ဇူလိုင်လထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
Cursed (17 July)

မရိုးနိုင်တဲ့ Arthur ဘုရင်ရဲ့ဒဏ္ဍာရီကိုပဲ ကန်တော်ရှင်နတ်သမီး (Lady of the Lake) Nemui ရဲ့ရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ထားတာပါ။ Nemui အဖြစ် 13 Reasons Why မှာ Hannah Baker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Katherine Langford ကပါဝင်ထားတယ်။ အပိုင်း ၁၀ပိုင်းပါမယ့် ဒီဇာတ်လမ်းတွဲထဲမှာ Nemui နဲ့ Arthur တို့နှစ်ယောက်ဟာ Excalibur ဆိုတဲ့ဓားကို မှော်ဆရာ Merlin ဆီယူဆောင်သွားရင်း ကြမ်းကြုတ်ရက်စက်တဲ့ဘုရင် Uthur ကိုတော်လှန်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Frank Miller နဲ့ Tom Wheeler တို့ရဲ့ရုပ်ပြဝတ္ထုကိုအခြေခံထားတာဖြစ်ပါတယ်။
The Old Guard (10 July)

ဒီရုပ်ရှင်ကလည်း comic book အခြေခံဖြစ်ပြီး ထာဝရအသက်ရှင်တဲ့စစ်သည်တော်တွေအကြောင်း ရိုက်ကူးထားတာပါ။ Charlize Theron ကအဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားပြီး သူတို့ရဲ့စွမ်းအင်ကိုလိုချင်နေတဲ့အဖွဲ့အစည်းတခုနဲ့ရင်ဆိုင်တွေ့ရတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Superhero ဆန်ဆန်ခပ်ကြမ်းကြမ်းအက်ရှင်ကြိုက်သူတွေသဘောကျလိမ့်မယ်။
Ju-On: Origins (3 July)

ဂျပန်တစ္ဆေသရဲရုပ်ရှင် Ju-On ဟာ Ring ပြီးရင်တော့အအောင်မြင်ဆုံး franchise လို့ပြောရမယ်။ Ju-On: Origins မှာတော့ တကယ်အပြင်မှာဖြစ်ပျက်ခဲ့တဲ့ခြောက်ခြားဖွယ်ဖြစ်ရပ်တွေကို ဇာတ်လမ်းတွဲပုံစံနဲ့တင်ဆက်ထားမယ်လို့သိရတယ်။ နှစ်ဆန်းပိုင်းလောက်ကနောက်ဆုံးထွက်ခဲ့တဲ့ The Grudge ရုပ်ရှင်ဟာမအောင်မြင်ခဲ့တဲ့အတွက် ဒီဇာတ်လမ်းတွဲကတော့ franchise ကိုပြန်ကယ်တင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
How to Sell Drugs Online (Fast) (21 July)

ဟာသဇာတ်လမ်းကြိုက်တယ်ဆိုရင်တော့ ဒီဂျာမန်ဇာတ်လမ်းတွဲကိုကြည့်သင့်တယ်။ အရင်နှစ်က Season 1 ထွက်ရှိခဲ့ပြီးအရမ်းအောင်မြင်သွားတာကြောင့် ဒီနှစ်မှာ Season 2 ကိုထုတ်လွှင့်မှာဖြစ်ပါတယ်။ တကျောင်းလုံးရဲ့အပယ်ခံကျောင်းသားလေးတယောက်ဟာသူ့ချစ်သူနဲ့ပြန်အဆင်ပြေဖို့ သူငယ်ချင်းဖြစ်သူနဲ့အတူ online ကနေတဆင့် ecstasy ရောင်းရင်း တဖြည်းဖြည်းမူးယစ်ဆေးရောင်းဝယ်ရေးလောကထဲရောက်သွားပုံကို ဟာသလေးတွေနှောပြီးတင်ဆက်ထားတယ်။ ဂျာမနီနိုင်ငံ Leipzig မြို့မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တခုကို အခြေခံထားတယ်လို့သိရပါတယ်။
Dark Desire (15 July)

365 Days လို sexy ကျကျဇာတ်လမ်းမျိုးကြည့်ချင်ရင်တော့ စပိန်စကားပြောဇာတ်လမ်းတွဲ Oscuro Deseo ကိုညွှန်းတယ်။ အင်္ဂလိပ်လို Dark Desire လို့အမည်ပေးထားတဲ့ဒီဇာတ်လမ်းတွဲဟာ အိမ်ထောင်သည်အမျိုးသမီးတယောက်အပျော်ခရီးထွက်ရာကနေသူမဘဝတခုလုံးပြောင်းလဲသွားလောက်တဲ့ ဖြစ်ရပ်တခုနဲ့ကြုံတွေ့ခဲ့ရပုံကိုရိုက်ကူးထားပါတယ်။ စုံထောက်ရုပ်ရှင်ဆန်ဆန်လျှို့ဝှက်ချက်တွေ၊ ဆွဲဆောင်မှုရှိရှိချစ်ခန်းကြိုက်ခန်းတွေကိုမြင်ရမယ်။ တချို့ကလည်း ‘You’ Spanish version လို့ခေါ်နေကြပါတယ်။