Ember ဟာဂျပန်စားသောက်ဆိုင်ဖြစ်ပြီး Central အဆောက်အအုံမှာဖွင့်လှစ်ထားတာ တလလောက်ပဲရှိပါသေးတယ်။ Don လို့ခေါ်တဲ့ဂျပန်စတိုင်ထမင်းနဲ့ တန်ပူရာအသားကြော်၊ ဆူရှီလိပ်နဲ့ အသားကင်စသဖြင့် ဂျပန်အစားအစာအစုံရနိုင်တဲ့အပြင် အနောက်တိုင်းဟန်ကော့တေးတွေနဲ့ ဆာကေးကိုအခြေခံတဲ့ကော့တေးတွေပါရနိုင်ပါတယ်။
ဆူရှီကြိုက်တယ်ဆိုရင်တော့ dragon roll နဲ့ unagi roll ကိုညွှန်းချင်တယ်။ ကျားပုစွန်၊ သရက်သီး၊ ဂျပန်သခွားသီးတွေကိုထမင်းထဲလိပ်ပြီး အပေါ်က spicy mayo ဆမ်းပေးထားလို့ ပုံမှန်စားနေကျဆူရှီတွေလိုမအီဘူး။ ငါးရှဥ့်နဲ့လုပ်ထားတဲ့ unagi roll ကတော့ငါးရှဥ့်ကြိုက်တဲ့သူတွေ သဘောတွေ့မှာပါ။
ထမင်းနဲ့ဟင်းလေးတွဲစားမှအာသာပြေတယ်ဆိုတဲ့သူတွေကတော့ ဆယ်မွန်ငါးကြော်နဲ့ don ကစားလို့လည်းကောင်းပြီးဗိုက်လည်းပြည့်ပါတယ်။ တခြားရွေးချယ်စရာ ကြက်၊ ၀က်၊ အမဲနဲ့ ပုစွန်တွေရှိပါသေးတယ်။
အကင်ထဲမှာဆိုရင်တော့ဝက် ၃ထပ်သားကင်နဲ့ကြက်ပေါင်သားကင်ကိုအကြိုက်ဆုံးပဲဗျ။ အသားကနူးနေပြီးဟင်းခတ်အမွှေးအကြိုင်တွေနဲ့ကြာကြာနှပ်ထားလို့ အနံ့အရသာကအသားထဲပျော်ဝင်နေတယ်။ ကြက်သားလုံးနဲ့ကြက်နှလုံးကိုလည်း အနည်းဆုံးတချောင်းစီလောက်တော့စားခဲ့နော်။

တခြားဟင်းပွဲတွေထဲမှာတော့ ခေါက်ဆွဲအေးကအသစ်အဆန်းဖြစ်မယ်ထင်တယ်။ လက်လုပ်ခေါက်ဆွဲအိအိလေးကိုရေခဲတုံးလေးတွေနဲ့အအေးခံထားတယ်။ ပြီးတော့မှပဲငံပြာရည်နဲ့လုပ်ထားတဲ့အချိုရည်လေးထဲစိမ်ပြီး နှမ်းနဲ့ဂျင်းရောပြီးလုပ်ထားတဲ့အနှစ်နဲ့တို့စားရတာပါ။ အရသာကချိုပြီး အနှစ်ကတော့ပူပူစပ်စပ်နဲ့မို့ အအီပြေပါတယ်။ အမြဲလိုလိုခေါက်ဆွဲပူပူလောင်လောင်တွေစားနေရလို့ အပြောင်းအလဲဖြစ်ချင်ရင်တော့စားကြည့်ပေါ့နော်။
ပြီးတော့ကင်ချီထမင်း။ သူ့ကင်ချီထမင်းကအပေါ်ကရေညှိနဲ့ဂေါ်ဖီလေးတွေခြစ်ပြီးတင်ထားတယ်။ အရသာကသိပ်အချဉ်မစူးဘဲဆိမ့်တယ်။ သူ့အတိုင်းစားတာထက်အကင်လေးနဲ့စားတာကိုပိုကြိုက်ပါတယ်။
