Advertisement

TT’s Kitchen ကသတိပဌာန္လမ္းထဲမွာဖြင့္ထားတာ ၂လေလာက္ေတာ့ရွိျပီ။ ကယား၀က္အူေခ်ာင္းလို ကယားအစားအေသာက္ေတြျမည္းခ်င္တယ္၊ ဒီေမာ့ဆိုးကတုိက္ရိုက္တင္သြင္းတဲ့ေခါင္ရည္ကိုလည္း ေသာက္ခ်င္တယ္ဆိုရင္ေတာ့သြားၾကည့္ဗ်။

ဆိုင္ေလးကစားေသာက္ဆိုင္ဆိုတာထက္ ဘားနဲ႔ပိုတူတယ္ဗ်။ မီးေလးေတြခပ္မွိန္မွိန္ထြန္းထားတာမို႔ အစားအေသာက္ပံုဓာတ္ဖမ္းခ်င္တဲ့သူေတြေတာ့နည္းနည္းအခက္အခဲေတြ႔မယ္။ Menu မွာ ကယားရိုးရာအစားအစာေတြနဲ႔ အာရွအစားအစာဆိုျပီး ၂မ်ိဳးခြဲထားတယ္။ အာရွစာေတြကေတာ့ က်ေနာ္တို႔စားဖူးေနက် တန္ပူရာေတြ၊ အကင္ေတြမ်ားပါတယ္။ ဒါေၾကာင့္ ဆိုင္ရဲ႕ signature ကယားဟင္းေတြကိုပဲမွာလိုက္္တယ္။

အေပၚထပ္လည္းရွိတယ္။

မပါမျဖစ္ကေတာ့ကယား၀က္အူေခ်ာင္းေပါ့။ တပြဲ ၄၅၀၀ ဆိုေပမယ့္ ေတာ္ေတာ္မ်ားတယ္ဗ်။ မက္ခါမႈန္႔ပူပူစပ္စပ္ေလးနဲ႔တုိ႔စားရင္း ေခါင္ရည္ေလးေသာက္လိုက္ေတာ့ ေခၽြးေတြေတာင္စို႔လာတဲ့အထိပဲ။ ရာသီဥတုေအးတာနဲ႔အကိုက္ေပါ့ဗ်ာ။ ျပီးေတာ့သခြားသီးသုပ္ခ်ဥ္စပ္ (၂၅၀၀က်ပ္) မွာလိုက္တယ္။ သူကေတာ့အအီေျပေပါ့။ ကယားျပည္နယ္ရဲ႕ရာသီဥတုကေအးတာေၾကာင့္ ဟင္းပြဲတိုင္းလိုလိုမွာ မက္ခါမႈန္႔ပါတာရယ္၊ ဟင္းအမ်ားစုကပူပူစပ္စပ္ျဖစ္ေနတာရယ္က ကယားအစားအေသာက္ေတြရဲ႕ ၀ိေသသလကၡဏာလို႔ေျပာရမယ္။

ဟင္းရည္ေတြထဲမွာေတာ့ကယားရိုးရာအသီးအရြက္စံုဟင္းရည္ပဲမွာလိုက္ပါတယ္။ က်ပ္ ၃၀၀၀ က်သင့္တဲ့ဒီဟင္းရည္ရဲ႕အေရာင္ကအၾကည္ေရာင္ဆိုေပမယ့္ အရသာကေတာ့ပူျပီးစပ္တယ္။ ေဂၚရခါးညြန္႔၊ ေရႊဖရံုညြန္႔၊ သခြားသီးေတြပါျပီး ပင္စိမ္းနဲ႔ရွမ္းနံနံခပ္ထားလို႔အနံ႔ေလးကေတာ့သင္းေနတာပဲ။ အသီးအရြက္ၾကိဳက္တဲ့သူေတြသေဘာက်မွာပါ။ အဓိကဟင္းလ်ာအေနနဲ႔ menu ထဲေတာင္မထည့္ရေသးတဲ့ ဖားနဲ႔အသီးအရြက္ေၾကာ္ကိုျမည္းစမ္းၾကည့္ပါတယ္။ ေက်ာ္စံေကးေလးေတြကို ပဲပင္ေပါက္၊ မုန္ညင္းျဖဴတို႔နဲ႔ေရာေၾကာ္ထားျပီး အရသာကဆိမ့္တဲ့ဘက္ကိုသြားတယ္။ ဖားသားမစားဘူးဆိုရင္လည္း မက္ခါမႈန္႔နဲ႔ခ်က္တဲ့ၾကက္သား၀က္သားဟင္းေတြ၊ ရိုးရာဟင္းေတြရႏုိင္ပါေသးတယ္။

