“ရှေးအခါကတော့ရွှေရောင်ပုလဲလုံးတွေဟာအရှိန်အဝါနဲ့ချမ်းသာကြွယ်ဝမှုတို့ရဲ့ပြယုဂ်ပေါ့။ အခုခေတ်မှာတော့ အလှကျက်သရေနဲ့ ဉာဏ်ပညာကိုကိုယ်စားပြုပြီး ခပ်ဆိုးဆိုးယောကျ်ားတွေကိုဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာသိတဲ့အမျိုးသမီးတွေရဲ့အဆင်တန်ဆာဖြစ်လာပါပြီ။”
Pearl Goddess က Betty Sue King ဟာ ရွှေပုလဲတွေနဲ့ပတ်သက်ပြီးသူ့အမြင်ကိုအဲ့ဒီလိုပြောပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့နိုင်ငံခြားသားတွေကတော့ပုလဲဝယ်တဲ့အခါဈေးမှန်မမှန်သိချင်ကြတယ်။ နည်းပညာတွေသုံးပြီးပုလဲတလုံးရဲ့တန်ဖိုးကိုသတ်မှတ်ဖို့ခက်ပါတယ်။ ဒါပေမယ့်ပုလဲတလုံးရဲ့အရည်အသွေးနဲ့ပတ်သက်ပြီး အခြေခံစံသတ်မှတ်ချက်တွေတော့ရှိတယ်။
အဖြူရောင်ပုလဲတွေက ကမ္ဘာတဝှမ်းကျော်ကြားပေမယ့်ရွှေရောင်ပုလဲကတော့ သိပ်လူသိမများပါဘူး။
၂၀၁၉ခုနှစ်မှာ မြန်မာက ပုလဲ ၉သိန်းကျော်တင်ပို့ခဲ့ပြီး အများစုကသဘာဝအတိုင်းထုတ်လုပ်ရရှိတဲ့ ရွှေပုလဲတွေပါ။ ဒီပုလဲတွေကို Golden Lipped Pinctada ကထုတ်လုပ်ပါတယ်။
ဒီပုလဲထုတ်ပေးတဲ့မုတ်ကောင်တွေဟာအင်ဒိုနီးရှားတောင်ပိုင်းပင်လယ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံမြိတ်ကျွန်းစု တွေမှာပဲကောင်းမွန်စွာရှင်သန်နိုင်တယ်။

Belpearl က Michael Hajjar ကတော့ မြန်မာ့ရွှေပုလဲတွေရဲ့အရည်အသွေးဟာတခြားပုလဲတွေထက် ကောင်းမွန်တယ်လို့ဆိုတယ်။ “ကျနော်တို့ထုတ်တဲ့မြန်မာ့ပုလဲတွေဟာမှန်လိုချောမွေ့တဲ့မျက်နှာပြင်ရှိတယ်။ ပိုလည်းကြီးတယ်။ အရောင်ကလည်းရွှေရောင်ဝင်းမွတ်နေပါတယ်။”
ပုလဲတွေကိုတန်ဖိုးဖြတ်တဲ့လုပ်ငန်းစဉ်ကမွေးမြူရေးကန်မှာစတင်ပါတယ်။ Belpearl ကပိုင်တဲ့ရွှေကျွန်းမှာ စုစုပေါင်းပုလဲထုတ်လုပ်မှုရဲ့ ၃ရာခိုင်နှုန်းဟာအမှိုက်သာသာဖြစ်ပြီး ၃ရာခိုင်နှုန်းကနေ ၈ရာခိုင်နှုန်းကတော့ အရည်အသွေးနိမ့်တွေပါ။ ဒီပုလဲတွေကိုတော့အလှဆင်တဲ့နေရမှာသုံးဖို့ အိန္ဒိယကိုတင်ပို့ပါတယ်။
ကျန်တဲ့ ၉၂ရာခိုင်နှုန်း (အလုံးရေအားဖြင့် ၈သောင်း) ကတော့နိုင်ငံခြားတင်ပို့နိုင်တဲ့အရည်အသွေးရှိတယ်။