Drinks တွေထဲမှာဆိုရင်တော့ အပြင်းကြိုက်တဲ့သူတွေက Ember Old Fashion ကိုရွေးသင့်တယ်။ သစ်ကြံပိုးခေါက်နဲ့ငှက်ပျောသီးတွေစိမ်ထားတဲ့ရမ်၊ ထန်းလျက်ရည်နည်းနည်းနဲ့ လိမ္မော်ခွံတို့ရောစပ်ထားတဲ့ဒီကော့တေးက ချိုချိုပြင်းပြင်းနဲ့လိမ္မော်ခွံနံ့သင်းနေတယ်။ အကြော်တွေအကင်တွေနဲ့တွဲသောက်ရင်တော်တော်လိုက်ဖက်ပါတယ်။ Kajitsu Bellini ဆိုတဲ့ မက်မွန်အရက်၊ ဘယ်ရီသီးအစုံနဲ့လုပ်ထားတဲ့ကော့တေးကလည်း အပြင်းမကြိုက်တဲ့သူတွေအတွက်သင့်လျော်တယ်။
သိပ်မပြင်းဘဲ ဆာကေးကိုအခြေခံတဲ့ကော့တေးကိုလည်းမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Essence of Thyme ကိုညွှန်းပါတယ်။ ဆာကေး၊ yuzu လို့ခေါ်တဲ့ချဉ်ပြုံးပြုံးအရသာရှိတဲ့အသီးနဲ့ စပ်ထားတဲ့ဂျင်၊ ကြက်ဥအကာအရည်ကြည် စတာတွေကို စမုံဖြူနဲ့ရောစပ်ပြီးဖျော်ထားတာမို့ အချဉ်အရသာနဲ့အအီပြေတယ်။ ဆူရှီနဲ့တွဲသောက်လို့ကောင်းပါတယ်။
အီတလီအစားအသောက်တွေစားဖူးတယ်ဆိုရင် tiramisu လို့ခေါ်တဲ့ကော်ဖီကိတ်ကိုသိကြမှာပါ။ Ember မှာတော့ tiramisu ကော့တေးရှိတယ်။ သူက alcohol ပါဝင်မှုနည်းပြီး ကော်ဖီ၊၊ နို့၊ ကြက်ဥအကာအရည်ကြည်တွေပါတာမို့အစားစားပြီးမှအချိုပွဲအနေနဲ့သောက်တာပိုသင့်တော်ပါတယ်။
အစားအစာတွေက portion များပြီးအရသာရှိတယ်။ ဈေးကတော့ ၂၀၀၀-၃၀၀၀ ကနေ ၅၀၀၀-၆၀၀၀ ဝန်းကျင်လောက်ပါပဲ။ ကော့တေးဆန်းဆန်းလေးတွေအပြင် ဆာကေးနဲ့တခြား hard liquor တွေကိုခွက်နဲ့ပဲဖြစ်ဖြစ် ပုလင်းလိုက်ပဲဖြစ်ဖြစ်ဝယ်လို့ရပါတယ်။ ဘီယာတွေလည်းရှိတယ်။ ကော့တေးကတော့ ၅၀၀၀လောက်ကစတယ်။
Ember က promotion တွေလည်းပေးထားတယ်နော်။
သောကြာနေ့မှာဆိုရင်ညနေ ၆နာရီကနေ ၉နာရီအထိ TGIF လုပ်ကြမယ့်သူများအတွက် Myanmar Premium Beer Buy 1 Get 1 promotion ရှိပါတယ်။ စနေနေ့မှာဆိုရင်တော့ ဘီယာ ၂ပုလင်းမှာတာနဲ့ မြည်းဖို့ karaage လို့ခေါ်တဲ့ အကြော် snack တပွဲရမှာပါ။ ည ၁၀နာရီခွဲအထိနော်။ တနင်္ဂနွေနေ့ကျရင်တော့ ကျပ် ၅သောင်းဖိုးညစာစားတာနဲ့ ၂လသက်တမ်းရှိတဲ့ ၅၀၀၀ တန် voucher ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
Ember
ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
Opens at 12pm until late