီးတလလောက်စောင့်ရသေးတယ်။ ကျနော့်အတွက်အဆင်ပြေသွားတာတခုကစောင့်ဆိုင်းနေတဲ့ကာလမှာ drone နဲ့ပတ်သက်တဲ့လုံခြုံရေးပိုင်းတွေကိုသေချာလေ့လာဖြစ်ခဲ့တယ်။ ချက်ချင်းဝယ်ချက်ချင်းသုံးဆို drone မောင်းနှင်ရတာအန္တရာယ်အရမ်းများပါတယ်။ သူများကိုထိခိုက်နိုင်သလို ကိုယ့်အပေါ်လည်းဆိုးကျိုးတွေရှိနိုင်ပါတယ်။”

Drone ကိုဒါရိုက်တာအဖြစ်လုပ်ကိုင်ရာမှာအသုံးပြုဖို့ပစ္စည်းကိရိယာတခုအဖြစ် သဘောထားပြီးဝယ်ခဲ့ပေမယ့် စမ်းသပ်မောင်းနှင်ရင်း ဝေဟင်ထက်ကဓာတ်ပုံတွေကို Facebook ပေါ်မှာမျှဝေရင်း ဒီအလုပ်ကိုနှစ်သက်လာခဲ့တယ်လို့ ကိုကောင်းကောင်းကဆိုပါတယ်။

“စ၀ယ်ဝယ်ချင်းတနှစ်နီးပါးလောက်မှာအနည်းဆုံးတပတ်ကိုတရက်လောက်ရန်ကုန်မြို့ထဲညဘက်တွေထွက်ရိုက်ဖြစ်တယ်။ အဲ့ဒါတွေကြောင့်ပဲကျွမ်းကျင်လာတာပါ။”

Professional အဖြစ်လုပ်ကိုင်လာတဲ့သက်တမ်း ၃နှစ်အတွင်းမှာ တလကို project ၁၅ခုခန့်ရလာခဲ့ပြီး high-profile project တနှစ် ၁၀ခုခန့်လက်ခံရရှိသည်အထိအောင်မြင်ခဲ့ပါတယ်။

“ရုပ်ရှင်ဘက်ကလွဲလို့နယ်ပယ်တော်တော်များများက project တွေလာပါတယ်။ ဌာနဆိုင်ရာ၊ ဟိုတယ်၊ ဆောက်လုပ်ရေးစသဖြင့်ပေါ့။ အများဆုံးကတော့ ဆောက်လုပ်ရေးပိုင်းကပါ။”

ကိုကောင်းကောင်းဟာ Wyndham Hotel၊ Lotte Hotel စတဲ့လူသိများထင်ရှားတဲ့ဟိုတယ်တွေရဲ့ project တွေကိုလည်းလက်ခံရိုက်ကူးပေးခဲ့ပါတယ်။ နောက်ဆုံး project အနေနဲ့ 1st Yangon International Motor Show 2019 ကိုမှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။

ကိုကောင်းကောင်းရဲ့ professional ဘ၀ဟာဓာတ်ပုံလှလှလေးတွေရိုက်ကူးရုံနဲ့တင် ပြီးသွားတာတော့မဟုတ်ပါဘူး။ အခက်အခဲစိန်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့ရ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

“အဓိကအခက်အခဲကတော့ဥပဒေပိုင်းပဲဗျ။ Drone ကနည်းဥပဒေလည်း တိတိကျကျမရှိဘူးလေ။ အစိုးရကလည်းဒီကိစ္စကိုတရားဝင်လည်းမဟုတ်သလို တရားမ၀င်ဘူးလည်းမဟုတ်ဘူးပေါ့နော်။ အဲ့လိုဖြစ်နေတဲ့အချိန်မှာအခက်အခဲတွေအများကြီးရှိပါတယ်။ ဥပမာကျနော်တို့ရန်ကုန်ပုံတွေကိုအရမ်းသဘောကျလို့ ၀ါသနာအရခဏခဏရိုက်ဖြစ်တယ်။ အခုဆိုရင်တော့နည်းဥပဒေတိတိကျကျမရှိတဲ့အတွက်ရန်ကုန်မြို့ရဲ့ပုံကိုမရိုက်ဖြစ်တော့ဘူးဗျ။ Project တွေပဲရိုက်တော့တယ်” လို့သူတွေ့နေရတဲ့အခက်အခဲကိုပြောပြပါတယ်။

မြန်မာနိုင်ငံမှာဘုရားစေတီများ၊ အစိုးရအဆောက်အအုံများ၊ လုံခြုံရေးအရအရေးကြီးတဲ့အဆောက်အအုံများ၊ လေဆိပ်နှင့်လေယာဉ်ပြေးလမ်းများ၊ လူစည်ကားရာနေရာများမှာ drone ပျံသန်းခွင့်မရှိပါဘူး။ လေယာဉ်ဖြတ်သန်းမောင်းနှင်ရာမြို့နယ် ၁၆မြို့နယ်အတွင်းမှာလည်း drone ပျံသန်းမှုကိုပိတ်ပင်ထားပါတယ်။

“ကျနော်တို့ safety ပိုင်းကိုအရမ်းဦးစားပေးပြီးလုပ်တာတောင် ဒီ ၃နှစ်အတွင်းမှာ အစင်း ၂၀လောက်ပျက်ပြီးသွားပြီဗျ။ ဒါကြောင့်ဒီအလုပ်ကိုလုပ်မယ်ဆိုရင်တော့ safety ကိုအလေးထားစေချင်တယ်။ တခြား operator တွေကိုလည်းမထိခိုက်အောင် ပြည်သူတွေလည်းမထိခိုက်အောင်ပေါ့နော်။”

Drone camera ဟာ DSLR camera များလောက်ပုံထွက်မကောင်းတဲ့အတွက် ညနေပိုင်း ညပိုင်း မီးအလင်းရောင်များများရသောနေရာများတွင်ရိုက်ခြင်း၊ editing သေချာလုပ်ခြင်းဖြင့် ပုံကောင်းများရနိုင်ကြောင်း ၀ါသနာရှင်များကိုအကြံပေးခဲ့ပါသေးတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here