Advertisement

Kokkoya Organics ဆိုတာသင်္ကန်းကျွန်းမှာအခြေစိုက်တဲ့စိုက်ခင်းဖြစ်ပြီး လူငယ်တွေကို အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးနည်းနာတွေသင်ကြားပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေးသမားတွေဟာ အသက် ၂၀-၂၅နှစ်ဝန်းကျင်သာရှိသေးပြီးစိုက်ခင်းကိုသူတို့ကိုယ်တိုင်ပဲစီမံခန့်ခွဲကြတယ်။ ခေါင်းဆောင်ရယ်လို့မသတ်မှတ်ထားဘဲ အတူတူအလုပ်လုပ်ရင်းအကျိုးအမြတ်ကိုလည်းမျှဝေခံစားကြပါတယ်။

၂၀၁၇ခုနှစ် စက်တင်ဘာလကတည်းကစတင်ခဲ့တဲ့ Kokkoya (ကုက္ကိုရ) ဟာဟင်းသီးဟင်းရွက်သေတ္တာတွေကိုအဖွဲ့ဝင်စနစ်နဲ့ရောင်းချပြီး လစဉ်အဖွဲ့ဝင်ထားတဲ့သူ ၈၀ရှိတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအန္တရာယ်ကင်းတဲ့တနိုင်တပိုင်စိုက်ပျိုးရေးကိုဝါသနာပါသူတွေရဲ့ အသိုင်းအဝိုင်းလေးလို့လည်းဆိုနိုင်ပါတယ်။

ကပ်ရောဂါကြောင့်ပဲဖြစ်ဖြစ် မိုးတွေအရမ်းသည်းလို့ပဲဖြစ်ဖြစ်ဈေးသွားဝယ်ဖို့အခက်အခဲရှိတယ်ဆိုရင် Kokkoya ရဲ့အပတ်စဉ်ဟင်းသီးဟင်းရွက်သေတ္တာတွေကို online ကတဆင့်ဝယ်ယူအားပေးနိုင်တယ်။ ဒီလိုဝယ်ယူခြင်းဟာစိုက်ပျိုးရေးသမားတွေကိုတိုက်ရိုက်ကူညီရာလည်းရောက်ပါတယ်။

Kokkoya ကိုတည်ထောင်သူတဦးဖြစ်တဲ့ Sophia ကလယ်ယာလုပ်ငန်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ် “နယ်စပ်တွေပိတ်လိုက်တော့ကုန်သွယ်ရေးကရပ်တန့်သွားပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေပိုကြီးလာတယ်။ ကုန်တွေကပိုလျှံနေတဲ့အခါဈေးကွက်ထဲမရောက်ခင် ပုပ်သိုးကုန်တာပေါ့ရှင်။ ပြီးတော့ပေါက်ဈေးကထုတ်လုပ်မှုစရိတ်ကိုမကာမိလို့ နစ်နာရတဲ့တောင်သူတွေလည်းရှိတယ်။ လက်ရှိစားသောက်ကုန်လုပ်ငန်းဟာဘယ်လောက်ထိရှလွယ်သလဲဆိုတာ ဒီကပ်ရောဂါကသက်သေပြသွားတာပါပဲ။ ဒါကြောင့်အပြောင်းအလဲအနေနဲ့ ကိုယ့်အသိုင်းအဝိုင်းအတွင်းမှာပဲ လုံလောက်မှုရှိအောင်စိုက်ပျိုးရောင်းချတဲ့စနစ်ကိုကျင့်သုံးသင့်ပါတယ်။ ပြည်တွင်းမှာပဲစိုက်ပျိုးတဲ့ဟင်းသီးဟင်းရွက်တွေကိုဝယ်ယူအားပေးခြင်းကြောင့် အသေးစားလုပ်ငန်းရှင်တွေနဲ့တောင်သူတွေကိုကူညီရာရောက်ပါတယ်။”

Kokkoya ရဲ့ online ဈေးဆိုင်ဟာရှမ်း၊ ကချင်၊ မန္တလေး၊ ပဲခူးစတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက တောင်သူ ၄၉ဦးရဲ့စိုက်ပျိုးသီးနှံတွေကိုရောင်းချပေးလျက်ရှိပါတယ်။ ဟင်းသီးဟင်းရွက်အမျိုးအစား ၃၀၀ကျော်ရှိတယ်။

အခုအချိန်မှာစားသောက်ဆိုင်တွေနဲ့ဈေးတွေအပြည့်အဝပြန်မလည်ပတ်နိုင်သေးတဲ့အတွက် စားသောက်ကုန်လုပ်ငန်းဟာရုန်းကန်နေရတဲ့အခြေအနေပါ။ တဘက်မှာလည်းစားသုံးသူတွေအနေနဲ့ သန့်ရှင်းလတ်ဆတ်ပြီးအန္တရာယ်ကင်းတဲ့ကုန်စိမ်းတွေကိုဝယ်ယူဖို့အခက်အခဲဖြစ်နေရတယ်။

