Advertisement

Chatrium Hotel Royal Lake Yangon ဆိုတာ အထူးတလည်မိတ်ဆက်ပေးစရာလိုတဲ့ ဟိုတယ်တော့မဟုတ်ပါဘူး။ ကြယ် ၅ပွင့်ဟိုတယ်တခုဖြစ်တဲ့အပြင် Barack Obama တို့ Hillary Clinton တို့လိုနိုင်ငံရေးခေါင်းဆောင်တွေမြန်မာနိုင်ငံလာလည်တုန်းမှာတည်းလေ့ရှိတဲ့ဟိုတယ်လည်းဖြစ်လို့ လူတော်တော်များများသိပြီးဖြစ်မှာပါ။

ဟိုတယ်ထဲမှာစားသောက်ဆိုင်အမျိုးမျိုးရှိပြီးအဲ့ဒီထဲကမှ Kohaku ဆိုတဲ့ဂျပန်စားသောက်ဆိုင်ရဲ့ a la carte dinner buffet ကိုဂျပန်စာကြိုက်တဲ့သူတွေအတွက်အနည်းဆုံးတခေါက်တော့သွားစားကြည့်သင့်ပါတယ်။ Head chef အသစ် Pichai Saithip ကသူ့ရဲ့ signature dish တွေကိုလည်းညွှန်းပေးထားတော့ ဂျပန်စာအခုမှစားမယ့်သူတွေဘာစားရမှန်းမသိဖြစ်နေရင် အဲ့ဒီထဲကရွေးပြီးစားလိုက်တာမမှားပါဘူး။ ကျနော်တို့ကတော့ Chef Pichai ရဲ့ highlight menu မိတ်ဆက်ပွဲကိုတက်ရောက်ပြီး အဲ့ဒီထဲကဟင်းပွဲတွေကိုမြည်းစမ်းခွင့်ရခဲ့ပါတယ်။

Welcoming Ceremony on 4th July

ပထမဦးဆုံး appetiser ထဲမှာ ရေညှိစိမ်းသုပ်၊ ခရမ်းသီးဂျယ်လီနဲ့ ကင်းမွန်တို့ပါတယ်။ အဲ့ဒီထဲမှာဆန်းတာက ခရမ်းသီးကိုကျောက်ကျောတုံးလေးလိုလုပ်ပြီးမီးလေးမျှင်းမျှင်းနဲ့ကင်ထားတာပဲဗျ။ အရသာကခပ်ဆိမ့်ဆိမ့်လေး။ ရေညှိစိမ်းသုပ်နဲ့ကင်းမွန်ကတော့ချဉ်ပြုံးပြုံးနဲ့အအီပြေတယ်။ ပြီးတော့ Beef Tataki ချပေးပါတယ်။ သူကပါးပါးလေးလှီးထားတဲ့အမဲမိုးခိုသားတွေကိုမီးပူပေးပြီးကင်ထားတာ။ အပေါ်ကကြက်သွန်ဖြူကြော်လေးတွေနဲ့ ဆော့စ်ဆမ်းပေးထားပါတယ်။ သူ့အရသာကတော့အချိုဗျ။ ဒီအစားအသောက်တွေက၀ိုင်နီနဲ့တွဲစားလို့ကောင်းပါတယ်။

သူ့နောက်မှာချပေးတဲ့ ပုစွန်ထုပ်တန်ပူရာကတော့ဟင်းပွဲတွေထဲ ကျနော်အကြိုက်ဆုံးပါ။ Spicy mayo ဆမ်းပြီးကြော်ထားတဲ့အတွက်ချိုချိုစပ်စပ်အရသာရှိတယ်။ ငါးပျံဥလေးတွေဖြူးပေးထားလို့ ဆိမ့်တဲ့အရသာလည်းရသေးတယ်။ ဒါကတော့မစားမဖြစ်စားကြည့်ပါလို့ညွှန်းချင်ပါတယ်။

ဂျပန်စာတွေမှာမပါမဖြစ် ဆာရှိမိနဲ့ဆူရှီကတော့လတ်ဆတ်နူးညံ့တယ်။ ဒါပေမယ့်မကြိုက်တဲ့သူတွေလည်း ရှိနိုင်တာမို့ အထူးတလည်မပြောတော့ပါဘူး။ တပွဲစီလောက်တော့စားကြည့်ပေါ့နော်။

