365 Days မှာခပ်ကြမ်းကြမ်းခပ်ရမ်းရမ်းသရုပ်ဆောင်ခဲ့တဲ့ အီတလီမင်းသား Michele Morrone ဟာအပြင်မှာတော့ အရမ်းစိတ်နှလုံးနူးညံ့ပြီးမိသားစုကိုခင်တွယ်တဲ့ဖခင်တယောက်ဆိုတာ သင်သိပါသလား။
သူဟာ ၂၀၁၈ခုနှစ်လောက်မှာသူနဲ့ ၄နှစ်ကြာလက်တွဲခဲ့တဲ့ ဇနီးသည် Rouba Saadeh နဲ့ကွာရှင်းပြီးတော့စိတ်ဓာတ်တွေကျပြီး ရုပ်ရှင်လောကကိုစွန့်ခွာဖို့တောင်စဉ်းစားထားခဲ့ပါတယ်။
“ကျနော်အဲ့ဒီတုန်းကလူဦးရေ ၁၀၀၀ လောက်ပဲရှိတဲ့ရွာလေးတရွာမှာ ဥယျာဉ်စိုက်တဲ့အလုပ်လုပ်ဖို့တောင် စီစဉ်ခဲ့ပြီးပြီ။ [လင်မယားကွာရှင်းတဲ့စရိတ်တွေကြောင့်] ပိုက်ဆံလည်းမရှိတော့ဘူးလေ။ ဒါပေမယ့်ဘဝကဆန်းကျယ်တယ်ဗျ။ အနိမ့်ဆုံးရောက်အောင်ဆွဲချခဲ့ပြီးမှ အမြင့်ကိုပြန်တင်ပေးပြန်တယ်” လို့ လွန်ခဲ့တဲ့ ၂လလောက်က Instagram မှာရေးသားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲယုံကြည်မှုရှိဖို့လည်း သူ့ပရိသတ်တွေကိုအားပေးခဲ့ပါသေးတယ်။
365 Days ဟာဖေဖော်ဝါရီလက ပိုလန်မှာရုံတင်ခဲ့ပြီးနောက်ပိုင်း အရမ်းအောင်မြင်ခဲ့တာကြောင့် Netflix ကသူ့ website မှာပြသဖို့ဝယ်ယူခဲ့တယ်။ အဲ့ဒီကနေတဆင့်တကမ္ဘာလုံးကပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပြီး Morrone ဟာလည်း sex symbol ဖြစ်လာပါတော့တယ်။
သူ့ပရိသတ်ကောင်မလေးတွေက daddy လို့ချစ်စနိုးခေါ်ကြတဲ့ Morrone မှာ Marcus နဲ့ Brando ဆိုတဲ့သား ၂ယောက်ရှိတယ်။
၁၉၉၀ခုနှစ် အောက်တိုဘာ ၃ရက်နေ့မှာမွေးဖွားခဲ့တဲ့ Morrone ဟာ အရပ် ၆ပေ ၁လက်မခွဲရှိပါတယ်။ (သူ့နာမည်ကို မီခယ်လီ မိုရိုနေ လို့အသံထွက်ပါတယ်) သူ့မှာအစ်မ ၃ယောက်နဲ့ ညီတယောက်ရှိတယ်။ သူ့အဖေကတော့ ဆောက်လုပ်ရေးအလုပ်သမားတဦးဖြစ်ပြီး သူ့အသက် ၁၂နှစ်ကတည်းကကွယ်လွန်သွားခဲ့တာပါ။
သူဟာရုပ်ရှင်မင်းသားဆိုတာထက် ပြဇာတ်မင်းသားတယောက်ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတချို့မှာ မထင်မရှားသရုပ်ဆောင်ခဲ့ရပြီး 365 Days ကတော့သူ့ရဲ့အအောင်မြင်ဆုံးဇာတ်ကားလို့ဆိုရမှာပါ။ အဆိုတော် ဂစ်တာသမားတယောက်လည်းဖြစ်ပြီး Dark Room ဆိုတဲ့ album တချပ်ထုတ်ခဲ့ဖူးတယ်။ အဲ့ဒီအခွေထဲကသီချင်းတော်တော်များများ 365 Days မှာပါဝင်ခဲ့ပြီး နာမည်အကြီးဆုံးကတော့ Feel It ပဲဖြစ်ပါလိမ့်မယ်။
အခုတော့ကမ္ဘာတဝှမ်းကပရိသတ်တွေရဲ့အားပေးမှုရခဲ့ပြီဖြစ်တဲ့အတွက် ကားရိုက်တွေပိုလက်ခံလာရမယ်လို့ ထင်ပါတယ်။ 365 Days ကလည်းနောက်ဆက်တွဲရုပ်ရှင်တွေထွက်လာဦးမယ်လို့ကြားတယ်။
အခုအချိန်မှာတော့သူဟာ single father အဖြစ်နဲ့ပဲသူ့ကလေးတွေကိုအချိန်ပေးနေပါတယ်။ ဇနီးဟောင်း Rouba Saadeh နဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။
@iammichelemorroneofficial ကတော့သူ့ official Instagram ဖြစ်ပြီး အခုဆို follower ၇သန်းကျော်ရှိနေပါပြီ။