၂၀၂၀ခုနှစ် မဟာသင်္ကြန်နောက်ဆုံးနေ့ကို သင်္ကြန်မင်းသားကြီး (ဦး) နေအောင်ရဲ့အင်တာဗျူးလေးနဲ့ နှုတ်ဆက်ချင်ပါတယ်။ စာဖတ်ပရိသတ်များနှင့်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းနှစ်သစ်မှာ ကျန်းမာချမ်းသာပြီး ဘေးဘယဝေးကွာကြပါစေဗျား။
နေအောင်ပါဝင်သရုပ်ဆောင်ထားတဲ့သင်္ကြန်မိုးရုပ်ရှင်ဟာ အချိန်ကာလရဲ့စစ်ဆေးမှုဒဏ်ကိုခံနိုင်တဲ့ ဂန္ထဝင်မြန်မာရုပ်ရှင်ကားတကားပါ။ ဇာတ်လမ်းဇာတ်ကွက်နဲ့သရုပ်ဆောင်ပိုင်းသာမကဘဲ ဇာတ်ဝင်တေးသီချင်းတွေကလည်းနားထောင်လိုက်တိုင်းနွေလေရူးနဲ့သင်္ကြန်မိုးဖွဲလေးရဲ့ရနံ့ကိုတမ်းတမိတဲ့အထိ ဆွဲဆောင်နိုင်ပါတယ်။ သင်္ကြန်အချိန်ကာလရောက်တိုင်း ရုပ်သံလိုင်းအမျိုးမျိုးကပြန်လည်ထုတ်လွှင့်ကြပေမယ့်လည်း ဘယ်တော့ပြန်ကြည့်ကြည့်ရိုးသွားတယ်လို့မရှိပါဘူး။
နေအောင်နဲ့သင်္ကြန်မိုးဇာတ်လမ်းရိုက်ကူးဖြစ်ခဲ့ပုံအကြောင်းပြောကြတော့ မင်းသားကြီးဟာ ကိုငြိမ်းမောင်နေရာမှာသရုပ်မဆောင်ခင် ၃-၄ နှစ်လောက်က ရန်ကုန်မှာတနာရီ ၅ကျပ်နဲ့တက္ကစီမောင်းနေတာဖြစ်ကြောင်းပြောပါတယ်။
သူ့အောင်မြင်မှုနဲ့ပတ်သက်ပြီး “အနုပညာရှင်တယောက်အနေနဲ့ ရုပ်ရှင်ကားတကားရိုက်လိုက်တာနဲ့ ပရိသတ်ကကျိန်းသေပေါက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်လို့မရပါဘူး။ အဲ့ဒီတော့ဇာတ်ကားမရိုက်ခင်ကတည်းက ဇာတ်လမ်းထဲကဇာတ်ရုပ်နေရာမှာစိတ်နှစ်ပြီးသရုပ်ဆောင်ဖို့လိုတယ်။ အဲ့ဒါဆိုရင်ပရိသတ်ရဲ့အသိအမှတ်ပြုမှုကိုရမှာပဲ” လို့ပြောပါတယ်။
မင်းသားကြီးဟာ မီလာရှီကာစိုင်းဗေဒါ (၁၉၈၂)၊ ပန်းသီတဲ့ကြိုး (၁၉၈၅)၊ နှလုံးလှလူမိုက် (၂၀၀၁) စတဲ့ဇာတ်ကားတွေနဲ့အကယ်ဒမီဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့်မြန်မာပြည်သူအများစုအတွက်တော့ သင်္ကြန်မိုးထဲက ကိုငြိမ်းမောင်ဇာတ်ရုပ်ဟာအကျော်ကြားဆုံးဖြစ်ပါလိမ့်မယ်။ ၁၉၈၃ ခုနှစ်ကမန္တလေးမှာ ရိုက်ကူးခဲ့တဲ့ဒီရုပ်ရှင်ဟာ နေအောင်ကိုလူသိများစေခဲ့တဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ရုပ်ရှင်ရိုက်ကူးချိန် တလခွဲလုံးလုံးအဘက်ဘက်ကပံ့ပိုးကူညီခဲ့ကြတဲ့မန္တလေးမြို့ခံတွေကြောင့်လည်း ဒီရုပ်ရှင်ကိုချောချောမွေ့မွေ့ ရိုက်ကူးနိုင်တာဖြစ်ကြောင်းဆိုတယ်။
ဒီရုပ်ရှင်ရဲ့ဇာတ်ဝင်ခန်းတော်တော်များများဟာ ၁၉၅၉ခုနှစ်မှာတည်ထားတာဖြစ်လို့ အဲ့ဒီခေတ်အခါကမန္တလေးမြို့မြင်ကွင်းတွေပါအောင်ရိုက်ကူးနိုင်မှ အသက်ဝင်ပီပြင်မှာပါ။ ကိုငြိမ်းမောင်နဲ့ ခင်ခင်ထား (ခင်သန်းနု) တို့ခေတ်နဲ့ သူတို့သားသမီးတွေရဲ့ခေတ်ကိုသရုပ်ဖော်တဲ့နေရာမှာ ခေတ်နှစ်ခေတ်ရဲ့ကွာဟချက်ကိုပုံဖော်နိုင်ဖို့အရေးကြီးပါတယ်။

