အာဝင် မိသားစုကတော့ စတိဗ်အာဝင်ရဲ့ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေးအလုပ်တွေကို အမွေဆက်ခံထားဆဲပါပဲ။ အခုလည်း စတိဗ်ရဲ့ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ဘင်ဒီအာဝင်နဲ့ တခြားသောမိသားစုဝင်တွေဟာ ဩစတေးလျတောမီးလောင်ကျွမ်းမှုအတွင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ တိရစ္ဆာန်ပေါင်း (၉၀၀၀၀) ကျော်ကို ကယ်ဆယ်ကုသပေးခဲ့ကြတယ်လို့သိရပါတယ်။
ဒီတောမီးလောင်ကျွမ်းမှုကြောင့် များစွာထိခိုက်ဆုံးရှုံးခဲ့ရတဲ့ လူတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေအတွက် အကြီးအကျယ်စိတ်ထိခိုက်မိရကြောင်း ဘင်ဒီက သူ့ရဲ့ Instagram မှာရေးသားထားပါသေးတယ်။ သူတို့ အာဝင်မိသားစုကပိုင်ဆိုင်ပြီး လည်ပတ်လုပ်ကိုင်နေတဲ့ Australia Zoo မှာတော့ ထိခိုက်ပျက်စီးမှုတစ်စုံတရာမရှိခဲ့ပါဘူး။

စတိဗ်အာဝင်နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ မိချောင်းတစ်ကောင်ကိုကိုင်ပြီးရိုက်ထားတဲ့ဓာတ်ပုံအရှေ့က သူ(မ)ရဲ့အပြုံးကိုလည်း “တိရိစ္ဆာန်ဥယျာဉ်ဆေးရုံရဲ့ အလုပ်အရှုပ်ရဆုံးအချိန်” ဆိုတဲ့စာသားနဲ့တွဲပြီး ဘင်ဒီက Instagram မှာ တင်ထားခဲ့ပါတယ်။
အဲဒီတိရိစ္ဆာန်ဥယျာဉ်ဟာ သူ(မ) ရဲ့မိဘတွေက အဘွားဖြစ်သူကိုရည်ရွယ်တည်ထောင်ခဲ့တာဖြစ်တယ်လို့ ဘင်ဒီက ဆိုခဲ့ပြီး အဘွားအတွက်ဂုဏ်ပြုတဲ့အနေနဲ့ တောရိုင်းသတ္တဝါတွေအတွက်သူရဲကောင်းတွေအဖြစ်ရပ်တည်ရင်း ကယ်ဆယ်စောင့်ရှောက်နိုင်သမျှ ကယ်ဆယ်စောင့်ရှောက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဘင်ဒီရဲ့ ဖခင် စတိဗ်အာဝင်ဟာ မိကျောင်းမုဆိုး လို့လူသိများတဲ့ ရုပ်သံတင်ဆက်သူတစ်ဉီးဖြစ်ကာ ၂၀၀၆ ခုနှစ်အတွင်းက ဩစတေးလျမြောက်ဘက်ကမ်းရိုးတန်းမှာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ရသူပါ။
မကြာသေးခင်ရက်ပိုင်းက အကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ ဩစတေးလျတောမီးဟာ မီးသတ်သမားတွေကို ငြှိမ်းသတ်ဖို့ အခက်တွေ့စေခဲ့တဲ့အပြင် အဲဒီတောမီးကြောင့် အနည်းဆုံး လူ (၂၃) ဦးသေဆုံးခဲ့ရပြီး New South Wales ပြည်နယ်တစ်ခုထဲမှာတင် အိမ်အလုံးရေ (၁၃၀၀) ကျော်လောက်ထိ မီးဘေးသင့်ပျက်စီးသွားခဲ့ရတာလည်းဖြစ်ပါတယ်။
Ref: abc57 “The Irwin family has saved over 90,000 animals injured in the Australia wildfires”
– Soe Thiha Htun
Zawgyi
ဩစတေးလျတောမီးဒဏ်သင့် တိရိစ္ဆာန်သောင်းချီကို ကယ်ဆယ်စောင့်ရှောက်မှုပေးခဲ့တဲ့ Irwin မိသားစု