ဖားနဲ႔အသီးအရြက္ေၾကာ္။

Drink menu ထဲမွာေတာ့ ဘားေတြမွာေတြ႔ေနက် Margarita၊ Cosmopolitan တို႔လိုေကာ့ေတးေတြအျပင္ ဘီယာတို႔ liquor တုိ႔လည္းရပါတယ္။ က်ေနာ္ကေတာ့ေခါင္ရည္ပဲမွာလိုက္တယ္။ သူကေျပာင္းေကာက္ကိုတေဆးနဲ႔ အခ်ဥ္ေဖာက္ျပီးခ်က္လုပ္တဲ့အတြက္ ခ်ိဳခ်ဥ္အရသာရွိတယ္။ မ်ိဳခ်လိုက္ရင္အနည္းငယ္ပူဆင္းသြားျပီး ခါးသက္သက္ aftertaste ေလးက်န္ခဲ့တယ္။ အတိုခ်ံဳးေျပာရရင္ေတာ့အ၀င္ေကာင္းတယ္။ ၃-၄ခြက္ေသာက္ရင္ အာသြက္လွ်ာသြက္ျဖစ္လာမယ္။ ဒီထက္ပိုေသာက္ရင္ေတာ့မူးပါလိမ့္မယ္။ ေခါင္ရည္ကိုေတာ့ဒီေမာ့ဆိုးကေနတင္သြင္းတယ္လို႔ေျပာပါတယ္။

ရန္ကုန္မွာေနျပီးကယားစာစားခ်င္တဲ့သူေတြကေတာ့ TT’s Kitchen ကိုတေခါက္ေလာက္ေတာ့ သြားၾကည့္သင့္တယ္ဗ်။ ဟင္းပြဲေတြက က်ပ္ ၅၀၀၀ ပတ္ခ်ာလည္ေလာက္ပဲရွိတဲ့အတြက္ ေစ်းသင့္တယ္လို႔ေျပာရမယ္။ က်ေနာ္ကေတာ့ထမင္းနဲ႔စားတာထက္ ေခါင္ရည္ေလးက်ိဳက္ရင္း ၀က္အူေခ်ာင္းေလး၀ါးလိုက္၊ သခြားသီးသုပ္ေလးျမွဳံ႕လိုက္နဲ႔ေနရတာပိုၾကိဳက္ပါတယ္။

TT’s Kitchen

17/A၊ သတိပဌာန္လမ္း၊ ေက်ာက္ေျမာင္း၊ တာေမြ၊ ရန္ကုန္။
09 952 107 799
12pm – 1am

ကယား၀က္အူူေခ်ာင္း၊ သခြားသီးသုပ္နဲ႔ ေခါင္ရည္။

Unicode

TT’s Kitchen ကသတိပဌာန်လမ်းထဲမှာဖွင့်ထားတာ ၂လလောက်တော့ရှိပြီ။ ကယားဝက်အူချောင်းလို ကယားအစားအသောက်တွေမြည်းချင်တယ်၊ ဒီမော့ဆိုးကတိုက်ရိုက်တင်သွင်းတဲ့ခေါင်ရည်ကိုလည်း သောက်ချင်တယ်ဆိုရင်တော့သွားကြည့်ဗျ။

ဆိုင်လေးကစားသောက်ဆိုင်ဆိုတာထက် ဘားနဲ့ပိုတူတယ်ဗျ။ မီးလေးတွေခပ်မှိန်မှိန်ထွန်းထားတာမို့ အစားအသောက်ပုံဓာတ်ဖမ်းချင်တဲ့သူတွေတော့နည်းနည်းအခက်အခဲတွေ့မယ်။ Menu မှာ ကယားရိုးရာအစားအစာတွေနဲ့ အာရှအစားအစာဆိုပြီး ၂မျိုးခွဲထားတယ်။ အာရှစာတွေကတော့ ကျနော်တို့စားဖူးနေကျ တန်ပူရာတွေ၊ အကင်တွေများပါတယ်။ ဒါကြောင့် ဆိုင်ရဲ့ signature ကယားဟင်းတွေကိုပဲမှာလိုက်တယ်။

