မြန်မာနိုင်ငံမှာ fast fashion ရေစီးကြောင်းခေတ်စားနေတာကြာပါပြီ။ အဝတ်အစားတွေကိုအချိန်တိုအတွင်းမှာအမြောက်အများထုတ်လုပ်မယ်။ ပြီးရင်ဈေးသက်သက်သာသာနဲ့ဈေးကွက်တင်မယ်။ ဈေးနှုန်းချိုသာတယ်ဆိုတာကောင်းပေမယ့် တဘက်မှာလည်းအဝတ်အထည်ကဏ္ဍကကမ္ဘာကြီးအပေါ်ဆိုးကျိုးတွေပေးနိုင်တာကိုတော့မမေ့သင့်ပါဘူး။
စာရင်းအချက်အလက်တွေအရနှစ်စဉ်သမုဒ္ဒရာတွေထဲ microplastics တန်ချိန်တသန်းလောက်ဝင်ရောက်လျက်ရှိပြီး ဒီထဲက ၃၅ရာခိုင်နှုန်းဟာလူလုပ်အထည်အလိပ်တွေကိုလျှော်ဖွတ်ရာကနေထွက်လာတဲ့ microplastics တွေဖြစ်ကြောင်းသိရပါတယ်။
MYANMORE+ အနေနဲ့ slow fashion လို့ခေါ်တဲ့ဖက်ရှင်ရေစီးကြောင်းကိုဖော်ပြပေးလျက်ရှိပါတယ်။ ဒီကဏ္ဍမှာဆိုရင်အဝတ်အထည်တွေကိုသဘာဝပစ္စည်းတွေနဲ့သာချုပ်လုပ်ပြီး ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင်စဉ်းစားတဲ့ဖက်ရှင်လုပ်ငန်းတွေနဲ့ပရိသတ်ကိုမိတ်ဆက်ပေးသွားမှာပါ။ Willow Clothing ဆိုတဲ့အမှတ်တံဆိပ်ဟာဒီလမှပြည်တွင်းဈေးကွက်ကိုရောက်လာတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ဖက်ရှင်တွေကိုဘယ်လိုစိတ်ကူးနဲ့ဖန်တီးမလဲဆိုတာ Willow ရဲ့ပဲ့ကိုင်ရှင် ၂ဦးကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာပါခင်ဗျ။ အရင်ဆုံး Willow အကြောင်းပြောပြပေးပါ။
ကျမက Willow ရဲ့ CEO နီနီမြင့်ပါ။ ဒါကတော့ Creative Director မနန္ဒာခင်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာကျမ ဆစ်ဒနီကပြန်လာတော့ ပြည်တွင်းဈေးကွက်မှာကလေးတွေနဲ့မိဘတွေအတွက်ဈေးသက်သာပြီးရိုးရိုးရှင်းရှင်းနဲ့ အရည်အသွေးကောင်းတဲ့အဝတ်အထည်တွေရှာရတာတော်တော်ခက်မှန်းသတိထားမိတယ်။ အဲ့ဒါနဲ့ကျမလည်းမနန္ဒာနဲ့ဆွေးနွေးကြည့်တော့သူကလည်းဒီပြဿနာရှိနေတယ်ဆိုတာသဘောပေါက်တယ်ပေါ့နော်။ နန္ဒာကအဝတ်အထည်လုပ်ငန်းမှာနှစ်အတော်ကြာလုပ်ကိုင်နေသူပါ။ အဲ့ဒါနဲ့ကျမတို့လည်းကလေးမိဘတွေနဲ့ အင်တာဗျူးရင်း research တွေလုပ်ရင်းဒီလုပ်ငန်းအတွက်စဉ်းစားဖြစ်ခဲ့တယ်ပေါ့။
ကျမတို့ ၂ယောက်လုံးက fast fashion ကိုမကြိုက်ဘူး။ ပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့စွန့်ပစ်ပစ္စည်းတွေကိုလည်း မထုတ်ချင်ဘူး။ ပြီးတော့အရေအတွက်ထက် အရည်အသွေးကပိုအရေးကြီးတယ်လို့လည်းထင်တယ်လေ။ အဲ့ဒါနဲ့ရိုးရိုးလေးနဲ့လှတဲ့အဝတ်အထည်တွေကိုပဲဒီဇိုင်းဆွဲပြီးထုတ်ဖို့စိတ်ကူးရပါတယ်။ ရိုးရှင်းတော့ဘယ်နေရာပဲဖြစ်ဖြစ်ဝတ်လို့ရပြီး ကြာလို့ရိုးသွားတယ်ဆိုတာလည်းမရှိဘူးလေ။ အဲ့ဒါနဲ့ပဲကျမတို့စိတ်ကူးနဲ့ဈေးကွက်ရဲ့လိုအပ်ချက်ကိုက်ညီမယ့်ဒီလုပ်ငန်းလေးကိုလုပ်ဖြစ်သွားတာပါ။
