Advertisement

တသက်လုံးပျော်ချင်သစ်ပင်စိုက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာနေရသူတွေလည်း အိမ်ထဲမှာပဲစိမ်းလန်းတဲ့ပတ်ဝန်းကျင်တခုကိုဖန်တီးလို့ရပါပြီ။

အင်္ဂလိပ်စကားလုံး Serendipity ဆိုတာမမျှော်လင့်ထားတဲ့အချိန်မှာရလိုက်တဲ့စိတ်ကြည်နူးစရာအခိုက်အတန့် လို့အဓိပာယ်ရပါတယ်။ Serendip ဆိုတဲ့ online shop လေးဟာဒီစကားလုံးကိုအခြေခံထားတဲ့နာမည်ပါ။

Serendip ရဲ့ပဲ့ကိုင်ရှင်မအေးသဒ္ဒါဆွေဟာငယ်ငယ်လေးကတည်းက အိမ်တွင်းစိုက်အပင်တွေကိုစိတ်ဝင်စားခဲ့တယ်။ သူငယ်စဉ်ကအမေဖြစ်သူဝယ်လာတဲ့ succulent (အရွက်ထူ၍အရည်ရွှမ်းသောအပင်မျိုးစိတ်) အပင်လေးတွေကိုစမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။

သူမဟာအပင်တွေရဲ့အရောင်နဲ့လိုက်ဖက်တဲ့အိုးတွေထဲပြောင်းထည့်စိုက်ပျိုးပြီးအသွင်သစ်အမျိုးမျိုးရအောင် ပုံဖော်ကြည့်တယ်။

“ကျမအမေကလည်းအပင်စိုက်ဝါသနာပါတယ်လေ။ ကျမပထမဆုံးစိုက်ခဲ့တဲ့အပင်က Monstera လို့ခေါ်တဲ့အပင်။ အမေနဲ့အတူဝယ်ခဲ့တဲ့အပင်မို့အဲ့ဒီအပင်လေးကိုကျမအရမ်းတန်ဖိုးထားတယ်” လို့ မအေးသဒ္ဒါဆွေက သူ့ငယ်ဘဝအကြောင်းပြောပြတယ်။

အပင်လေးတွေကိုအရိပ်တကြည့်ကြည့်နဲ့ပြုစုပျိုးထောင်ရတဲ့ပီတိကိုအများနဲ့မျှဝေချင်လာတာနဲ့ online shop လေးတခုဖွင့်ပြီးရောင်းချကြည့်ခဲ့တဲ့အခါမှာတော့ သူမထင်ထားတာထက်လူစိတ်ဝင်စားခြင်းခံရကြောင်း တွေ့ခဲ့ရပါတယ်။

လတ်တလောမှာတော့ Serendip ကနေ succulent တွေအပြင် ကန္တာရဆူးပင်လေးတွေနဲ့ တခြားအိမ်တွင်းစိုက်အပင်လေးတွေဝယ်လို့ရတယ်။ သင်လိုချင်တဲ့အပင်ဆိုင်မှာမရှိရင်လည်း မအေးသဒ္ဒါဆွေကရှာပေးလေ့ရှိပါတယ်။ အပင်တန်ဖိုးတွေကတော့ ကျပ် ၆၅၀၀ကနေ ၃၀၀၀၀ အထိအမျိုးမျိုးရှိတယ်။ အိုးပြောင်းစိုက်ပျိုးတဲ့အခါသင်လိုချင်တဲ့ပုံစံဒီဇိုင်းတွေကို အခကြေးငွေပေးပြီးမှာယူနိုင်ပါတယ်။

“Succulent တွေဆိုရင်တော့ နေရာထိုင်ခင်းပေါ်မူတည်ပြီးကိုယ်ဂရုစိုက်ရင်စိုက်သလိုဖြစ်ထွန်းပါတယ်။ နေပူပူမိုးရွာရွာ အိမ်ထဲမှာထားတာပိုသင့်တော်မယ်။ Succulent အများစုကနိုင်ငံခြားကတင်သွင်းထားတာမို့ ဒီနိုင်ငံရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်ဖို့အချိန်တခုစောင့်ရပါတယ်။

“Succulent တွေကအကြမ်းခံတဲ့အပင်မျိုးပါ။ အရမ်းကြီးပြုစုယုယနေစရာတော့မလိုပါဘူး။ နေပူထဲအကြာကြီးပစ်ထားတာ၊ ရေခဏခဏလောင်းတာ၊ မြေသြဇာအများကြီးထည့်တာတွေလုပ်မိမှသာ ပြဿနာရှိတာပါ။”