ဒါရိုက်တာမောင်တင်ဦးရဲ့သင်္ကြန်မိုးဟာမြန်မာ့ယဉ်ကျေးမှုကိုပီပီပြင်ပြင်ဖော်ပြနိုင်တဲ့အတွက် ခေတ်အဆက်ဆက်အောင်မြင်နေတာလို့ နေအောင်ကမှတ်ချက်ချပါတယ်။ သူ့ဇာတ်ကောင်ကိုငြိမ်းမောင်ဇာတ်ရုပ်အတွက် တေးရေးဆရာမြို့မငြိမ်းနဲ့ စန္ဒရားပညာရှင်ဦးသိန်းမောင်တို့ကို အတုယူခဲ့ပါတယ်။ ဇာတ်ဝင်သီချင်း သင်္ကြန်မိုး ကိုတော့ တေးရေးဆရာ အဉ္ဖလီမောင်မောင်ကရေးစပ်ထားပါတယ်။
“သင်္ကြန်ဆိုတာမြန်မာလူမျိုးတိုင်းချစ်မြတ်နိုးတဲ့ပွဲတော်တခုပါ။ မိုးဖွဲဖွဲလေးရွာလိုက်တာနဲ့ပိတောက်ပန်းတွေ ပွင့်လန်းလာပြီးမိုးနံ့ပန်းနံ့သင်းနေလေ့ရှိတယ်။ သင်္ကြန်ရောက်တိုင်းမြန်မာ့ရိုးရာသီချင်းသံနဲ့ပိတောက်ပန်းကို မြန်မာပြည်သူတွေမျှော်လင့်စမြဲပဲ။ သင်္ကြန်မိုးအောင်မြင်တာကျနော့်တယောက်တည်းကြောင့်မဟုတ်ပါဘူး။ ကျနော့်နေရာမှာတခြားသရုပ်ဆောင်တယောက်ဆိုရင်လည်း ဒီဇာတ်ကားကိုပရိသတ်ကြိုက်ကြမှာပါပဲ။ ဒီကားမှာပါဝင်သရုပ်ဆောင်ခွင့်ရတာကျနော်တော်တော်ကံကောင်းတယ်လို့ပြောရမယ်။ ကျနော့်ဆရာဒါရိုက်တာမောင်တင်ဦးကိုလည်းကျေးဇူးတင်ပါတယ်။”
သူနဲ့အတူပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေဆီကလည်းပညာတွေသင်ယူခဲ့ရကြောင်း၊ သရုပ်ဆောင်ပညာအပြင် အသေးစိတ်ကအစပီပြင်ဖို့လိုကြောင်းမှတ်သားခဲ့ရတယ်လို့ပြောတယ်။ ဥပမာ အရက်မူးတဲ့နေရာမှာတောင် အရက်အမျိုးအစားကိုလိုက်ပြီးမူးပုံချင်းမတူကြောင်းလေ့လာခဲ့ရပါသတဲ့။
“ကျနော်တို့ရုပ်ရှင်လောကကအဆင့်မနိမ့်ပါဘူး။ ဒီထက်တိုးတက်အောင်လည်းကြိုးစားနေကြတာပါပဲ။”
အခုအချိန်မှာမြေးလေးကိုထိန်းရင်းအလုပ်ရှုပ်နေပေမယ့်ရုပ်ရှင်ကားတွေရိုက်ကူးဖို့စီစဉ်ထားကြောင်း မင်းသားကြီးကပြောပါတယ်။
“အသက်ရှင်နေသ၍အနုပညာအလုပ်တွေလုပ်သွားမှာပါ။ ဒါပေမယ့်ကိုယ်လုပ်နိုင်တဲ့အခြေအနေမရှိဘဲနဲ့တော့ ပရိသတ်ကိုလုပ်မပြချင်ဘူး။ သီချင်းဆိုဖို့အသံစွမ်းရည်မရှိတော့တဲ့တနေ့ကျရင်တော့ အဆိုလောကကထွက်ခွာသွားမှာပါ။ သရုပ်ဆောင်ဖို့ခွန်အားတွေမရှိတော့တဲ့တနေ့ သရုပ်ဆောင်လောကကို နှုတ်ဆက်သွားမှာပါ။ အသစ်တွေပေါ်လာပြီး အဟောင်းတွေကွယ်ပျောက်သွားရတာဓမ္မတာပါပဲ။ ဒီအတွက်စိတ်မညစ်ပါဘူး။ ပရိသတ်ကြီးကိုအပြုံးနဲ့ပဲနှုတ်ဆက်သွားမှာပါ။”
၂၀၁၈ခုနှစ် ဧပြီလထုတ် Myanmore Magazine တွင်ပါဝင်သော Remembering Thingyan Moe ဆောင်းပါးကို မြန်မာဘာသာဖြင့်ပြန်ဆိုဖော်ပြအပ်ပါသည်။