Willow ရဲ့ first collection ကိုကျနော်တို့တွေ့ပြီးသွားပါပြီ။ တကယ်လည်းရိုးရိုးလေးနဲ့ကျက်သရေရှိပါတယ်။ ဘယ်လို inspiration နဲ့ဖန်တီးဖြစ်ခဲ့တာလဲဗျ။
ကျမတို့အလေးထားတဲ့စံနှုန်း ၅ခုရှိပါတယ်။ ပြင်ရဆင်ရတာကရိကထမများရဘူး။ ရိုးရှင်းရမယ်။ ခဏဝတ်ပြီးရိုးသွားတဲ့ဒီဇိုင်းမဟုတ်ဘဲအချိန်တိုင်းကြည့်ကောင်းနေရမယ်။ နေရာမရွေးရာသီမရွေးဝတ်နိုင်ရမယ်။ အရည်အသွေးကောင်းရမယ်။ ဒါကကျမတို့အမြဲကျင့်သုံးတဲ့စံနှုန်းတွေပါ။
အဝတ်အထည်တွေချုပ်လုပ်တဲ့နေရာမှာလည်းဒီဇိုင်းဆွဲတာကနေအစ အထည်စရွေးတာအဆုံးဒီစံနှုန်းတွေနဲ့အညီဆောင်ရွက်ပါတယ်။ ကျမတို့ရဲ့လီနင်နဲ့ချည်ထည်တွေဆိုရင် မြန်မာနိုင်ငံရာသီဥတုနဲ့ကိုက်ညီပြီး ရာသီမရွေးဝတ်လို့ရတယ်။ Shirt dress ဆိုရင်လည်းဒီဇိုင်းကရိုးရိုးရှင်းရှင်းလေးမို့ နေရာဒေသအလိုက်စိတ်ကြိုက်ပြင်ဆင်ပြီးဝတ်လို့ရတယ်။ လက်ခေါက်ဝတ်မလား၊ ကြယ်သီးတပ်မလား၊ ညှပ်ဖိနပ်နဲ့ဝတ်မလား၊ ဒေါက်လေးနဲ့ဝတ်မလား။ ကိုယ်စိတ်ကူးရသလိုဖန်တီးပြင်ဆင်လို့ရပါတယ်။ သားသားရောမီးမီးရောဝတ်နိုင်တဲ့ onesie လေးတွေလည်းရှိပါတယ်။

ကုန်ကြမ်းတွေကိုဘယ်ကယူသလဲခင်ဗျ။
ပြည်တွင်းဖြစ်ကုန်ကြမ်းတွေကိုတတ်နိုင်သလောက်အသုံးပြုဖို့ကြိုးစားပါတယ်။ လတ်တလောမှာတော့အရည်အသွေးပိုင်းအရမ်းဂရုစိုက်နေရတဲ့အတွက် အထည်စကိုနိုင်ငံခြားကမှာတယ်။ ထိုင်းကစက်ရုံတွေကနေမှာတာတွေလည်းရှိတယ်။ ထုပ်ပိုးမှုအတွက်သုံးတဲ့ပစ္စည်းတွေအပါအဝင်ကုန်ကြမ်းအများစုကိုတော့ပြည်တွင်း supplier တွေကနေပဲယူပါတယ်။
အခုလတ်တလောဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါသလဲ။
ကိုဗစ်တွေဖြစ်နေတော့သယ်ယူပို့ဆောင်ရေးတွေကတော့တော်တော်လေးခက်ခဲတယ်ရှင့်။ နောက်ပြီး product တွေရဲ့အရည်အသွေးကိုထိန်းသိမ်းဖို့နဲ့မြှင့်တင်ဖို့ပြည်တွင်းမှာပညာရှင်နည်းပါးနေသေးတာလည်းစိန်ခေါ်မှုတခုပါ။ ပြီးတော့ဈေးကွက်လိုအပ်ချက်တွေကလည်းအရမ်းအပြောင်းအလဲမြန်တယ်လေ။ ဖောက်သည်တွေရဲ့ထင်မြင်ချက်ကိုအမြဲသတိထားနားထောင်ဖြစ်ပါတယ်။
ပြည်တွင်းဈေးဝယ်သူအများစုက fast fashion နဲ့ရင်းနှီးနေတော့ Willow လို brand တွေဆိုရင် ဈေးအရမ်းကြီးမယ်လို့ထင်တတ်ကြတယ်လေ။ အရည်အသွေးလည်းကောင်းပြီး အများစုလက်လှမ်းမီတဲ့ဈေးနှုန်းတခုဖြစ်အောင်ဘယ်လိုထိန်းသိမ်းပါသလဲ။