လူတော်တော်များများခံတွင်းတွေ့နိုင်မယ့်ဂျပန်အစားအစာကတော့ teppanyaki ဖြစ်မယ်ဗျ။ သံပူပြားပေါ်မှာ ဆီနည်းနည်းနဲ့ပြင်ဆင်ရတဲ့ဒီဟင်းလျာတွေက အသားကိုဆီထဲနှစ်ပြီးကြော်ရတဲ့အကြော်တွေထက် ပိုစားကောင်းသလိုကျန်းမာရေးနဲ့လည်းပိုညီညွတ်တာပေါ့။ ကြာယပ်ဂုံး (scallop)၊ slipper lobster နဲ့သြစတြေးလျအမဲသားဆိုပြီး teppanyaki ၃မျိုးကို Chef’s highlight အဖြစ်ညွှန်းပေးထားတယ်။

Slipper lobster ဆိုတာကဖိနပ်ပုံစံဗျက်ကျယ်ကျယ်နဲ့ကျောက်ပုစွန်ကိုခေါ်တာပါ။ အသားလေးတွေကိုကင်ထားတော့အပေါ်ယံတင်းပြီးအထဲကနူးညံ့နေတယ်။်ဂုံးကဆိမ့်ပြီး သြစတြေးလျအမဲသားကတော့ထုံးစံအတိုင်း ပါးစပ်ထဲရောက်တာနဲ့ပျော်သွားမယ့်နူးအိမှုမျိုးပါ။

နောက်ထပ် Chef’s highlight တခုကတော့ snow fish ဆိုတဲ့ငါးကိုကင်ထားတဲ့ဟင်းလျာပါ။ ပင်လယ်ရေအောက် မီတာ ၃၀၀အနက်မှာနေထိုင်ပြီးဖြူဖွေးနေတဲ့ဒီငါးလေးတွေဟာ Omega 3 ကြွယ်ဝပြီး အညှီနံ့မရှိတဲ့ငါးတမျိုးပါ။ အရသာကရေချိုငါးတွေလိုချိုတယ်။ ဒီဘူဖေးမှာများများစားသင့်တဲ့ ဟင်းပွဲလို့လည်းပြောလို့ရပါတယ်။ ပင်လယ်စာတွေကိုတော့ သစ်သီးနံ့သင်းနေပြီးအ၀င်ပိုကောင်းတဲ့ဝိုင်ဖြူနဲ့သောက်ရတာပိုကြိုက်တယ်။

ကျနော်အခုရေးပြခဲ့တာက media တွေကိုမိတ်ဆက်ကျွေးမွေးတဲ့ Chef’s highlight menu သာဖြစ်ပြီး တကယ့်ဘူဖေး menu ကအခုထက်ပိုအမယ်စုံပြီး အကင်တွေ အကြော်တွေသာမကဘဲ ဟော့ပေါ့ပုံစံနဲ့ပါမှာစားလို့ရပါတယ်။ အချိုပွဲအနေနဲ့လည်းရာသီပေါ်သစ်သီး၊ ဂျပန်မုန့်၊ ရေခဲမုန့်နဲ့ ကိတ်မုန့်တွေပါရနိုင်တယ်။ ကြယ် ၅ပွင့်ဟိုတယ်မှာမို့သုံးထားတဲ့ ingredient တွေနဲ့ ဟင်းအမယ်တွေကတော့ပထမတန်းစားတွေဆိုတာသံသယဖြစ်စရာမလိုပါဘူး။

A la carte ဘူဖေးတွေကကြိုခင်းထားတာမျိုးမဟုတ်ဘဲ မှာမှတပွဲစီပြင်ဆင်ပေးတာမို့ လတ်လတ်ဆတ်ဆတ်စားနိုင်ပြီး အစားအသောက်တွေမကုန်လို့အလဟသဖြစ်တာမျိုးလည်းမရှိနိုင်ဘူး။ ပုံမှန်ရက်တွေမှာဆို တယောက်ကို အသီးဖျော်ရည်နဲ့ ၃၇ဒေါ်လာကျသင့်ပြီး free-flow Kirin beer ပါရင်တော့ ၄၃ဒေါ်လာကျသင့်ပါတယ်။ တနင်္ဂနွေနေ့ဆိုရင်တော့ Kohaku Sunday brunch buffet ကို free-flow Kirin beer အပါအ၀င် ၃၇ဒေါ်လာတည်းနဲ့ရနိုင်ပါတယ်။ ပုံမှန်ဘူဖေးတွေထက်ဈေးအနည်းငယ်မြင့်ပေမယ့် အရည်အသွေးကောင်းကောင်း ingredient တွေသုံးထားတာမို့စားနိုင်ရင်တန်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here