ဒီပုလဲတွေကို လေလံတွေမှာရောင်းချပြီး အဲ့ဒီထဲကမှ ၄၀ရာခိုင်နှုန်းကတော့ အရည်အသွေးမြင့်လက်ဝတ်ရတနာတွေဖြစ်သွားပြီး ကျန်တာတွေကတော့ အလယ်အလတ်အရည်အသွေးရှိတဲ့လက်ဝတ်လက်စားဖြစ်သွားပါတယ်။
လေလံတခုကို ပုလဲအလုံးရေ ၁သောင်းလောက်ရောင်းရပြီး အရောင်၊ အရွယ်အစား၊ တောက်ပမှုနဲ့ အလေးချိန်ပေါ်မူတည်ပြီးဈေးနှုန်းသတ်မှတ်ပါတယ်။

ပုလဲအလေးချိန်
ပုလဲတလုံးရဲ့အလေးချိန်ကို Momme နဲ့ဖော်ပြတယ်။ ၁ Momme မှာ ၃ ဒသမ ၇၅ ဂရမ်ရှိပါတယ်။
ဆင်ကျွန်းပုလဲမွေးမြူရေးခြံမှာအခြေစိုက်တဲ့ Myanmar Atlantic ကုမဏီရဲ့ planning director ကိုစည်သူကတော့ လေလံတွေမှာ ၁ Momme ကို ပျှမ်းမျှဒေါ်လာ၂၀၀ နှုန်းဈေးရပြီး အရည်အသွေးနိမ့်ရင် ဒေါ်လာ ၁၂၀၊ လက်ဝတ်ရတနာအဆင့်ရှိတယ်ဆိုရင် ဒေါ်လာ ၃၀၀ အထိရနိုင်တယ်လို့ဆိုပါတယ်။
တောက်ပမှု
တရုတ်ဒဏ္ဍာရီတွေမှာတော့ပုလဲကိုလမင်းကြီးရဲ့သားသမီးတွေလို့သတ်မှတ်ကြတယ်။ ယနေ့ခေတ်မှာတော့ ပုလဲရဲ့တောက်ပမှုကိုလရောင်အောက်မှာကြည့်ကြပြီး လရောင်အောက်မှာအလင်းပြန်နိုင်တဲ့ပုလဲတွေကို တန်ဖိုးထားကြပါတယ်။
နောက်ထပ်စံသတ်မှတ်ချက်တခုကတော့ချောမွေ့မှုပါ။ အက်ရာ၊ အစင်းရာ၊ အစက်အပျောက်နဲ့ အချိုင့်တွေမပါဝင်မှ အရည်အသွေးကောင်းပုလဲလို့သတ်မှတ်နိုင်တယ်။
တောက်ပမှုသတ်မှတ်ချက်မှာအဆင့် ၆ဆင့်ရှိပြီး ကျောက်မျက်ရတနာအဆင့်ရှိတဲ့ပုလဲတွေကတော့ အလွန်ရှားပါတယ်။ ဒီလိုပုလဲမျိုးကိုထုတ်လုပ်မှုစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းမှာသာတွေ့ရတယ်။ ဒီအဆင့်ရဲ့အောက်မှာတော့ AAA, AA+, AA, A+ နဲ့ A ဆိုပြီးရှိပါတယ်။
အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ A အရည်အသွေးပုလဲတွေဟာ တောက်ပမှုအားကောင်းပေမယ့် မျက်နှာပြင်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်အနာအဆာပါလေ့ရှိကြတယ်။ အနာအဆာနည်းလေလေ အဆင့်မြင့်လေလေဖြစ်ပြီး AAA အဆင့်ရှိပုလဲတွေကတော့ အနာအဆာ ၁၀ ရာခိုင်နှုန်းလောက်သာပါတတ်ပါတယ်။
“တချို့ပုလဲတွေရဲ့မျက်နှာပြင်ဟာမှန်ကြည့်လို့တောင်ရတဲ့အထိပြောင်လက်နေလေ့ရှိတယ်။ ဒီလိုတောက်ပမှုမျိုးကတော်တော်ရှားပါတယ်” လို့ Belpearl က Sarkis Hajjar ကဆိုတယ်။