ကျမတို့ရဲ့အဝတ်အထည်တွေကဈေးအရမ်းကြီးတဲ့အထဲတော့မပါပါဘူးရှင့်။ ဈေးကွက်တခုလုံးကိုသေချာလေ့လာကြည့်မယ်ဆိုရင်ကျမတို့သတ်မှတ်ထားတဲ့ဈေးနှုန်းက ဈေးကွက်ပေါက်ဈေးထက်တောင်နိမ့်နေတာကိုတွေ့ရမှာပါ။ ဈေးနှုန်းချိုချိုသာသာနဲ့ရောင်းနိုင်ဖို့ ကုန်ကြမ်းတွေကိုတတ်နိုင်သလောက်ပြည်တွင်းကပဲယူတယ်။ ပြည်တွင်းပညာရှင်တွေကိုပဲမြေတောင်မြှောက်ပေးတယ်။ Deloitte လိုကုမ္ပဏီတွေရဲ့သုတေသနစာတမ်းတွေကိုလေ့လာပြီး မြန်မာနိုင်ငံရဲ့ဝင်ငွေအပိုင်းအခြားအလိုက် လက်လှမ်းမီတဲ့ဈေးနှုန်းကိုသတ်မှတ်ပါတယ်။ ကျမတို့သုံးထားတဲ့ကုန်ကြမ်းတွေ၊ ဒီဇိုင်းပုံစံတွေနဲ့ယှဉ်လိုက်ရင် ပေးရတာနဲ့တန်တယ်ဆိုတဲ့ product ကောင်းတွေရဖို့ကြိုးစားထားပါတယ်။ ဈေးနှုန်းမှာကော အမျိုးအစားမှာပါ ဈေးကွက်ကိုဦးဆောင်နိုင်ဖို့လည်းအမြဲတမ်းတီထွင်ဆန်းသစ်နေပါတယ်။


စားသုံးသူတွေအနေနဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်တွေကိုအားပေးရင်း တဘက်ကလည်းပတ်ဝန်းကျင်ကိုမထိခိုက်တဲ့နည်းလမ်းတွေနဲ့ဘယ်လိုကူညီပေးနိုင်မယ်လို့ထင်လဲ။
ကျမတို့ထုတ်ကုန်ရဲ့စံနှုန်းတွေကိုဖောက်သည်တွေဆီအရောက်ပို့ပေးနိုင်ဖို့ရည်ရွယ်ပါတယ်။ စားသုံးသူတွေအနေနဲ့ကလည်းနိုင်ငံခြားဖြစ်အထည်တွေဝယ်မယ့်အစားပြည်တွင်းထုတ်ကုန်တွေကိုအားပေးရင် နိုင်ငံစီးပွားရေးတက်လာမှာဖြစ်သလို supplier ဈေးကွက်လည်းပိုကျယ်ပြန့်လာမှာပါ။ ကျမတို့ထုပ်ပိုးရာမှာသုံးတဲ့ကုန်ကြမ်းတွေထဲပလတ်စတစ်လုံးဝမပါပါဘူး။ အသုံးမလိုလို့လွှင့်ပစ်ရတယ်ဆိုတာမျိုးမဖြစ်အောင်လည်းစီစဉ်ထားတယ်။ ဥပမာ အဝတ်အစားထည့်တဲ့ ကတ်ထူဘူးထဲအိမ်သုံးပစ္စည်းအတိုအထွာလေးတွေထည့်နိုင်တယ်။ အဝတ်ပတ်တဲ့စက္ကူချပ်ဆိုရင်လည်း အဝတ်အထည်တွေအပေါ်ဖုန်မတင်အောင်အပေါ်ကအုပ်နိုင်တယ်။ ကျမတို့ရဲ့တံဆိပ်ကတ်ပြားကိုတောင် bookmark အဖြစ်သုံးနိုင်ပါသေးတယ်။
အပ်ထည်တွေလက်ခံဖို့ကောစိတ်ကူးရှိလားဗျ။
အပ်ထည်တွေချုပ်တာထက်ခန္ဓာကိုယ်အချိုးအစားအမျိုးမျိုးနဲ့လိုက်ဖက်မယ့်၊ နေရာဒေသအမျိုးမျိုးနဲ့လိုက်ဖက်မယ့်အဝတ်အထည်တွေကိုပဲဖန်တီးသွားဖို့စိတ်ကူးပါတယ်။
Willow နဲ့ပတ်သက်ပြီးအနာဂတ်မှာဘာတွေရည်မှန်းထားပါသလဲ။
ရိုးရိုးလေးနဲ့လှပြီးအရည်အသွေးလည်းကောင်းတဲ့ လူတန်းစားမရွေးလက်လှမ်းမီတဲ့အဝတ်အထည်တွေကိုဖန်တီးရောင်းချရင်း ဈေးကွက်ကိုဦးဆောင်နိုင်ဖို့ပါ။ ကျမတို့ရဲ့အဝတ်အထည်လေးတွေကိုဝတ်ရင်းမိသားစုဝင်အချင်းချင်းကြား သံယောဇဉ်တွေပိုမိုခိုင်မာလာစေဖို့လည်းမျှော်လင့်ပါတယ်။ အဓိကရည်မှန်းချက်ကတော့နိုင်ငံတကာဈေးကွက်အထိဖောက်နိုင်ဖို့ပါပဲရှင်။
ဓာတ်ပုံများသည် Willow Clothing မူပိုင်ဖြစ်ပါသည်။ Facebook မှာနောက်ဆုံးထွက် collection များကိုကြည့်ရှုနိုင်ပြီး website မှာဈေးဝယ်လို့ရပါတယ်။