မပါမဖြစ်ကတော့ကယားဝက်အူချောင်းပေါ့။ တပွဲ ၄၅၀၀ ဆိုပေမယ့် တော်တော်များတယ်ဗျ။ မက်ခါမှုန့်ပူပူစပ်စပ်လေးနဲ့တို့စားရင်း ခေါင်ရည်လေးသောက်လိုက်တော့ ချွေးတွေတောင်စို့လာတဲ့အထိပဲ။ ရာသီဥတုအေးတာနဲ့အကိုက်ပေါ့ဗျာ။ ပြီးတော့သခွားသီးသုပ်ချဉ်စပ် (၂၅၀၀ကျပ်) မှာလိုက်တယ်။ သူကတော့အအီပြေပေါ့။ ကယားပြည်နယ်ရဲ့ရာသီဥတုကအေးတာကြောင့် ဟင်းပွဲတိုင်းလိုလိုမှာ မက်ခါမှုန့်ပါတာရယ်၊ ဟင်းအများစုကပူပူစပ်စပ်ဖြစ်နေတာရယ်က ကယားအစားအသောက်တွေရဲ့ ဝိသေသလက္ခဏာလို့ပြောရမယ်။

ဟင်းရည်တွေထဲမှာတော့ကယားရိုးရာအသီးအရွက်စုံဟင်းရည်ပဲမှာလိုက်ပါတယ်။ ကျပ် ၃၀၀၀ ကျသင့်တဲ့ဒီဟင်းရည်ရဲ့အရောင်ကအကြည်ရောင်ဆိုပေမယ့် အရသာကတော့ပူပြီးစပ်တယ်။ ဂေါ်ရခါးညွန့်၊ ရွှေဖရုံညွန့်၊ သခွားသီးတွေပါပြီး ပင်စိမ်းနဲ့ရှမ်းနံနံခပ်ထားလို့အနံ့လေးကတော့သင်းနေတာပဲ။ အသီးအရွက်ကြိုက်တဲ့သူတွေသဘောကျမှာပါ။ အဓိကဟင်းလျာအနေနဲ့ menu ထဲတောင်မထည့်ရသေးတဲ့ ဖားနဲ့အသီးအရွက်ကြော်ကိုမြည်းစမ်းကြည့်ပါတယ်။ ကျော်စံကေးလေးတွေကို ပဲပင်ပေါက်၊ မုန်ညင်းဖြူတို့နဲ့ရောကြော်ထားပြီး အရသာကဆိမ့်တဲ့ဘက်ကိုသွားတယ်။ ဖားသားမစားဘူးဆိုရင်လည်း မက်ခါမှုန့်နဲ့ချက်တဲ့ကြက်သားဝက်သားဟင်းတွေ၊ ရိုးရာဟင်းတွေရနိုင်ပါသေးတယ်။

Drink menu ထဲမှာတော့ ဘားတွေမှာတွေ့နေကျ Margarita၊ Cosmopolitan တို့လိုကော့တေးတွေအပြင် ဘီယာတို့ liquor တို့လည်းရပါတယ်။ ကျနော်ကတော့ခေါင်ရည်ပဲမှာလိုက်တယ်။ သူကပြောင်းကောက်ကိုတဆေးနဲ့ အချဉ်ဖောက်ပြီးချက်လုပ်တဲ့အတွက် ချိုချဉ်အရသာရှိတယ်။ မျိုချလိုက်ရင်အနည်းငယ်ပူဆင်းသွားပြီး ခါးသက်သက် aftertaste လေးကျန်ခဲ့တယ်။ အတိုချုံးပြောရရင်တော့အဝင်ကောင်းတယ်။ ၃-၄ခွက်သောက်ရင် အာသွက်လျှာသွက်ဖြစ်လာမယ်။ ဒီထက်ပိုသောက်ရင်တော့မူးပါလိမ့်မယ်။ ခေါင်ရည်ကိုတော့ဒီမော့ဆိုးကနေတင်သွင်းတယ်လို့ပြောပါတယ်။

ရန်ကုန်မှာနေပြီးကယားစာစားချင်တဲ့သူတွေကတော့ TT’s Kitchen ကိုတခေါက်လောက်တော့ သွားကြည့်သင့်တယ်ဗျ။ ဟင်းပွဲတွေက ကျပ် ၅၀၀၀ ပတ်ချာလည်လောက်ပဲရှိတဲ့အတွက် ဈေးသင့်တယ်လို့ပြောရမယ်။ ကျနော်ကတော့ထမင်းနဲ့စားတာထက် ခေါင်ရည်လေးကျိုက်ရင်း ဝက်အူချောင်းလေးဝါးလိုက်၊ သခွားသီးသုပ်လေးမြှုံ့လိုက်နဲ့နေရတာပိုကြိုက်ပါတယ်။

TT’s Kitchen

17/A၊ သတိပဌာန်လမ်း၊ ကျောက်မြောင်း၊ တာမွေ၊ ရန်ကုန်။
09 952 107 799
12pm – 1am

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here