ဒီအပင်တွေကိုစိုက်ပျိုးတဲ့နေရာမှာအရေးကြီးတာက အိုးထဲမှာထည့်တဲ့မြေသားအရည်အသွေးကောင်းဖို့ပါပဲ။ ရေခဏခဏလောင်းခြင်းကိုရှောင်ပြီး မြေသားခြောက်သွေ့သွားမှရေလောင်းသင့်ပါတယ်။ နေ့လယ်ခင်းနေရောင်ကပူလွန်းတာကြောင့် အပင်တွေလောင်တတ်တယ်။ Air-con ကလာတဲ့လေအေးတွေကလည်းအပင်ကိုထိခိုက်နိုင်ပါတယ်။

“မနက်ခင်းအလင်းရောင်ပြဖို့လိုပါတယ်။ မနက်စောစောအလင်းရောင်ရပြီး နေရောင်တိုက်ရိုက်မထိတဲ့နေရာမျိုးမှာထုတ်ထားပေးပါ။ အနည်းဆုံး ၁၀ရက်မှတခါရေလောင်းပါ။ အပြင်ထုတ်ထားတာများတယ်၊ ရာသီဥတုအေးနေတယ်ဆိုရင် ၁၀ရက်တခါတောင်လောင်းဖို့မလိုပါဘူး။”

အခုမှစစိုက်မယ့်သူတွေဆိုရင် Zebra Haworthia (သို့) Sempervivum အပင်မျိုးတွေကိုစိုက်ဖို့ မအေးသဒ္ဒါဆွေကအကြံပေးပါတယ်။ Zebra Haworthia က ၂ပတ် ၃ပတ်ကြာမှရေလောင်းဖို့လိုပြီး ဘယ်နေရာမှာမဆို အသက်ရှင်နိုင်တယ်။ Sempervivum မျိုးတွေကျတခြား succulent တွေထက်နေရောင်ဒဏ်ခံနိုင်ပြီး ရေမလောင်းတာကြာလည်းရှင်သန်နိုင်ပါတယ်။

“အခုလိုစိတ်ဖိစီးမှုများတဲ့အချိန်မျိုးမှာအပင်တွေနဲ့နေရတာစိတ်ချမ်းသာစရာကောင်းတယ်လေ။ ကျမဆီကအပင်တွေဝယ်ယူအားပေးပြီး feedback ကောင်းတွေပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အခုမှစစိုက်မယ့်သူတွေကိုလည်းစမ်းကြည့်ပါလို့တိုက်တွန်းပါတယ်။ တချို့က succulent ကြိုက်တယ်။ တချို့ကျတော့လည်း ဆူးပင်လေးတွေကြိုက်တယ်။ လူတကိုယ်အကြိုက်တမျိုးစိုက်ကြတယ်ပေါ့နော်။”

Serendip က delivery နဲ့ရောင်းချပါတယ်။ အပတ်တိုင်း အထူးသဖြင့် ပိတ်ရက်တွေမှာ delivery ပို့တတ်ပြီး ကိုယ်အဆင်ပြေမယ့်အချိန်ကိုလာပို့ခိုင်းလို့ရတယ်။ သူ့ဆီမှာကိုယ်တိုင်သွားယူလည်းရတယ်။ သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ဖို့ပလတ်စတစ်တွေမသုံးဘဲ စက္ကူဘူးတွေ ကြိမ်ခြင်းတွေနဲ့ထုပ်ပိုးထားကြောင်း မအေးသဒ္ဒါဆွေကပြောပါတယ်။ အပင်လေးတွေနဲ့အတူ စိုက်ပျိုးပုံ ပျိုးထောင်ပုံတွေကိုလမ်းညွှန်းထားတဲ့ကတ်ပြားလေးတွေလည်းထည့်ပေးထားတယ်။ ကိုယ်လက်ဆောင်ပေးချင်တဲ့သူအတွက် ပို့စ်ကတ်မှာအမှတ်တရစကားလက်ဆောင်ရေးပေးတဲ့ ဝန်ဆောင်မှုကိုလည်းအခမဲ့ရယူနိုင်ပါတယ်။

Facebook: Serendip

မဆုမြတ်လင်းနိုင်ရေးသားသော Serendip: Providing Plant Therapy for Your Soul အားမြန်မာဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here