“မြန်မာနိုင်ငံမှာချင်းပြည်နယ်ကဖွံ့ဖြိုးမှုအနောက်ကျဆုံးပြည်နယ်ဖြစ်နေရတဲ့အကြောင်းပြချက်က ကိုယ်ပိုင်ထုတ်ကုန်မရှိလို့ပါပဲ။ ဈေးကွက်ထဲကချင်းအဝတ်အထည်တွေရဲ့ ၈၀ရာခိုင်နှုန်းကျော်လောက်က ချင်းပြည်မှာချုပ်လုပ်တာမဟုတ်ဘဲ ကလေးနဲ့ဂန့်ဂေါလိုမြို့တွေကထွက်တာပါ။”
ဒီအကြောင်းကိုပြောပြလာသူကတော့ Aidii Weaving House ရဲ့တည်ထောင်သူ Anna Biak Tha Mawi ဖြစ်ပါတယ်။
ဟားခါးမှာမွေးဖွားခဲ့တဲ့ Anna ဟာ ၅နှစ်သမီးကတည်းကရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမရဲ့မိခင်ဟာ ချင်းလူမျိုးအိမ်နီးနားချင်းတွေကတဆင့်အဝတ်အထည်နဲ့စောင်တွေဝယ်ယူခဲ့တဲ့အတွက် ချင်းရိုးရာလက်ရက်ကန်းပညာနဲ့ ငယ်စဉ်ကတည်းကရင်းနှီးနေခဲ့သူပါ။ သူမရဲ့အဖွား ၂ယောက်လုံးကလည်း ကျွမ်းကျင်တဲ့ရက်ကန်းသည်တွေဖြစ်ပြီး သဘာဝဆိုးဆေးတွေကိုသုံးပြီးအဝတ်အထည်တွေချုပ်လုပ်ခဲ့ကြောင်း ပြောပါတယ်။

အင်္ဂလိပ်စာနဲ့ဘွဲ့ရခဲ့ပြီး Myanmar Institute of Theology ကနေ Liberal Arts programme သင်ကြားခဲ့တဲ့ Anna ဟာကျောင်းပြီးတော့ Yangon Film School ကိုတက်ရောက်ဖြစ်ခဲ့တယ်။ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ ၂၀၁၂ မှာဟားခါးကိုပြန်ခဲ့ရာကနေ Aidii ကိုတည်ထောင်ဖို့အကြောင်းဖန်လာပါတယ်။
“ရွာထဲကအမျိုးသမီးတွေဟာ ချင်းလက်ယက်ကန်း (back strap weaving) ထည်တွေကို မြို့တက်ပြီးတဆိုင်ဝင်တဆိုင်ထွက်လိုက်ရောင်းပေမယ့် တခါတလေတထည်မှမရောင်းရဘဲပြန်လာခဲ့ရတယ်။ ယက်ကန်းပညာနဲ့အသက်မွေးဖို့ခက်ခဲလာတော့ ပညာရှင်တွေကမျိုးဆက်သစ်တွေကို ပညာလက်ဆင့်မကမ်းပေးတော့ဘူး။ ပြီးတော့ချင်းလူမျိုးအစစ်မဟုတ်တဲ့သူတွေက ချင်းရိုးရာအဆင်ဒီဇိုင်းတွေကို ဗမာချိတ်ထည်တွေနဲ့ပေါင်းစပ်တာမျိုးတွေလုပ်လာတော့ ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတဖြည်းဖြည်းပျောက်ကွယ်လာတော့တာပေါ့။”
ဒီလိုနဲ့ချင်းရိုးရာအမွေအနှစ်တွေကိုစောင့်ရှောက်ဖို့ရည်ရွယ်ပြီး လက်ရက်ကန်းပညာရှင် ၁၃ယောက်နဲ့ Aidii ကို ၂၀၁၄ခုနှစ်မှာတည်ထောင်ဖြစ်ခဲ့ပါတယ်။ ပညာရှင်လူငယ်တွေအတွက်တဘက်တလမ်းကဝင်ငွေရှာပေးဖို့လည်းရည်ရွယ်တယ်။