Kokkoya ကိုပူးတွဲတည်ထောင်သူနောက်တယောက်ဖြစ်တဲ့ Caity က “Covid-19 ဟာကျမတို့ရဲ့ အစာကွင်းဆက်ကိုပြန်လည်သုံးသပ်ဖို့သတိပေးလိုက်သလိုပါပဲ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ တိရစ္ဆာန်အခွင့်အရေး၊ ကျမတို့လူသားတွေရဲ့ကျန်းမာရေးတွေအားလုံးဟာ ကျမတို့ရဲ့စားသောက်မှုပုံစံနဲ့ ဆက်စပ်နေတယ်။ အခုဆိုရင်ပြည်တွင်းဖြစ်အစားအသောက်တွေကိုပိုအားထားလာရတဲ့အခါ ပြည်သူတွေအနေနဲ့ပြည်တွင်းကအစားအသောက်ထုတ်လုပ်သူတွေရဲ့အခန်းကဏ္ဍကိုပိုသတိထားမိလာမယ်။ ရန်ကုန်ကစားသုံးသူပြည်သူတွေအတွက် တဘက်တလမ်းကစိုက်ပျိုးထုတ်လုပ်ပေးခွင့်ရတာကိုပဲ ဝမ်းသာမိပါတယ်။ ကျမတို့မှာတခြားလုပ်ငန်းရှင်တွေကိုကူညီနိုင်တဲ့အဖွဲ့အစည်းရှိတယ်၊ နေရာရှိတယ်၊ နည်းစနစ်တွေလည်းရှိပါတယ်။”

စိုက်ပျိုးရေးလုပ်ငန်းရှင်တွေအနေနဲ့သူတို့ထုတ်ကုန်တွေကို Kokkoya ရဲ့ online ဈေးမှာဖော်ပြလိုက်တာနဲ့ သယ်ယူပို့ဆောင်ခစရိတ်၊ ဆိုင်ခန်းစရိတ်တွေလျှော့ချပြီးဖြစ်သလို အချိန်ကုန်လည်းသက်သာသွားမှာပါ။ ကုန်စည်ဒိုင်တွေ၊ ပွဲစားတွေနဲ့တဆင့်ခံရောင်းချသလိုမျိုး ဝင်ငွေထွက်ငွေစာရင်းတွေအများကြီး စီမံခန့်ခွဲနေစရာလည်းမလိုတော့ပါဘူး။ စာသုံးသူတွေအနေနဲ့လည်းဈေးကိုကိုယ်တိုင်သွားစရာမလိုဘဲ မြန်မာတပြည်လုံးက ဟင်းသီးဟင်းရွက်၊ သစ်သီး၊ နို့ထွက်ပစ္စည်း၊ ဟင်းခတ်အမွှေးအကြိုင်၊ မုန့်ဖုတ်ရာမှာသုံးတဲ့ကုန်ကြမ်းပစ္စည်း၊ အိမ်သုံးကိရိယာ စတဲ့ထုတ်ကုန်တွေကိုတိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်တယ်။

အလေအလွင့်နည်းစေဖို့အတွက် စားသုံးသူတွေဆီသတ်မှတ်ရက်အလိုက်ပို့ဆောင်ပေးတဲ့စနစ်ကိုသုံးပါတယ်။ စားသုံးသူတွေအနေနဲ့အပတ်စဉ်သောကြာနေ့မနက် ၁၀နာရီမတိုင်ခင်အထိလိုအပ်တဲ့ကုန်စည်တွေကို မှာယူနိုင်ပါတယ်။ ကိုယ်မှာလိုက်တဲ့ကုန်စည်တွေကိုနောက်အပတ်အတွင်းလာပို့ပေးမှာဖြစ်ပါတယ်။

တနင်္လာ၊ အင်္ဂါ (သို့) ဗုဒ္ဓဟူးနေ့တွေမှာမြို့နယ်ပေါ်မူတည်ပြီးပို့ဆောင်ပေးလျက်ရှိပါတယ်။ ဇွန်လကစပြီး ကုန်စည်တွေကိုနောက်ဆုံးထားမှာယူရမယ့်နေ့ကို တနင်္လာနေ့မနက် ၁၀နာရီကိုပြောင်းလဲမှာဖြစ်ပြီး ဗုဒ္ဓဟူး၊ ကြာသာပတေးနဲ့သောကြာနေ့တွေမှာပို့ဆောင်ပေးသွားမှာပါ။

Online Shop – https://kokkoyaorganics.com/collections/weekly
Yangon’s Long Table – https://www.facebook.com/groups/1374861619383064/
Kokkoya Organics Facebook – https://www.facebook.com/kokkoyaorganics/
Kokkoya Organics Website- https://kokkoyaorganics.com

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here