အရောင်အသွေး
Belpearl လေလံတွေမှာတော့ရွှေရောင်ရင့်ရင့်ပုလဲတွေကလူကြိုက်များပါတယ်။ အရောင်မှိန်လေလေ လူကြိုက်နည်းလေလေပါပဲ။
“ရွှေရောင်ရင့်ရင့်ပုလဲတွေဟာအဖြူရောင်ပုလဲတွေနဲ့တန်းတူ ဒါမှမဟုတ် ပိုပြီးဈေးရတတ်တယ်။ အဝါဖျော့ဖျော့ပုလဲတွေကတော့ ဈေးအမျိုးမျိုးကွဲပြားပေမယ့်အဖြူထက်တန်ဖိုးနိမ့်ပါတယ်” လို့ Sarkis Hajjar ကပြောပါတယ်။

ပုံသဏ္ဍာန်
Michael Hajjar ကတော့လုံးဝန်းညီညာတဲ့ပုလဲတွေဟာလူကြိုက်အများဆုံးလို့ဆိုတယ်။
“ပုလဲပုံသဏ္ဍာန်အမျိုးမျိုးရောင်းဝယ်ဖောက်ကားနေကြပေမယ့် လုံးဝန်းညီညာမှုရှိလေ တန်ဖိုးမြင့်လေပါပဲ။ ရေစက်ပုံ၊ ဘဲဥပုံပုလဲတွေကိုလည်းဈေးကွက်မှာတွေ့နိုင်တယ်။”
Betty Sue King ကတော့ရေစက်ပုံပုလဲတွေဟာလည်းဆွဲသီးအဖြစ်ပုံဖော်လို့ရတာမို့ သူ့အလှနဲ့သူရှိတယ်လို့ ပြောပါတယ်။
ကြီးလေလှလေ
Belpearl မှာတော့အရွယ်အစားကြီးလေ ပုလဲတန်ဖိုးမြင့်လေပါ။ ရွှေကျွန်းထွက်ပုလဲတွေဟာအဝန်း ၉မီလီမီတာကနေ ၁၁မီလီမီတာအထိရှိတတ်ပါတယ်။
လေလံတင်လို့ရတဲ့အသေးဆုံးပုလဲအရွယ်အစားဟာ ၇မီလီမီတာဖြစ်ပြီး ၁၆မီလီမီတာလောက်ကြီးတဲ့ပုလဲတွေကိုလည်းတွေ့ရတတ်ပါတယ်။
Michael ကတော့သူတွေ့ခဲ့ဖူးတဲ့ ၁၉မီလီမီတာအရွယ်ရွှေပုလဲလုံးကြီးအကြောင်းအခုလိုပြောပါတယ် “အဲ့ဒီပုလဲမှာသဘာဝတရားကြီးရဲ့စွမ်းပကားကိုတွေ့နိုင်တယ်။ တန်ဖိုးဖြတ်လို့မရနိုင်အောင်ကို တန်ဖိုးကြီးတယ်။”
လူတို့ဖန်တီးပြုပြင်ထားသောပုလဲများ
ပုလဲတလုံးဟာသဘာဝလား ပြုပြင်ဖန်တီးထားတာလားဆိုတာစစ်ဆေးကြည့်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ပုလဲအရည်အသွေးကိုစစ်ဆေးဖို့အဆင့်မြင့်ဓာတ်ခွဲခန်းတွေလိုအပ်တယ်လို့ Gemological Institute of Myanmar ကဆိုပါတယ်။
Gemological Institute of Myanmar ကို http://www.gi-myanmar.org ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်။
Mary Banfield ရဲ့ Pearls of Wisdom အားမြန်မာဘာသာဖြင့်ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။