လွန်ခဲ့တဲ့နှစ် ၆၀လောက်ကတော့လက်ချုပ်ပိုးထည်နဲ့ ချည်ခင်တွေကိုပြည်နယ်တွင်းမှာပဲထုတ်လုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ပြည်တွင်းမှာမထုတ်တော့တာကြောင့်အိန္ဒိယက terry cotton နဲ့ တရုတ်နဲ့ထိုင်းနိုင်ငံက ချည်ခင်တွေကိုဝယ်ယူလာရကြောင်း Anna ကဆိုတယ်။ ၂၀၁၈ခုနှစ်ကစပြီး Anna ဟာမြန်မာနိုင်ငံအလယ်ပိုင်းကချည်ခင်တွေကိုဝယ်ယူရင်း ၁၀၀ရာခိုင်နှုန်းပြည်တွင်းဖြစ်ထုတ်ကုန်တွေထုတ်လုပ်ခဲ့ပါတယ်။
ရက်ကန်းရက်တဲ့အခါ ရစ်လုံးမှာချည်တွေတပ်ဖို့အရင်ပြင်ရပါတယ်။ ချင်းရိုးရာရက်ကန်းက တုတ်ချောင်း ၂ချောင်းမှာချည်တွေကိုဒေါင်လိုက်တပ်ဆင်ပြီးရက်လုပ်တာပါ။ ပြည်တွင်းမှာသဘာဝဆေးဆိုးထားတဲ့ ချည်ခင်တွေကိုမာသွားအောင် ဆန်ဆေးရေစိမ်ပြီးအခြောက်လှန်းရပါတယ်။ ပြီးတော့မှရစ်လုံးမှာတပ်ဆင်ပြီး ရက်လုပ်ပါတယ်။ လိုင်မျိုးနွယ်စုဝတ်စုံတစုံချုပ်ဖို့ ၃-၄ လလောက်အချိန်ယူရပြီး ဒီဇိုင်းပေါ်မူတည်ပြီး ဝတ်စုံတစုံကို ၁၀ရက်ကနေ ၆လအထိကြာတတ်ပါတယ်။
Aidii Collections မှာတော့ ချင်းရိုးရာဝတ်စုံ၊ readymade အဝတ်အထည်တွေနဲ့ zero-waste အသုံးအဆောင်ပစ္စည်းတွေရနိုင်ပါတယ်။ ငွေထည်လက်ဝတ်လက်စားတွေကိုလည်းထုတ်လုပ်ပါတယ်။ ဈေးနှုန်းအနေနဲ့ပစ္စည်းအရည်အသွေးနဲ့ဒီဇိုင်းပေါ်မူတည်ပြီး ကျပ် ၁၀၀၀ ကနေ ၁၅သိန်းလောက်အထိရှိပါတယ်။

Covid-19 ဟာ Aidii အပေါ်လည်းသက်ရောက်မှုရှိခဲ့ပါတယ်။ အရင်က Aidii မှာအလုပ်လုပ်တဲ့ရက်ကန်းသည် ၁၀ဦးရှိပြီး အိမ်ကနေအလုပ်လုပ်တဲ့ရက်ကန်းသည် အယောက် ၈၀ကျော်ရှိခဲ့တယ်။ အခုအချိန်မှာတော့ Aidii အတွက်အလုပ်လုပ်နေတဲ့ရက်ကန်းသည်အားလုံးပေါင်း ၂၀လောက်ပဲရှိပါတော့တယ်။
“Aidii ကအဝတ်တထည်ကိုဝယ်ယူလိုက်တိုင်း ချင်းပြည်နယ်ကရက်ကန်းပညာရှင်တွေကိုကူညီရာရောက်သလို ချင်းလူမျိုးတွေရဲ့ရိုးရာအမွေအနှစ်ကိုလည်းထိန်းသိမ်းပေးရာရောက်ပါတယ်။ သင့်အားပေးမှုကြောင့်ဒီလူငယ်တွေရဲ့ဘဝအိမ်မက်တွေအကောင်အထည်ပေါ်လာနိုင်ပြီး သူတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုတာသတိရပါ” လို့ Anna ကဆိုပါတယ်။
Aidii ထုတ်ကုန်တွေကိုအင်းစိန်လမ်းပေါ်က Aidii ရုံးခွဲမှာဝယ်ယူအားပေးနိုင်သလို Facebook ကနေလည်း delivery နဲ့မှာယူနိုင်ပါတယ်။
142, Za Hoe Road (Matupi Road), Hakha, Chin State (Aidii Weaving House)
72, 2nd Floor, Insein Road (San Yeik Nyein Bus Stop), Yangon (Yangon Office)
Facebook: @AidiiWeavingHouse